News

POST TYPE

ENTERTAINMENT

ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခြင်း


“ညီမ အကယ်ဒမီရခဲ့တာက တော်လို့ဆိုတာထက် ကံကောင်းသွားတာလို့ပဲ ထင်ပါတယ်”

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ “သရဲမ၊ ဘီလူးမနှင့် မိန်းမပျို” ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့တွေ့ဆုံပြီး ပထမဆုံးအကြိမ် အကယ်ဒမီရခဲ့တဲ့အပေါ် ခံစားမှုနဲ့ ရှေ့ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုများအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အကယ်ဒမီဆုရနိင်တယ်လို့ နာမည်ထွက်ခဲ့တဲ့သူတွေထဲမှာ ကိုယ့်နာမည်မပါခဲ့ပေမယ့် တကယ်တမ်း ဆုရသွားတော့ ဘယ်လိုခံစားရလဲ။
PPT : ဒီနှစ်မှာ မမျှော်လင့်ဘဲ ဆုရတဲ့အတွက် ပြောမတတ်အောင်ကို ပျော်ခဲ့ရပါတယ်။ ဒီဆုကို ရလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့တာပါ။ အကဲဖြတ်အဖွဲ့က လူကြီးတွေက ညီမကို ပိုပြီးတော့ ကြိုးစားစေချင်တဲ့အတွက် ဒီဆုကို ပေးလိုက်တယ်လို့ပဲ ခံယူထားပါတယ်။ ပရိသတ်တွေအတွက် ပိုပြီးတော့ တာဝန်ကျေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ။

Voice : ကိုယ့်ရဲ့ ပထမဆုံး အကယ်ဒမီဆုက ဇာတ်ပို့ဆုဖြစ်နေတဲ့အတွက်ရော ဘယ်လိုခံစားမှုရှိလဲ။
PPT : အမှန်အတိုင်းပြောရရင်တော့ ဇာတ်ဆောင်ဆုကိုတော့ လုံးဝမမျှော်လင့်ရဲပါဘူး။ အဲ့ဒါကြောင့် ကိုယ်ကိုယ်ကိုယ်လည်း မရနိုင်ဘူးလို့ပဲ သတ်မှတ်ထားတာပါ။ သု အနေအထားနဲ့က အကယ်ဒမီဆုရတယ်ဆိုတာနဲ့တင် အရမ်းကို ပျော်နေပါပြီ။ ဒီဆုက နောက်ထပ်လုပ်မယ့် အနုပညာအလုပ်တွေအတွက် ခွန်အားတစ်ခုဖြစ်စေပါတယ်။ တကယ့်ကို တွန်းအားအကြီးကြီးတစ်ခုပါပဲ။

Voice : “သရဲမ၊ ဘီလူးမနှင့် မိန်းမပျို” ရုပ်ရှင်ဇာတ်ကားရိုက်တုန်းကရော ဘယ်လိုအမှတ်တရဖြစ်ရပ်တွေ ရှိခဲ့လဲ။
PPT : မှတ်မှတ်ရရကတော့ ဒီကားရိုက်တဲ့အချိန်တုန်းက အပူလှိုင်းဖြတ်နေတဲ့အချိန်ပါ။ အရမ်းကို ပူတယ်။ အပြင်မှာ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်လောက်ရှိတယ်။ ဇာတ်ကားထဲမှာပါတဲ့ ရေချိုးတဲ့ ဇာတ်ဝင်ခန်းတွေကို ကိုဝိုင်းက ရုပ်ရှင်အစည်းအရုံးထဲမှာ ဆက်တင်ဆောက်ပြီး ရိုက်တာပါ။ အရမ်းပူတဲ့အချိန်မှာ ရေနွေးငွေ့တွေလွှတ်ပြီး ရိုက်တာဆိုတော့ နေရထိုင်ရလည်း ခက်တယ်။ အရမ်းပူတဲ့ရာသီမှာ ရေနွေးငွေ့တွေကြားထဲ သရုပ်ဆောင်ခဲ့ရတာတော့ အမှတ်တရပါပဲ။

