News

POST TYPE

ENTERTAINMENT

နေတိုးနဲ့ တွေ့ဆုံခြင်း
23-Apr-2018



“ကျွန်တော်တို့ရိုက်တဲ့ ဇာတ်ကားတွေ၊ ပြောနေတဲ့စကားတွေက ပရိသတ်ကို ကြည့်ချင်လာအောင် ပြောတယ်ဆိုတာထက် ကျွန်တော်တို့လုပ်တဲ့အလုပ်တစ်ခုအပေါ်မှာ ပရိသတ်အတွက် တန်ဖိုးထားပြီးတော့ လုပ်နေတာပါ”

ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “မုန်းလို့ရရင် မုန်းချင်တယ်” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်နေတိုးနဲ့တွေ့ဆုံပြီး ဇာတ်ကားအကြောင်း၊ ဇာတ်ရုပ်အကြောင်းနဲ့အတူ ၂၀၁၈ ခုနှစ်ထဲမှာ ရုံတင်ပြသနိုင်အောင် ကြိုးစားနေတဲ့ Rose Rider ရုပ်ရှင်ကားအကြောင်း အပြည့်အစုံကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “မုန်းလို့ရရင် မုန်းချင်တယ်” ရုပ်ရှင်ကားက ရိုက်ထားတာ နည်းနည်းကြာပြီဆိုတော့ လက်ရှိအနေအထားနဲ့ ကွာဟသွားမှာ စိုးရိမ်စိတ်ဖြစ်မိလား။ 
NT : ဒီကားက ကျွန်တော်တို့ရိုက်ခဲ့တဲ့ အချိန်ကာလနဲ့ဆိုရင်တော့ နည်းနည်းလေး ရုံတင်ဖို့ နောက်ကျနေတဲ့ ကားတစ်ကားလို့ပြောရင် ရတယ်။ ဒါပေမဲ့ လက်ရှိအနေအထားတစ်ခုမှာ ဒီကားရဲ့ Trailer ကို အွန်လိုင်းမှာ ပရိသတ်က ပြန်ပြီးတော့ စိတ်ဝင်စားမှုတွေ့ရတော့ ကျွန်တော်တို့အတွက် အသစ်တစ်ခုလို၊ လတ်ဆတ်မှုတစ်ခုကို ပြန်ခံစားရတယ်။ နောက်တစ်ခုက ဒီကားရဲ့ဇာတ်လမ်းပုံစံက မပြည့်စုံခင်မှာ အိမ်ထောင်ကျသွားတာကြောင့် ရုန်းကန်ရတဲ့ လင်မယားနှစ်ယောက်အကြောင်းကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်၊ ဘဝတစ်ခု ပြည့်စုံဖို့အတွက်ဆိုရင် ငွေရေးကြေးရေးကလည်း အရေးကြီးသလို ချစ်ခြင်းမေတ္တာကလည်း အရေးပါတယ်ဆိုတာကို အဓိကထည့်သွင်းရိုက်ကူးထားပါတယ်။ ဒီကားက မင်းသားနဲ့ မင်းသမီး ညားထားပြီးသား ဇာတ်လမ်းတစ်ခုကိုမှ ပရိသတ်ကို ဆွဲဆောင်မှုရှိအောင် လုပ်ရတဲ့ဇာတ်လမ်းဖြစ်တော့ ရိုက်ကူးရတဲ့ ဒါရိုက်တာပိုင်းမှာရော ဇာတ်ညွှန်းပိုင်းမှာပါ ခက်ခဲမှုရှိပါတယ်။ 

Voice : တေးရေးဆရာတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ဇာတ်ဝင်သီချင်းတွေကို ဝင်ဆိုထားသေးလား။ 
NT : ဒီကားမှာ ကျွန်တော်က အရင်တုန်းက ကောင်မလေးနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့သီချင်းတစ်ပုဒ်ကိုတော့ ကိုယ်တိုင်ဆိုထားပါတယ်။ တခြားပါတဲ့ သီချင်းတွေကိုတော့ ပြိုင်ပွဲက အဆိုတော်လေးတွေက ဆိုထားတာပါ။ နောက်တစ်ခုက ဒီကားက အိမ်ထောင်ရေးတစ်ခုကို အဓိကအခြေခံထားပေမယ့် သီချင်းရေးဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းလည်းပါတော့ တေးရေးဆရာတစ်ယောက်အနေနဲ့ အောင်မြင်လာရင်ကြုံတွေ့ရမယ့် အကြောင်းအရာလေးတွေကိုလည်း ထည့်ရိုက်ထားတယ်။ ဥပမာ- သီချင်းတစ်ပုဒ်က အောင်မြင်ပြီဆိုရင် အဲ့ဒီသီချင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိတယ်ဆိုတာကိုလည်း ပြထားတယ်။ သီချင်းတစ်ပုဒ်အောင်မြင်ဖို့အတွက် တေးရေးဆရာတစ်ယောက်က ဘယ်လောက်ထိ ရင်ကွဲခံထားရတယ်ဆိုတာကအစ ရိုက်ပြထားတယ်။ သီချင်းတစ်ပုဒ်က တေးရေးဆရာတစ်ယောက်ရဲ့ ဘဝတစ်ခုလည်းဖြစ်နိုင်တယ်ဆိုတာမျိုးကို ပြထားတာဆိုတော့ ပရိသတ်တွေအတွက် ရသတစ်မျိုးတော့ ဖြစ်စေမှာပေါ့နော်။ 

