News

POST TYPE

ENTERTAINMENT

ဇဏ်ခီနဲ့ တွေ့ဆုံခြင်း
20-Apr-2018 tagged as အနုပညာ

“ဂယက်က ကျွန်တော်တို့ Promotion ဆင်းတဲ့ကာလတိုင်းမှာ ထထဖြစ်တော့ ကျွန်တော်တို့ကပဲ ကြိုးကိုင်ထားသလို Negative Campaign လုပ်တယ်တို့ ထင်ကြတယ်”


“ဥပါယ်တံမျဉ်” ရုပ်ရှင်ကားနဲ့ ပရိသတ်ရဲ့အားပေးမှုကို ရရှိထားသလို “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားနဲ့ပါ တစ်ဆထက်တစ်ဆ အောင်မြင်မှုရရှိလာတဲ့ သရုပ်ဆောင်ဇဏ်ခီနဲ့တွေ့ဆုံပြီး ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုများအကြောင်းအပြည့်အစုံကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 
 
Voice : ရိုက်ကူးရေးပိုင်းနဲ့ပတ်သက်ပြီး အရင်ဆုံး စပြောပေးပါဦး၊ နောက်ထပ်ဘာကားတွေ ရိုက်သွားဖို့ရှိလဲ။
ZK : ရုပ်ရှင်ကားက လောလောဆယ်မှာ ဇာတ်ညွှန်းရေးနေတယ်။ ဇာတ်ကားနာမည်ကတော့ Now & Never ပါ။ ဒီကားက ရိုက်ရတာ နည်းနည်းတော့ခက်လိမ့်မယ်၊ အချိန်က ခြောက်လ သို့မဟုတ် ရှစ်လလောက်ကြာမှာဆိုတော့ ရိုက်မယ်ဆိုရင်တောင်မှ သေချာလေးပြင်ဆင်ရဦးမယ်။ ဇာတ်လမ်းပုံစံကတော့ Romance ပါ။ Romance ကိုမှ နက်နက်နဲနဲလုပ်ရမယ့် ဇာတ်မျိုးပေါ့နော်။ ဒီကားမှာပါမယ့် ဇာတ်ကောင်တွေကိုတော့ ကျွန်တော်တို့ရိုက်နေကျပုံစံအတိုင်း ထုတ်လုပ်ရေးကနေ လျှောက်လွှာခေါ်ပြီး သရုပ်ဆောင်သစ်တွေရွေးမှာပါ။ ဒါပေမဲ့ သရုပ်ဆောင်ဟောင်းတွေလည်း ပါလိမ့်မယ်ထင်တယ်။ 

Voice : ဇာတ်လမ်းတွဲလည်းရိုက်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်၊ ဇာတ်လမ်းတွဲက ကြာဦးမှာလား။
ZK : ဇာတ်လမ်းတွဲရိုက်ဖို့ကတော့ ဇာတ်ညွှန်းဆရာလေးယောက်နဲ့ ဇာတ်ညွှန်းရေးနေပါတယ်။ ကျွန်တော်တို့က အပိုင်းဆယ့်နှစ်ပိုင်းပဲ ရိုက်မှာပါ။ အပိုင်းတစ်ပိုင်းက တစ်နာရီစာရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်နာရီတိုင်းမှာ ရုပ်ရှင်တစ်ကားကြည့်ရသလိုဖြစ်အောင် စီစဉ်မယ်ပေါ့လေ။ လောလောဆယ်မှာ ဇာတ်ညွှန်းရေးနေတာက အပိုင်းခြောက်ပိုင်းစာလောက်တော့ ပြီးသွားပြီ။ ဇာတ်လမ်းက ကိုယ်တိုင်ရေးဇာတ်လမ်းတော့ မဟုတ်ပါဘူး။ 

Voice : လတ်တလောမှာ သီချင်းခွေလည်း အကောင်အထည်ဖော်နေပြီဆိုတော့ ရာခိုင်နှုန်းက ဘယ်လောက်ထိ ပြီးနေပြီလဲ။ 
ZK : “Satellite အိပ်မက်များ” သီချင်းခွေက တစ်ခွေလုံးစာအတွက်တော့ ရေးပြီးနေပါပြီ။ Recording က နှစ်ပုဒ်တော့သွင်းပြီးပြီ။ အဲ့ဒီသီချင်းနှစ်ပုဒ်ကလည်း ပြီးခဲ့တဲ့နှစ်က သွင်းထားတာပါ။ ဒီကြားထဲမှာလည်း စတူဒီယိုပြန်မရောက်ဘဲ ရုပ်ရှင်တွေဘက်ကိုပဲ လှည့်ဖြစ်နေတယ်။ ဒါပေမဲ့ သီချင်းတွေက သွင်းဖို့အဆင်သင့်ဖြစ်နေပါပြီ။ အဲ့ဒါကြောင့် မိုးတွင်းလောက်မှာတော့ သွင်းဖြစ်မယ်ထင်တယ်။ သီချင်းတွေကတော့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းတွေပါပဲ။

