News

POST TYPE

ENTERTAINMENT

နာမည်ကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ ဟဲလေးနဲ့ မြတ်သီရိလင်းတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံခြင်း
22-Apr-2018

“အိမ်ထောင်ရေးမှာ အဓိက အရေးကြီးတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နေကြဖို့၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံကြဖို့ပါပဲ” ဟဲလေး

“လင်းဘက်ကလည်း ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အိမ်ထောင်ရေးကို အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားပါတယ်” မြတ်သီရိလင်း

နာမည်ကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ ဟဲလေးနဲ့ မြတ်သီရိလင်းတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီး အိမ်ထောင်သက်ဆယ်နှစ်ကြာတဲ့အထိ ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်တဲ့အကြောင်းရင်း၊ သားသမီးတွေနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : အိမ်ထောင်သက် ဆယ်နှစ်ပြည့်တဲ့အထိ ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်အောင် ဘယ်လိုကြိုးစားခဲ့ကြလဲ။
HL : ကျွန်တော်တို့ကတော့ ကိုယ်တည်ထောင်ထားတဲ့ အိမ်ထောင်တစ်ခုကို သာယာအောင် အမြဲကြိုးစားပါတယ်။ အရမ်းကြီးမချမ်းသာရင်နေပါစေ၊ စိတ်ချမ်းချမ်းသာသာနဲ့ ဘဝကို ဖြတ်သန်းနိုင်အောင်ပဲ ကြိုးစားခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုပေးရတာတွေ၊ ဖေးမကူညီရတာတွေလည်း ရှိပါတယ်။ ကိုယ့်မိသားစုလေး သာယာပျော်ရွှင်ဖို့အတွက်က ခင်ပွန်းမှာရော ဇနီးမှာပါ တာဝန်ရှိတယ်လို့ အစ်ကိုကတော့ ခံယူထားပါတယ်။
MTL : လင်းဘက်ကလည်း ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အိမ်ထောင်ရေးကို အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားပါတယ်။ လင်းတို့ရဲ့သားလေးတွေကိုလည်း ငယ်ငယ်ကတည်းက စည်းကမ်းတကျနဲ့ နေတတ်အောင် ပြုစုပျိုးထောင်ပေးထားပါတယ်။ သားတွေကိုတော့ ပညာလည်း တတ်စေချင်တယ်၊ သူ့အဖေလိုလည်း အဆိုတော်ဖြစ်စေချင်ပါတယ်။ အဓိကကတော့ လူတော်၊ လူကောင်းလေးတွေအဖြစ် ဘဝမှာ ရှင်သန်ကြီးပြင်းစေချင်ပါတယ်။

Voice : ကိုယ့်ရဲ့ အိမ်ထောင်ဖက်က အနုပညာတစ်ယောက်ဖြစ်နေတော့ ကိုယ့်ဘက်က ဘယ်လိုနားလည်မှုတွေ ပေးခဲ့ရလဲ။
MTL : လင်းတို့  အိမ်ထောင်သက်ဆယ်နှစ်အတွင်းမှာ လင်းဘက်က သူ့ကို အများကြီးနားလည်ပေးခဲ့ပါတယ်။ ကိုယ်ယူထားတဲ့သူက သာမန်ယောကျာ်းတစ်ယောက်မဟုတ်ဘဲ အနုပညာရှင်တစ်ယောက် ဖြစ်နေတာဆိုတော့လေ။ သူကတော့ သူဘယ်သွားသွား လင်းကိုလည်းခေါ်ပါတယ်။ သူနဲ့ ကိုယ်နဲ့က သွားအတူ၊ လာအတူပါပဲ။ ကိုယ်က သူ့အပေါ် သူငယ်ချင်းလို၊ မောင်နှမလို ဘေးနားကနေ လိုအပ်တာတွေကို ဖြည့်ဆည်းပေးပါတယ်။
HL : အိမ်ထောင်ရေးမှာ အဓိကအရေးကြီးတာကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေကြဖို့၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံကြဖို့ပါပဲ။ အခက်အခဲတွေရှိလာရင်လည်း နှစ်ယောက်တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းကြတယ်။ နှစ်ယောက်လုံးက ကိုယ်တည်ဆောက်ထားတဲ့ မိသားစုလေးကို တန်ဖိုးထားကြတယ်။ ဒါကြောင့်လည်း အိမ်ထောင်သက်ဆယ်နှစ်အထိ ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်ကြတာပါ။

Voice : တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲမှုတွေ ရှိလာရင်ရော ဘယ်လိုညှိယူကြလဲ။
HL : ကျွန်တော်တို့နှစ်ယောက်က စိတ်သဘောထားချင်း တိုက်ဆိုင်တာများပါတယ်။ အရမ်းကြီးညှိယူခဲ့ရတာမျိုးတော့ မရှိပါဘူး။ အကယ်၍ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေရှိလာရင်လည်း ပွင့်ပွင့်လင်းလင်းပြောကြတယ်။ တစ်ယောက်ကို တစ်ယောက်အလျှော့ပေးလိုက်တဲ့အခါကျတော့ အဆင်ပြေတာပေါ့နော်။ အဓိကကတော့ နှစ်ယောက်ကြားမှာ နားလည်မှုလေးတစ်ခုရှိရင် အဆင်ပြေပါတယ်။
MTL : အစ်မတို့ နှစ်ယောက်ကြားမှာ အယူအဆမတူလို့ အရမ်းကြီးညှိယူခဲ့ရတာမျိုးတော့ မရှိပါဘူး။ တစ်ခါတလေမှာတော့ စိတ်အခန့်မသင့်စရာလေးတွေတော့ ရှိတာပေါ့နော်။ အဲ့ဒီအခါကျရင်လည်း လင်းက ကိုယ်ဖြစ်ချင်တာကို သူ့ကို အေးအေးဆေးဆေးပဲ ရှင်းပြတယ်။ ညှိညှိနှိုင်းနှိုင်းလေးပဲသွားပါတယ်။ ကိုယ်ကသူနားလည်အောင် ပြောပြတော့ သူလည်းလက်ခံပါတယ်။ သူပြင်သင့်တာ ပြင်တယ်။ ကိုယ်ကလည်း သူမကြိုက်တာတွေရှိရင် ပြင်တာပေါ့နော်။

Voice : သားလေးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ရော မိဘတွေအနေနဲ့ ဘယ်လိုမျိုးမျှော်လင့်ထားလဲ။
HL : ကျွန်တော်တို့ရဲ့ သားအကြီးက သားသားဟဲလို့ ခေါ်ပါတယ်။ သူကတော့ အသက် ရှစ်နှစ်ရှိပါပြီ။ သားအငယ်ကတော့ ညီညီဟဲလို့ ခေါ်ပါတယ်။ သူကတော့ ငါးနှစ်ကျော်ပါပြီ။ သားလေးတွေကိုတော့ ကျွန်တော်က ပညာတတ်တွေ ပိုဖြစ်စေချင်ပါတယ်။ အနုပညာသမားဘဝဆိုတာက အနိမ့်အမြင့် အတက်အကျတွေ အများကြီးရှိပါတယ်။ ကိုယ်စိတ်မထားတတ်ရင် အရမ်းပင်ပန်းပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ သားတွေကိုတော့ ပညာတတ်ကြီးတွေ ပိုဖြစ်စေချင်ပါတယ်။ 

သန့်ဇင်ဦး