Voice : Rose Rider ရုပ်ရှင်ကားကလည်း တည်းဖြတ်နေတဲ့ အဆင့်ရောက်နေပြီဆိုတော့ ကိုယ်ကိုယ်တိုင်ပြန်ကြည့်ဖြစ်လား၊ ဇာတ်ကားအပေါ် သုံးသပ်ပေးပါဦး။
NT : ဒီကားရဲ့နာမည်ဖြစ်တဲ့ Rose Rider ဆိုတာက အငြိမ့်ကနေ ဆင်းသက်လာတာပေါ့နော်။ အဲ့ဒါကြောင့် ဒီကားကို တည်ဆောက်တဲ့အချိန်မှာ အငြိမ့်ရဲ့ အရသာကို ထည့်ချင်တယ်၊ ဇာတ်ရုပ်တစ်ခုမှာသော်လည်းကောင်း၊ ဇာတ်လမ်းကို ဖွဲ့စည်းတဲ့နေရာမှာသော်လည်းကောင်း ထည့်ချင်တော့ ကိုယ်တွေဖြစ်ချင်တဲ့ ဇာတ်လမ်းပုံစံမျိုးကို အရင်ရွေးခဲ့တယ်။ ကျွန်တော်တို့က ဇာတ်လမ်းတစ်ခုကို ဝယ်ရိုက်တာမျိုး မဟုတ်ဘူးပေါ့နော်။ ဒီကားမှာ ကျွန်တော်ဆိုလည်း DOP အနေနဲ့ပါဝင်တယ်၊ ကိုကြံ့ဆိုလည်း လက်ထောက်ဒါရိုက်တာအနေနဲ့ ပါဝင်တယ်၊ ကိုကျော်ဆိုလည်း Music ဒါရိုက်တာအနေနဲ့ ပါဝင်ထားတယ်၊ ရဲလေးဆိုလည်း ဒီကားထဲမှာပါတဲ့ ဇာတ်ဝင်သီချင်း နှစ်ပုဒ်လောက်ကို ရေးထားတယ်။ အဲ့ဒါကြောင့် ဒီကားကတော့ ထူးခြားမှု တစ်ခုမဟုတ်တစ်ခု ပရိသတ်ကိုပေးနိုင်မယ်လို့တော့ ယုံကြည်ထားပါတယ်။ 

Voice : “Rose Rider” ရုပ်ရှင်ကားအပေါ် ကိုယ်ကိုယ်တိုင်က ဘယ်လောက်ထိမျှော်လင့်ထားလဲ။ 
NT : အမှန်အတိုင်းပြောရရင် ပရိသတ်က ကျွန်တော်တို့ရဲ့ ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်ရတဲ့အချိန်မှာသော်လည်းကောင်း၊ အင်တာဗျူးတစ်ခုကို နားထောင်လိုက်ရတဲ့အချိန်မှာသော်လည်းကောင်း ကျွန်တော်တို့လျှို့ဝှက်ရင် လျှို့ဝှက်ထားသလောက် သူတို့စိတ်ဝင်စားမှုရှိတယ်၊ ကျွန်တော်တို့ ဖွင့်ဟရင်ဖွင့်ဟသလောက် သူတို့ရဲ့ ဉာဏ်နဲ့ စဉ်းစားပြီးတော့မြင်ကြည့်တယ်။ အဲ့ဒါကြောင့် ပရိသတ်တိုင်းမှာ မျှော်လင့်ချက်တွေအများကြီးရှိတယ်။ ကျွန်တော်တို့ ပရိသတ်ဖြစ်ခဲ့တုန်းကလည်း ရှေ့မှာရှိတဲ့ ရုပ်ရှင်ကားတွေ ကြည့်တယ်၊ မဂ္ဂဇင်းတွေက အင်တာဗျူးတွေဖတ်ပြီးတော့ ကားထွက်လာရင် ဘယ်လိုမျိုး ထွက်လာမလဲဆိုပြီး မျှော်လင့်မိတာပဲ။ လက်ရှိမှာတော့ ကျွန်တော်တို့ ရိုက်တဲ့ဇာတ်ကားတွေ၊ ပြောနေတဲ့စကားတွေက ပရိသတ်ကိုကြည့်ချင်လာအောင် ပြောတယ်ဆိုတာထက် ကျွန်တော်တို့လုပ်တဲ့ အလုပ်တစ်ခုအပေါ်မှာ ပရိသတ်အတွက် တန်ဖိုးထားပြီးတော့ လုပ်နေတာပါ။ အဲ့ဒါကြောင့် Rose Rider ရုပ်ရှင်ကားက ကြည့်ရတဲ့အချိန်မှာ ပရိသတ်က မျှော်လင့်ထားတဲ့ မျှော်လင့်ချက်ထက်ကို ပိုပြီးတော့ သာလွန်တဲ့ အနုပညာရသကို ပေးနိုင်တဲ့ကားတစ်ကားဖြစ်အောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒီကားကို ၂၀၁၈ ခုနှစ်ထဲမှာ ရုံတင်နိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ 

