News

POST TYPE

ENTERTAINMENT

စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်း
29-Mar-2018 tagged as အနုပညာ

“ကျွန်တော့် ပရိသတ်တွေဟာ ကျွန်တော့်ကို အလင်းပေးနိုင်တဲ့ လမ်းပြပေးနိုင်တဲ့ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတွေလို့ တင်စားပြီးတော့ Fan Club ရဲ့ နာမည်ကို “Sai Stardom” လို့ ပေးခဲ့တာပါ”

နာမည်ကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့တွေ့ဆုံပြီး ဧပြီလ ၁ ရက်နေ့မှာ ထွက်ရှိမယ့် “စိုင်းစိုင်းက စိုင်းစိုင်း” စီးရီးသစ်မှာပါဝင်မယ့် သီချင်းတွေအကြောင်း၊  Sai Stardom Fan Club အကြောင်း၊ ဧပြီလ ၁၀ ရက်နေ့ ရန်ကုန်မြို့မှာပြုလုပ်မယ့် မွေးနေ့ရှိုးအကြောင်းတို့ကို ဖော်ပြပေးထားပါတယ်။ 

Voice : “စိုင်းစိုင်းက စိုင်းစိုင်း” စီးရီးမှာ ဘယ်လိုသီချင်းပုံစံမျိုးတွေ ပါဝင်မလဲ။
SSKL : ကျွန်တော်စီးရီးသစ်မထွက်တာ ငါးနှစ်လောက် ရှိနေပါပြီ။ ဒိတ်ဒိတ်ကြဲနဲ့ အခုထွက်မယ့် “စိုင်းစိုင်းက စိုင်းစိုင်း” စီးရီးက ငါးနှစ်လောက်ကွာပါတယ်။ ကြားထဲမှာတော့ Single သီချင်း လေးတွေ ထွက်ဖြစ်ပါတယ်။ စီးရီးသစ် မထွက်တာလည်း ကြာပြီဆိုတော့ အခုထွက်မယ့် ခွေသစ်ထဲက သီချင်းတွေဟာ ဆန်းသစ်လား၊ အရင်ထွက်ခဲ့တဲ့ သီချင်းတွေရဲ့ခြေရာကို နင်းနိုင်လား ဆိုတာကို မနှိုင်းယှဉ်တတ်ဘူး ဖြစ်နေပါတယ်။ သေချာတာကတော့ ကျွန်တော့်ပရိသတ်တွေ နားဆင်ရတဲ့အခါမှာ သံစဉ်၊ စာသားအကြောင်းအရာတွေက ကျွန်တော့်ရဲ့ လက်ရှိဖြစ်နေတဲ့ ခံစားချက်တွေ၊ အတွေးအခေါ်တွေ ဖြစ်ပါတယ်။ တောက်လျှောက် ကျွန်တော်နဲ့ စိတ်ရော ကိုယ်ရော ထပ်တူကျခဲ့တဲ့ ပရိသတ်တွေနဲ့ ဒီခွေမှာပါ ထပ်ပြီးတော့ ရင်ဘတ်ချင်းနီးဦးမယ်လို့ မျှော်လင့် ထားပါတယ်။ 