Voice : သီချင်းတွေက ကိုယ်တိုင်ရေး Own Tune သီချင်းတွေချည်းပဲဆိုတော့ ကိုယ်ကိုယ်တိုင်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုရတာကို ပိုပြီးသဘောကျတာလား။
ZK : လောလောဆယ်မှာတော့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုရတာကို ပိုပြီးသဘောကျတယ်။ နောက်တစ်ခုက နိုင်ငံတကာ တီးဝိုင်းတွေကြည့်လိုက်ရင်လည်း များသောအားဖြင့်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတဲ့ တီးဝိုင်းတွေများတယ်။ ကိုယ့်တီးဝိုင်းနဲ့ကိုယ် တတ်သလောက်၊ မှတ်သလောက် လုပ်ကြတာများတယ်။ ကျွန်တော်က အဲ့ဒီလိုင်းကိုပိုပြီးတော့ အားသန်တယ်ပြောရမှာပေါ့နော်။ Music ပုံစံတွေကတော့ Rock ပဲဖြစ်မယ်၊ ဒါပေမဲ့ ပထမထွက်ထားတဲ့ “ပျောက်ဆုံးနေတဲ့ ကမ္ဘာ” သီချင်းခွေနဲ့တော့ စတိုင်ကွာသွားလိမ့်မယ်။ 

Voice : ကိုယ့်ကားတွေရုံတင်တိုင်းမှာ ဂယက်တွေက တစ်ခုပြီးတစ်ခု ထနေတယ်နော်၊ ကိုယ်ကိုယ်တိုင်က ဂယက်တွေအပေါ်ကို ဘယ်လိုမြင်မိလဲ။ 
ZK : ဂယက်က ကျွန်တော်တို့ Promotion ဆင်းတဲ့ကာလတိုင်းမှာ ထထဖြစ်တော့ ကျွန်တော်တို့ကပဲ ကြိုးကိုင်ထားသလို၊ Negative Campaign လုပ်တယ်တို့ ထင်ကြတယ်။ တကယ်တမ်း ကျွန်တော်တို့နဲ့အတူတူရှိနေတဲ့လူတွေပဲ သိပါတယ်၊ ကျွန်တော်တို့ ဘယ်လောက်ပြိုင်းနေတယ်၊ Promotion တွေကို ဘယ်လောက်ထိဆင်းနေရလဲဆိုတာ ကျွန်တော်တို့ပဲသိတယ်၊ ပြီးတော့ ဘုရားသိလိမ့်မယ်။ ဒါပေမဲ့ ဂယက်ထထဖြစ်တာကတော့ ဘာကြောင့်ဖြစ်လဲဆိုတာ ကျွန်တော်ပြောလို့မရဘူး။ တစ်နည်းအားဖြင့် ဂယက်က စိတ်ဝင်စားမှုပိုမြင့်မြင့်သွားတယ်လို့ ကျွန်တော်မြင်ရတယ်။

Voice : တချို့ဝေဖန်တဲ့လူတွေကလည်းပြောကြတယ်၊ အစ်ကိုတို့က အကောင့်ပွားတွေအများကြီးနဲ့ ပရိသတ်ကိုစိတ်ဝင်စားအောင် လုပ်ကြတယ်ပေါ့နော်၊ အဲ့ဒီအပေါ် ဘာပြောချင်လဲ။ 
ZK : ဘာမှတော့မပြောတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ Fan တစ်ယောက် ရေးထားသလိုပေါ့နော်၊ စင်ကာပူမှာ ကျွန်တော်တို့ကို လေယာဉ်ကွင်းမှာ ပရိသတ်ကလာကြိုကြတော့ ဒါတွေကရောအကောင့်တုတွေလားဆိုပြီး မေးထားကြတယ်။ ကျွန်တော်တို့ကတော့ အေးဆေးပါပဲ၊ ဒီအပေါ်မှာ ဘာမှလည်း မပြောချင်တော့ဘူး။ 

Voice : မကြာသေးခင်ကလည်း အွန်လိုင်းမှာ Group Chat က တော်တော်လေး ရေပန်းစားခဲ့တော့ တွေ့တွေ့ချင်းမှာ ကိုယ့်ရဲ့စိတ်ခံစားမှုက ဘယ်လိုရှိခဲ့လဲ။
ZK : ကျွန်တော်တို့လည်း လူပဲဆိုတော့ ကြားကြားချင်း၊ တွေ့တွေ့ချင်းမှာတော့ နည်းနည်းလေး ကသိကအောက်တော့ ဖြစ်တာပေါ့နော်။ ဒါပေမဲ့လည်း ရှင်းလေ၊ ပိုရှုပ်လေသဘောမှာ တွေ့ရတော့ ကျွန်တော်တို့က မရှင်းတာပဲ ကောင်းမယ်ဆိုတဲ့လမ်းကို ရွေးတယ်။ နောက်တစ်ခုက ကျွန်တော်နဲ့ ခရစ်က အစကတည်းက ဘာသိဘာသာနေတတ်တာများတယ်၊ နည်းနည်းလေး အေးအေးပဲ နေချင်တာများတော့ သိပ်မရှင်းချင်ဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ချင်တယ်။ အဓိကကတော့ ကျွန်တော်ထင်တာက ကိုယ့်အလုပ်ကို ကိုယ်အာရုံစိုက်ရင် အောင်မြင်မှုက တစ်ဖက်ကမ်းမှာရှိနေမှာပဲလေ။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ ကိုယ့်အလုပ်ကိုပဲ လုပ်ချင်ပါတယ်။ ဝေဖန်မှုဆိုရင်လည်း ကောင်းတဲ့ဝေဖန်မှုပေါ့နော်၊ ကျွန်တော်တို့ကိုဖြစ်စေချင်လို့ ဝေဖန်တာဆိုရင်တော့ ဖတ်ကြည့်တယ်။ တခြားအနုတ်သဘောဆန်တဲ့ ဝေဖန်မှုတွေကျတော့ လျစ်လျူရှုလိုက်တာ များပါတယ်။

ဝင်းထွန်းနိုင်