Voice : လတ်တလောရိုက်ကူးနေတဲ့ “တိမ်ခိုမိုး” ရုပ်ရှင်ကားမှာ ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်ပုံစံကိုလည်း ပြောပြပေးပါဦး။ 
NT : ဒီကားမှာ ကျွန်တော်က ဆေးကျောင်းသားတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူက ကိုယ်နဲ့ ထိစပ်နေတဲ့ အရာမှန်သမျှ၊ သက်ရှိ၊ သက်မဲ့အစုံအပေါ်မှာ အရမ်းကိုခံစားလွယ်တယ်။ သူက ပျော်ရွှင်မှုကို အမြဲတမ်းလိုလားနေတဲ့ လူတစ်ယောက်ပေါ့နော်။ ကိုယ်ကိုယ်တိုင်ပျော်ရွှင်ဖို့ထက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ ပျော်ရွှင်မှုကို ပိုလိုလားတဲ့ လူတစ်ယောက်ပုံစံမျိုးပါ။ ဒီကားကတော့ ဆေးကျောင်းတက်နေတဲ့ အချိန်ကာတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အခြေခံထားတဲ့ကားပါ။ ဒီကားရဲ့ ဇာတ်လမ်းကိုဖတ်ကြည့်တဲ့အချိန်မှာကတည်းက အနုပညာနဲ့ပတ်သက်ပြီးတော့ ထူးခြားတဲ့ လုပ်ဆောင်ချက်လေးတွေပါတယ်။ နောက်တစ်ခုက တကယ်ကို နှစ်နှစ်ကာကာနဲ့ ရင်ထဲကနေ အသေးစိတ်လုပ်ရမယ့် သရုပ်ဆောင်ခွင့်ရမယ့် ကားတစ်ကားဖြစ်တာကြောင့် လက်ခံပြီး ရိုက်ကူးဖြစ်တာပါ။ 

Voice : ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်တာဆိုတော့ သရုပ်ဆောင်ရတဲ့ စိတ်ခံစားမှုက ဘယ်လိုရှိလဲ။
NT : ကျွန်တော်ရိုက်ခဲ့တဲ့ Romance ကားတွေ တော်တော်များများရှိခဲ့ပါတယ်။ ဒီကားကတော့ ကျွန်တော်တို့ ပုံမှန်ရိုက်နေကျ Romance ကားတွေနဲ့မတူဘဲနဲ့ တကယ့်ကို စိတ်အတွင်းထဲကနေမှ ခံစားမှုတွေပါမယ်။ စကားလုံးတွေနဲ့မဟုတ်ဘဲနဲ့ အပြုအမူတွေနဲ့ မေတ္တာတရားကိုဖော်ကြူးတဲ့ကားလေးဖြစ်တော့ ပရိသတ်လည်း ကြိုက်နှစ်သက်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရိုက်ဖြစ်တာပါ။ ဇာတ်ရုပ်ပိုင်းကတော့ ကျွန်တော်လုပ်ဖူးနေကျဇာတ်ရုပ်ပါပဲ။ ဒါပေမဲ့ စိတ်ခံစားမှုအရကတော့ ခံစားမှုအသစ်၊ သရုပ်ဆောင်မှုအသစ်ပေါ့နော်။ 

ဝင်းထွန်းနိုင်