News

POST TYPE

ENTERTAINMENT

သက်မွန်မြင့်နဲ့ တွေ့ဆုံခြင်း
02-Apr-2018
“ကိုယ့်ဇာတ်ဖြစ်မှ ကိုယ့်လုပ်ကွက်ရမှ ရိုက်မယ်ဆိုတာမျိုး လုပ်လို့မရဘူး။ သက်မွန်ကတော့ ကိုယ်မထင်ပေါ်ရင်လည်း ကိုယ်ရိုက်ခဲ့တဲ့ကား အောင်မြင်တယ်ဆိုရင် ကျေနပ်ပါတယ်”

နာမည်ကျော်သရုပ်ဆောင် သက်မွန်မြင့်နဲ့တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “စားကျက်” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဥပါယ်တံမျဉ်ရုပ်ရှင်ရဲ့ အောင်မြင်မှုအပေါ် ခံစားချက်နဲ့ ဝိတ်ချဖြစ်တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သရုပ်ဆောင် ဘုဏ်းသိုက်က ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ “စားကျက်” ရုပ်ရှင်မှာ ပါဝင်ဖို့ ဘာကြောင့်လက်ခံခဲ့တာလဲ။
TMM : ဒီကားကို လက်ခံဖြစ်ခဲ့တာကတော့ ဇာတ်လမ်းကိုလည်း ကြိုက်တယ်။ သက်မွန်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကိုလည်း ကြိုက်တယ်။ ကိုနိုင်းနိုင်းနဲ့လည်း ဇာတ်ကားတွေ ပြန်ရိုက်ချင်တယ်။ ကိုနိုင်းနိုင်းက သက်မွန် အနုပညာလောကကို စဝင်တုန်းက လက်တွဲခေါ်ခဲ့တဲ့ အစ်ကိုပါ။ သူနဲ့လည်း ပြန်ရိုက်ချင်တယ်။ ကိုဘုဏ်းသိုက်ရိုက်တဲ့ Short Story လေးတွေကိုလည်း သက်မွန်သဘောကျတယ်။ အဲ့ဒါကြောင့် လက်ခံရိုက်ကူးခဲ့တာပါ။

Voice : ဒီဇာတ်ကားမှာ သက်မွန်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
TMM : ဒီကားမှာ သက်မွန်ကသိုးတွေကို ထိန်းကျောင်းရတဲ့ သားတစ်ယောက်အမေ၊ မုဆိုးမနေရာက သရုပ်ဆောင်ရတာပါ။ သက်မွန် တစ်ခါမု မလုပ်ဖူးသေးတဲ့ပုံစံမျိုးပါပဲ။ ဒီကာရိုက်တာအတွက် ဒါရိုက်တာလိုချင်တဲ့ပုံစံမျိုးရအောင် အဝတ်အစားကအက သေချာပြင်ဆင်တယ်။ ဘဝကိုတစ်ယောက်တည်း ရုန်းကန်နေရတဲ့ မုဆိုးမတစ်ယောက်ရဲ့ ကာရိုက်တာဆိုတော့ သဘာဝဘက်ကို ပိုပြီး ဦးစားပေးထားပါတယ်။ ဒီကာရိုက်တာရဲ့ပုံစံနဲ့ ကောင်မလေးရဲ့ စိတ်နေစိတ်ထားကိုလည်း ကိုဘုဏ်းသိုက်က အသေးစိတ်ပြောပြထားပါတယ်။

Voice : ကိုယ်တစ်ခါမှ တွဲမရိုက်ဖူးသေးတဲ့ ဒါရိုက်တာနဲ့ ရိုက်ရတာဆိုတော့ ဇာတ်ကားပုံစံကရော ဘယ်လိုမျိုး ထွက်လာဖို့မျှော်လင့်ထားလဲ။ ကိုယ်လုပ်ရတဲ့ ကာရိုက်တာကရော ဘယ်လိုအခက်အခဲတွေရှိလဲ။
TMM : အခက်အခဲကတော့ အများကြီး မရှိလောက်ဘူးထင်ပါတယ်။ သိုးခြံပိုင်ရှင်ကောင်မလေးရဲ့ စိတ်နေစိတ်ထားကို သက်မွန်ဖမ်းမိတယ်ဆိုရင်တော့ ကာရိုက်တာရဲ့ ပုံစံခွက်ထဲမှာ ဝင်သွားမယ်လို့ ယုံကြည်ထားပါတယ်။ နောက်ပြီး သက်မွန်က အက်တင်ပါးပါးလေးတွေ လုပ်ရတာကြိုက်တယ်။ အဲ့ဒီတော့ သဘာဝဆန်တဲ့ ဇာတ်လမ်းမျိုးတွေ ရိုက်ရတာလည်း ကြိုက်တယ်။ ကိုယ်မရိုက်ဖူးသေးတဲ့ ဒါရိုက်တာနဲ့ ရိုက်ရတာဆိုတော့ သက်မွန်ကို ပုံစံသစ်တစ်မျိုးနဲ့ ပရိသတ်တွေ မြင်ရမယ်လို့လည်း ယုံကြည်ပါတယ်။