Voice : စိုင်းစိုင်းရဲ့ ပရိသတ်တွေအတွက် “Sai Stardom” လို့ အမည်ပေးထားတဲ့ Fan Club ကို ဘယ်လိုကြောင့် တည်ထောင်ဖြစ်ခဲ့တာလဲ။
SSKL : ကျွန်တော့်ပရိသတ်တွေဟာ ကျွန်တော့်ကို အလင်းပေးနိုင်တဲ့ လမ်းပြပေးနိုင်တဲ့ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတွေလို့ တင်စားပြီးတော့ Fan Club ရဲ့နာမည်ကို “Sai Stardom” လို့ ပေးခဲ့တာပါ။ Fan Club ရဲ့ အရောင်ကိုလည်း ကြယ်ပွင့်အရောင်ကို အသုံးပြုသွားမှာပါ။ ကြယ်ပွင့်အရောင်ဆိုတော့ ဝါဝါလေးတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ငွေရောင်လေးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ တောက်ပတဲ့ အရောင်လေးတွေနဲ့ အသုံးပြုသွားမှာပါ။ Fan Club ရဲ့ ဆောင်ပုဒ်ကိုတော့ “Sentimental Relationship” လို့ ပေးထားပါတယ်။ ကျွန်တော်နဲ့ ပရိသတ်တွေကြားထဲက နှစ်ပေါင်းများစွာ သံယောဇဉ်နှောင်ဖွဲ့မှုကို တင်စားပြီးတော့ ဒီနာမည်ကိုပေးခဲ့တာပါ။ အဓိကကတော့ ပရိသတ်တွေနဲ့ ကျွန်တော့်ကြားမှာ ပိုပြီးရင်းနှီးနွေးထွေးမှုရှိအောင် Fan Club ကို တည်ထောင်ဖြစ်တာပါ။ 

Voice : စိုင်းစိုင်းရဲ့ Fan Club ကို ဝင်ထားတဲ့ ပရိသတ်တွေက ဘယ်လိုအကျိုးခံစားခွင့်တွေ ရမှာလဲ။
SSKL : ကျွန်တော့်ရဲ့ Fan Club အတွက် တစ်နှစ်ကို ဝင်ကြေး ၆၅၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဝင်ကြေးသွင်းထားတဲ့ သူတွေဟာဆိုရင် ကျွန်တော့်ရဲ့ အသစ်ထွက်ရှိလာမယ့် “စိုင်းစိုင်းက စိုင်းစိုင်း” သီချင်းခွေကို ရရှိမှာဖြစ်ပါတယ်။ ဒီအခွေနဲ့ Fan Club ရဲ့ Member အဖြစ် အသိအမှတ်ပြုတဲ့ကတ်ပြားကို အိမ်တိုင်ရာရောက် ပို့ပေးသွားမှာပါ။ Fan Club ရဲ့ Member တွေဟာ ရံဖန်ရံခါ အထူးအခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။ ဥပမာ-အမှတ်တရ တီရှပ်ထုတ်တာမျိုး၊ စတိတ်ရှိုးတစ်ခုခုမှာ အထူး Discount ရတာမျိုး၊ Fan Club Member တွေပဲ ပါဝင်တဲ့ Gathering Paty၊ ဂီတဖျော်ဖြေပွဲတွေလုပ်တာမျိုးကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

Voice : ဆယ့်လေးနှစ်မြောက် ကျင်းပမယ့် မွေးနေ့ရှိုးအတွက်ကိုရော ဘယ်လို ကြိုတင်ရင်ခုန်ထားလဲ။
SSKL : ကျွန်တော့်ရဲ့ မွေးနေ့ရှိုးကို ၂၀၀၄ ခုနှစ်တုန်းက ဒါရိုက်တာ ဦးမီးပွားရယ်၊ Balzon က လူကြီးတွေကြောင့် စိတ်ကူးရပြီး လုပ်ဖြစ်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက Balzon ကလည်း ကျွန်တော်နဲ့ ပွဲတစ်ပွဲလုပ်ချင်တယ်။ ဦးမီးပွားကလည်း ကျွန်တော်နဲ့ ရုပ်ရှင်တစ်ကားရိုက်ချင်တယ်။ အဲ့ဒီကားမှာ ကျွန်တော်က အဆိုတော်တစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားအတွက် စတိတ်ရှိုးတစ်ခု ဆင်ပြီးတော့ ရိုက်ပေးပါလို့ ဦးမီးပွားက တောင်းဆိုလာတာနဲ့ မွေးနေ့ရှိုးကို စလုပ်ဖြစ်ခဲ့တာပါ။ အဲ့ဒီဇာတ်ကားကတော့ မရိုက်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၀၄ ခုနှစ်ကနေစပြီး မွေးနေ့ရှိုးကို နှစ်စဉ်ကျင်းပနိုင်ခဲ့ပါတယ်။ မွေးနေ့ရှိုးလုပ်တဲ့နှစ်တိုင်း ကျွန်တော့်ပရိသတ်တွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ ဒီနှစ်မှာလည်း အားလုံးနဲ့အတူတူ ပျော်ချင်ပါတယ်။

