News

POST TYPE

ENTERTAINMENT

ခရစ္စတီးနားခီနဲ့ တွေ့ဆုံခြင်း
23-Apr-2018



“မိန်းမတွေ ထက်ထက်မြက်မြက်ဖြစ်လို့ရှိရင် လူ့အဖွဲ့အစည်းက သိပ်လက်မခံချင်တာလေးတွေလည်း တွေ့ရပါတယ်”

မြန်မာ့ရုပ်ရှင်လောကကို ရိုက်ခတ်စေခဲ့တဲ့ “ဥပါယ်တံမျဉ်”၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ အမျိုးသမီး ဒါရိုက်တာခရစ္စတီးနားခီကို မြန်မာ့အသိဉာဏ် ပစ္စည်းစောင့်ရှောက်ရေးအဖွဲ့ကနေပြီး “Women In Innovation And Creativity Award” ချီးမြှင့်ခဲ့ပါတယ်။ ယင်းအကြောင်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခစ္စတီးနားခီကို The Voice က တွေ့ဆုံမေးမြန်းထားပါတယ်။ 

Voice : မြန်မာ့အသိဉာဏ်ပစ္စည်း စောင့်ရှောက်ရေးအဖွဲ့ကနေပြီး “Women In Innovation And Creativity Award” ချီးမြှင့်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲ။
CK : ဒီဆုကိုရခဲ့တဲ့အတွက် အမှန်အတိုင်းပြောရရင် အံ့ဩပြီးတော့ ဝမ်းသာမိပါတယ်။ အစ်မတို့ မိန်းမတွေကို အခုလို ဆုချီးမြှင့်ခံရတဲ့အဆင့်မျိုးဆိုတာ ကမ္ဘာပေါ်မှာ ရှားလည်းရှားပါတယ်။ နောက်တစ်ခုကလည်း အမျိုးသမီး ဒါရိုက်တာဆိုတာ ရှားတယ်ပေါ့။ ဟောလိဝုဒ်မှာတောင် လေးရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာတောင် အမျိုးသမီးဒါရိုက်တာဆိုတာ အရမ်းရှားပါသေးတယ်။ အဲ့ဒါကို အသိအမှတ်ပြုတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

Voice : အစ်မလက်ခံထားတဲ့ အမျိုးသမီးတစ်ယောက်မှာရှိတဲ့ Power က ဘာများဖြစ်မလဲ။
CK : အစ်မတော့ မိန်းမ Power၊ ယောကျာ်း Power ဆိုပြီး ခွဲခြားဆက်ဆံမှုမျိုး ကိုယ့်ကိုယ်ကိုယ်လည်း မလုပ်ပါဘူး။ အဲ့ဒီလို စိတ်မျိုးလည်း မထားပါဘူး။ ဒါပေမဲ့လည်း မိန်းမတွေ အများစု ခွဲခြားခံနေရတဲ့အပေါ်မှာတော့ အစ်မစိတ်မကောင်းဘူး။ ဒီခွဲခြားမှုကိုလည်း အစ်မမကြိုက်ဘူး။ မိန်းမပဲဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ် လုပ်နိုင်တဲ့အပိုင်းမှာ ကိုယ့်တာဝန်ကိုယ်ကျေတယ်ဆိုရင် တန်းတူပဲ ဖြစ်သင့်တယ်လို့ အစ်မကတော့ မြင်ပါတယ်။ 

Voice : မြန်မာ့လူ့အဖွဲ့အစည်းမှာရော အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုသုံးသပ်မိလဲ။
CK : အစ်မတို့ မြန်မာနိုင်ငံမှာတော့ ယဉ်ကျေးမှုကို ထိန်းသိမ်းရင်းကနေ တစ်ခါတလေမှာတော့ ခေတ်နောက်ပြန် ဆွဲသွားတတ်တဲ့ အရာလေးတွေ ရှိတာပေါ့လေ။ မိန်းမတွေ ထက်ထက်မြက်မြက်ဖြစ်လို့ရှိရင် လူ့အဖွဲ့အစည်းက သိပ်လက်မခံချင်တာလေးတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှု ထိန်းသိမ်းတာနဲ့ ခေတ်နောက်ပြန်ဆွဲတယ်ဆိုတာက မတူပါဘူး။ ယဉ်ကျေးမှုဆိုတာကတော့ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု၊ မိမိမွေးဖွားလာရာဇစ်မြစ်ကို သိရမယ်။ ဒါပေမဲ့ ခေတ်ကိုလည်း နောက်ပြန်ဆွဲ စရာမလိုပါဘူး။ ခေတ်နဲ့ ရင်ပေါင်တန်းပြီးတော့ မိန်းမတစ်ယောက်အနေနဲ့လည်း ရပ်တည်နိုင်ပါတယ်။