Voice : ဥပါယ်တံမျဉ်ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့် ခီမောင်နှံနဲ့ အောင်မြင့်မြတ်ကို ပရိသတ်တွေ လက်ခံခဲ့တယ်။ ဒီကားအောင်မြင်မှုမှာ ကိုယ့်ရဲ့ပံ့ပိုးမှုက အာရုံစိုက်မခံခဲ့ရတဲ့အပေါ် သက်မွန်ပရိသတ်တချို့က စိတ်မကောင်းဖြစ်ကြတာလည်း ရှိပါတယ်။
TMM : ဒါကတော့ အတ္တပေါ့နော်။ လူမှန်ရင် ကိုယ့်ရဲ့ လောဘ၊ အတ္တလေးတွေတော့ ရှိကြတာပေါ့။ ပရိသတ်တွေလည်း ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ကိုယ့်အပေါ်ထားတဲ့ အတ္တနဲ့လောဘလေးတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒါကတော့ အမြဲဆုပ်ကိုင်လို့ မရဘူး။ ကိုယ့်ဇာတ်ဖြစ်မှ ကိုယ့်လုပ်ကွက်ရမှ ရိုက်မယ်ဆိုတာမျိုး လုပ်လို့မရဘူး။ ဥပါယ်တံမျဉ်မှာလည်း သက်မွန်မလုပ်ဖူးသေးတဲ့ ကာရိုက်တာကို လုပ်ခဲ့ရတယ်။ ရုပ်ရှင်ရိုက်တယ်ဆိုတာက Team Work ဖြစ်တဲ့အတွက် အကုန်လုံးကောင်းမှ ဇာတ်ကားကောင်းတစ်ကား ဖြစ်လာမှာပါ။ သက်မွန် သရုပ်ဆောင်တာ လျော့နေရင်လည်း သူတို့ဘက်က လျော့မှာပဲ။ သူတို့လျော့နေရင်လည်း ကိုယ်လည်းမပေါ်ဘူးပေါ့နော်။ အခုကျတော့ အကုန်လုံး ကောင်းသွားတဲ့အတွက် ပရိသတ်လက်ခံတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့တယ်။ သက်မွန်ကတော့ ကိုယ်မထင်ပေါ်ရင်လည်း ကိုယ်ရိုက်ခဲ့တဲ့ကား အောင်မြင်တယ်ဆိုရင် ကျေနပ်ပါတယ်။ အသစ်တွေကို ပရိသတ်တွေက သောင်းသောင်းဖျဖျ အားပေးတာကိုလည်း ရုပ်ရှင်လောကသားတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်။

Voice : သက်မွန် အရင်ကထက် ပိုပြီးတော့လည်း သွယ်လျသွားတယ်နော်။ ဘယ်လိုကြောင့် ဝိတ်ချဖြစ်ခဲ့တာလဲ။
TMM : သက်မွန် ဗြုန်းစားကြီးပိန်သွားတာကတော့ နေမကောင်းဖြစ်လိုက်လို့ပါ။ ဝိတ်ချတာတော့ ချပါတယ်။ ကိုယ်က အနုပညာရှင်ဖြစ်နေတဲ့အတွက် မင်းသမီးတစ်ယောက်မှာရှိရမယ့် ဘော်ဒီမျိုးတော့ ရအောင်ကြိုးစားတာပဲ။ ကိုယ်က ဒီအလုပ်ကို ကြိုက်တယ်၊ ဒီအလုပ်ပဲလုပ်ချင်တယ်ဆိုတော့၊ ဒီအလုပ်နဲ့ အဆင်ပြေမယ့်ပုံစံမျိုးတော့ နေရတာပေါ့လေ။ အရှေ့ပိုင်းမှာကျတော့ သမီးလေးမွေးတယ်၊ မိခင်နို့လည်း ကိုယ်တိုင်တိုက်တယ်ဆိုတော့ သက်မွန်ဝိတ်ချလို့ မရဘူး။ ကလေးနို့ပြတ်သွားတဲ့အချိန်မှာတော့ ကိုယ့်စိတ်နဲ့ကိုယ်ဖြစ်သွားတဲ့အတွက် ဝိတ်ချလို့ရခဲ့ပါတယ်။ 

Voice : လက်ရှိ ရုံတင်ပြသနေတဲ့ “မွှေချက်ကတော့ လွန်လွန်းတယ်” ရုပ်ရှင်က ရုံတင်စရက်တွေတင်မှာပဲ အောင်မြင်မှုရသွားတဲ့အပေါ်ရော ဘယ်လိုခံစားမှုရှိလဲ။
TMM : ရုပ်ရှင်မှာ ကိုနေတိုးနဲ့ သက်မွန်တွဲရိုက်ထားတဲ့ ဇာတ်ကားတွေ ရုံမတင်တာကြာပါပြီ။ ဒီကားလေးက ဟာသကားလေးလည်းဖြစ်တော့ ပရိသတ်တွေ စိတ်အပန်းပြေကြမှာပါ။ သက်မွန်တို့ ရိုက်တုန်းကလည်း ရိုက်ကွင်းပေါ်မှာ ရယ်နေရတယ်။ သက်မွန်က အရယ်သန်တော့ ပိုဆိုးတယ်။ ကိုယ်က ရယ်ကြောမပြတ်တော့ ကိုယ့်ကိုစောင့်စောင့်ပြီး ရိုက်နေရတယ်။ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားလေးကို ပရိသတ်တွေ သဘောကျတယ်ဆိုရင်ပဲ ပျော်နေပါပြီ။

သန့်ဇင်ဦး