Voice : ဇာတ်ပို့ဆုတွေကို မင်းသား၊ မင်းသမီးတွေကိုပဲ ပေးနေတဲ့အတွက် ဇာတ်ပို့စစ်စစ်တွေ နစ်နာတယ်ဆိုပြီး ပြောကြတဲ့အပေါ်မှာရော ဘာပြောချင်လဲ။
PPT : အဲ့ဒါကျတော့ သုလည်း သိပ်လည်း မပြောတတ်ဘူး။ ဇာတ်ပို့ဆုဆိုတာက ဇာတ်တစ်ခုလုံးကို ပို့ပေးတဲ့ သရုပ်ဆောင်ကို ဆုချီးမြှင့်တာလို့ ထင်ပါတယ်။ ဒီနှစ်မှာ ညီမ အကယ်ဒမီရသွားတာကတော့ ကံကောင်းသွားတာလို့ပဲ ထင်ပါတယ်။ အကယ်ဒမီက အရမ်းနတ်ကြီးပါတယ်။ ကံ၊ ဉာဏ်၊ ဝီရိယအားလုံး ပေါင်းဆုံမှ ဒီဆုကိုရတာပါ။ ဉာဏ်နဲ့ ဝီရိယရှိရုံနဲ့လည်း မရသေးပါဘူး။ ကံကောင်းဖို့လည်းလိုပါတယ်။ ညီမ အကယ်ဒမီရခဲ့တာက တော်လို့ဆိုတာထက် ကံကောင်းသွားတာလို့ပဲ ထင်ပါတယ်။ 

Voice : သုသုတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေရော ဘယ်လို ရုပ်ရှင်ဇာတ်ကားတွေ ဆက်ရိုက်သွားဖို့ရှိမလဲ။
PPT : ရုပ်ရှင်ဇာတ်ကားတွေကတော့ မတ်လ ၂၇ ရက်နေ့မှာ အပြင်ထုတ်လုပ်ရေးတစ်ခုနဲ့ ရုပ်ရှင်ကားကြီးတစ်ကား စရိုက်ပါမယ်။ ဒါရိုက်တာကတော့ ဦးညီညီအောင်ပါ။ သုတို့ ထုတ်လုပ်ရေးကနေ ရိုက်ဖို့ဝယ်ထားတဲ့ ဝတ္ထုတွေလည်း ရှိပါတယ်။ အဲ့ဒါတွေထဲက ဘယ်ဝတ္ထုကို အရင်ရိုက်ဖြစ်မလဲ မသိသေးဘူး။ သေချာပြီဆိုရင် ပြန်ပြောပေးပါမယ်။ လာမယ့်နှစ်ဆန်းတစ်ရက်နေ့ကျတော့ သုတို့ ထုတ်လုပ်ရေးကနေ ဒါရိုက်တာ ဦးကျော်ဇောလင်းနဲ့ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ပါမယ်။ သရုပ်ဆောင်တွေကတော့ ဦးရန်အောင်၊ ဦးရဲအောင်၊ ဦးလွင်မိုး၊ ဦးလူမင်းနဲ့ အန်တီမို့မို့မြင့်အောင် ပါပါမယ်။ ဇာတ်လမ်းကတော့ မိသားစု ဇာတ်လေးပါပဲ။

Voice : တချို့အနုပညာရှင်တွေက အကယ်ဒမီဆုရပြီးရင် အမှတ်တရအနေနဲ့ အလှူလေးတွေ လုပ်ကြတာရှိတယ်။ ကိုယ်ရော လုပ်ဖို့အစီအစဉ်ရှိလား။
PPT : ရုတ်တရတ်ဆိုတော့ ဘာမှတော့ မစဉ်းစားရသေးဘူး။ ဒါပေမဲ့ စဉ်းစားမိထားတာ တစ်ခုတော့ ရှိတယ်။ တစ်နေရာရာမှာတော့ လှူဖြစ်မှာ သေချာပါတယ်။ ညီမကတော့ ရုပ်ရှင်လောကသားတွေအတွက် လိုတဲ့နေရာတစ်ခုခုမှာတော့ လှူဖြစ်မယ်။ ဘယ်နေရာဖြစ်မလဲတော့ မသိသေးဘူး။ သုရဲ့ ဆရာသမားတွေနဲ့ တိုင်ပင်ပြီးတော့မှ လှူဖြစ်မှာပါ။

သန့်ဇင်ဦး