Voice : ကိုယ့်ကို ဆုချီးမြှင့်ပေးတာက မြန်မာ့အသိဉာဏ်ပစ္စည်းစောင့်ရှောက်ရေးအဖွဲ့က ဖြစ်နေတော့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ရော အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုသဘောထားရှိလဲ။
CK : အစ်မတို့ကတော့ Intellectual Property ဆိုတာက သူတစ်ပါးရဲ့ ဖန်တီးမှု၊ စိတ်ကူးဉာဏ်ကွန့်မြူးမှုလို့ ခေါ်တာပေါ့။ အထူးသဖြင့် အစ်မတို့အနုပညာသမားတွေကျတော့ စိတ်ထဲက ခံစားရတဲ့အရာက ရင်ထဲကနေ လာရတယ်ပေါ့။ ငိုခြင်း၊ ရယ်ခြင်း၊ တမ်းတခြင်း စတဲ့ ခံစားမှုမျိုးစုံကို ရင်ထဲကနေ အရင်လာပြီး အစ်မတို့ရဲ့ ဦးနှောက်က ဆုံးဖြတ်ချက်ချတယ်ပေါ့။ တကယ်တမ်းတော့ အနုပညာဖန်တီးမှုတိုင်းက ထွက်ပေါ်လာဖို့ ခက်ခဲပါတယ်။ လေ့လာဆည်းပူးမှုရှိရတယ်။ အစ်မတို့ရဲ့ ရင်ထဲကနေ မွေးဖွားလာတဲ့ အနုပညာတွေကို အသိအမှတ်ပြုသင့်တယ်လို့ ထင်ပါတယ်။ သူတစ်ပါးရဲ့ အနုပညာဆိုတာကို ခွင့်ပြုချက်မရဘဲနဲ့ သွားရောက်ပြီးတော့ ယူဆောင်ပြီးတော့ မိမိရဲ့ ကိုယ်ပိုင်ဖန်တီးမှုသဏ္ဌာန် မလုပ်ဆောင်သင့်ဘူးလို့ အစ်မကတော့ ခံယူထားတယ်။

Voice : လူငယ်တွေမှာ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့ဆိုရင် ဘာတွေက အရေးကြီးဆုံး ဖြစ်မယ်ထင်လဲ။
CK : ပထမဆုံး ပညာရေးကိုပဲ စပြီးတော့ ပြောရပါလိမ့်မယ်။ အစ်မကတော့ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းအားရှိတဲ့ ပညာရေးစနစ်ကိုပဲ ပြုပြင်ပြောင်းလဲသင့်တယ်လို့ထင်ပါတယ်။ ငယ်စဉ်အခါကတည်းက ဆရာပြောတာကို တိုက်ရိုက်လုပ်ဆောင်တာထက်၊ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းနဲ့ လုပ်ကြည့်ဖို့ ကြိုးစားစေချင်ပါတယ်။ လူတစ်ယောက်ကို လွတ်လွတ်လက်လပ် ဖန်တီးခွင့်၊ ရေးသားခွင့်တွေ ပေးလိုက်မယ်ဆိုရင်တော့ တီထွင်ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာမှာပါ။ ပညာရေးစနစ်က ပြောင်းရင်တော့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းအားတွေ ပိုမြင့်လာမှာပါ။ 

Voice : မြန်မာနိုင်ငံမှာ မူပိုင်ခွင့် ဥပဒေတွေ အသက်ဝင်လာဖို့ဆိုရင် ဘာတွေထပ်ပြီးလုပ်ဆောင်ရမယ်လို့ ထင်လဲ။
CK : မူပိုင်ခွင့် ဥပဒေအတွက် ကြိုးစားအားထုတ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့ ကြိုးစားလာတာလည်း နှစ်ပေါင်းများစွာ ကြာနေပြီပေါ့နော်။ ဒါပေမဲ့ ဥပဒေတစ်ခု ချမှတ်တဲ့အချိန်မှာ ကျွန်မတို့က သည်းညည်းခံရပါမယ်။ ဥပဒေတစ်ခုကနေ တစ်ခုကို အပြောင်းအလဲမှာ ချက်ချင်းကိုယ်ဖြစ်ချင်သလို ဖြစ်လို့တော့မရဘူးပေါ့။ ကျွန်မကတော့ မူပိုင်ခွင့်ဥပဒေဆိုတာကို မတွေးသေးဘဲ ကိုယ့်ကိုယ်ကိုယ် လေးစားမှုလေး အရင်ပေးစေချင်တယ်။ ဥပဒေတစ်ခုပြောင်းမှ ဥပဒေကနေ ချမှတ်ထားတဲ့ဟာကို လိုက်ပြောင်းစရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ပြောင်းကြည့်မယ်ဆိုရင် မူပိုင်ခွင့်ဥပဒေတောင် ထွက်ပေါ်လာစရာ မလိုဘူးလို့ထင်ပါတယ်။ အဓိကကတော့ ကိုယ်ချင်းစာတရားပါပဲ။

သန့်ဇင်ဦး