Voice : ဒီနှစ် မွေးနေ့ရှိုးကိုရော ဘယ်လို ထူးထူးခြားခြား ပုံစံမျိုးတွေနဲ့ တင်ဆက်သွားမလဲ။
SSKL : ကျွန်တော့်ရဲ့ မွေးနေ့ရှိုးက Theme တစ်ခုခုကို တည်ပြီး လုပ်လေ့ရှိပါတယ်။ သာမန်ရှိုးပွဲတွေလို စင်ဆောက်ပြီး သီချင်းတက်ဆိုတာမျိုး မဟုတ်ပါဘူး။ ၂၀၀၆ ခုနှစ်ကဆိုရင် မျှော်စင်ကျွန်းမှာ လက်ဝှေ့ကြိုးဝိုင်းပုံစံမျိုးစင်ကို ဆောက်ခဲ့ပါတယ်။ စင်ပေါ်မှာ သရဲအိမ်ကြီးလည်း ဆောက်ခဲ့ဖူးတယ်။ စက်ရုပ်ကြီးလည်း ဆောက်ခဲ့ဖူးတယ်။ ပိရမစ်တွေလည်း ဆောက်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘယ်လိုပုံစံမျိုးနဲ့ တင်ဆက်မလဲဆိုတာကို ပရိသတ်များ စောင့်မျှော်ကြည့်ရှု အားပေးစေချင်ပါတယ်။ ကျွန်တော့်ရဲ့မွေးနေ့ရှိုးက ပရိသတ်တွေနဲ့ တစ်နှစ်တစ်ခါ တွေ့ဆုံကြတဲ့ Fan Gathering ပုံစံမျိုး ကျင်းပတာဆိုတော့ အားလုံးကို လာခဲ့စေချင်ပါတယ်။ 

Voice : သီချင်းတွေကိုရော ဘယ်လို Performance တွေနဲ့ တင်ဆက်သွားမလဲ။ သီချင်းအသစ်တွေရော ဆိုဖို့ရှိမလား။
SSKL : ဒီနှစ် ကျွန်တော့်ရဲ့ မွေးနေ့ရှိုးမှာ သီချင်းပုဒ်ရေ ၃၀ ကျော်လောက် ဆိုမှာပါ။ သီချင်းတွေကို အခုကတည်းကစပြီး ပြင်ဆင်နေပါပြီ။ သီချင်းတွေဆိုတဲ့ နေရာမှာလည်း တချို့သီချင်းတွေကိုတော့ အပြည့်ဆိုမှာ မဟုတ်ဘဲနဲ့ Remix သဘောမျိုး ဆိုမှာပါ။ တချို့သီချင်းတွေကျတော့လည်း Version ပြောင်းပြီး ဆိုမှာပါ။ ဒီနှစ် မွေးနေ့ရှိုးအတွက် လက်မှတ်ဈေးနှုန်းကိုတော့ ၁၀၀၀၀ သတ်မှတ်ထားပါတယ်။ ဒါကတော့ မတ်တတ်ရပ် ကြည့်ရမှာပါ။ လူငယ်တွေကို လာပို့မယ့် လူကြီးတွေလည်း စောင့်ပြီး ကြည့်လို့ရအောင် VIP ထိုင်ခုံတွေလည်း စီစဉ်ထားပါတယ်။ VIP လက်မှတ်တွေကတော့ ၅၀၀၀၀ နဲ့ ၃၀၀၀၀ သတ်မှတ်ထားပါတယ်။ 

သန့်ဇင်ဦး

  • VIA