News

POST TYPE

ENTERTAINMENT

ဒါရိုက်တာ ဝိုင်းနဲ့ တွေ့ဆုံခြင်း
26-Mar-2018 tagged as အနုပညာ



“ကျွန်တော်တို့ လူသားတွေမှာ ချစ်ခြင်း၊ မုန်းခြင်းတွေရှိနေလို့သာ ပြဿနာတွေ တက်နေတာပါ” 

၂၀၁၇ ခုနှစ်၊ အကယ်ဒမီပေးပွဲမှာ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ကားနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု ရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်းနဲ့ တွေ့ဆုံပြီး ဇာတ်ညွှန်းပိုင်း အမှတ်တရများနဲ့အတူ ရင်ခုန်ခံစားမှုများအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ကားနဲ့ ဇာတ်ညွှန်းဆုရခဲ့တာဆိုတော့ ဇာတ်ညွှန်းပညာကို ဘယ်အချိန်ကတည်းက လေ့လာခဲ့တာလဲ။ 
W : အစ်ကိုအနေနဲ့ ဇာတ်ညွှန်းပညာကို အသက် နှစ်ဆယ့်နှစ်၊ နှစ်ဆယ့်သုံးလောက်ကတည်းက စသင်တာပါ။ ဒါပေမဲ့ ဘယ်သူမှ မသိပါဘူး။ အစ်ကို အသက်နှစ်ဆယ့်ငါးမှာ ဇာတ်ညွှန်းရေးနေပြီ၊ အသက်နှစ်ဆယ့်ငါးမှာပဲ ဇာတ်ညွှန်းတော်တော်များများ ရေးဖြစ်တယ်။ အစ်ကိုတို့ဆီမှာက ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးတဲ့လူဆို သိပ်ပြီး သတိမထားကြဘူး။ နောက် အစ်ကို အသက်သုံးဆယ်ရောက်မှ ဒါရိုက်တာလုပ်တယ်။ ဦးညီညီထွန်းလွင်ဆီမှာပဲ ဇာတ်ညွှန်းပညာ အစအဆုံးကိုသင်တာပေါ့နော်။ ဒါရိုက်တာ ဦးညီညီထွန်းလွင်က အစ်ကို့ကို အကောင်းဆုံး လေ့ကျင့်ပေးခဲ့တဲ့ ဆရာသမားပါ။ 

Voice : ကိုယ်တိုင်ရေးတဲ့ဇာတ်ညွှန်းနဲ့ သူများရေးတဲ့ ဇာတ်ညွှန်းကို ရိုက်ရတဲ့အပိုင်းမှာ ကွာခြားမှုတွေက ဘာတွေဖြစ်မလဲ။ 
W : ကိုယ့်ဇာတ်ညွှန်းကျတော့ ကိုယ်စာကျက်ပြီးသားစာကို စာမေးပွဲပြန်ဖြေရသလိုမျိုးဖြစ်တယ်၊ သူများ ဇာတ်ညွှန်းကျတော့ သူများရဲ့ဦးနှောက်ကို ကိုယ်ကအရင်ဆုံးသိအောင်လုပ်ရတယ်။ သူက ဘာကိုဆိုလိုချင်တာလဲ၊ ဒီကတ်က ဘာကိုပြချင်တာလဲ၊ ဒီစကားလုံးက ဘာကိုပြောချင်တာလဲဆိုတာကို အဘက်ဘက်က အပြန်ပြန်အလှန်လှန် စဉ်းစားရတယ်။ သူကလည်း စိတ်ကူးနဲ့ ရိုက်ထားတာလေ။ သူ့စိတ်ကူးနဲ့ရိုက်ထားတဲ့ ပုံသဏ္ဌာန်တစ်ခုကို ကိုယ့်ပုံဏ္ဌာန်ဖြစ်အောင် ပြန်လုပ်တဲ့နေရာမှာ အခက်အခဲအများကြီးရှိတယ်။ သူက ခေါက်ပြီးသား စက္ကူတစ်ရွက်လိုပဲ၊ သူက ကျိုးကြေနေတာကို ကိုယ်က ကိုယ့်ပုံသဏ္ဌာန် ပြန်ခေါက်မယ်ဆိုရင် ကျိုးတာကြေတာက အနည်းနဲ့ အများပါမှာပါ။ 

Voice : ကိုယ်ကိုယ်တိုင်က ဘယ်လိုဇာတ်လမ်းမျိုးကို ဦးစားပေးပြီး ဇာတ်ညွှန်းရေးချင်လဲ။ 
W : အဲ့ဒါကတော့ ပြောရခက်ပါတယ်။ ကျွန်တော့်ကို ရင်ခုန်စေတဲ့ ဇာတ်လမ်းမျိုးပေါ့နော်။ နောက်တစ်ခုက ကျွန်တော် ရင်ခုန်ပေမယ့်လည်း ကျွန်တော်မနိုင်တဲ့ဇာတ်လမ်းမျိုးဆိုရင် တခြားဇာတ်ညွှန်းရေးဆရာတွေဆီကို အပ်ပါတယ်။ ဥပမာ - “သမ္မတကြီးထံ ပေးစာ” ရုပ်ရှင်ကားဆိုရင် ဇာတ်လမ်းရဲ့ တစ်ဝက်လောက်ကို ရေးပြီးသွားပြီ။ ဒါပေမဲ့ ကျွန်တော်က ဥပဒေအကြောင်းတွေကို မနိုင်ဘူး။ တကယ်လို့ နိုင်အောင်လုပ်မယ်၊ လေ့လာမယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်လောက်ကို ကျွန်တော် ဥပဒေစာအုပ်တွေကြားထဲမှာ ဘာအလုပ်မှမလုပ်ဘဲ ဖတ်ရလိမ့်မယ်။ အဲ့ဒါကြောင့် ဥပဒေပညာကိုသိတဲ့၊ နည်းနည်းနားလည်တတ်ကျွမ်းတဲ့ ဆရာနေနော်တို့လို လူမျိုးဆီမှာအပ်တယ်။ ပြီးတော့မှ ကိုယ်လိုချင်တဲ့ပုံစံအတိုင်းရအောင် ညှိယူတယ်၊ တိုင်ပင်ယူပြီး လုပ်တာမျိုးပေါ့နော်။ 

Voice : “ရင်ဘတ်ထဲကဓား” ဇာတ်ညွှန်းရေးနေတဲ့အချိန်မှာ ကိုယ့်အတွက် အဓိကအခက်အခဲက ဘာဖြစ်ခဲ့လဲ။ 
W : အမှန်အတိုင်းပြောရရင် ကျွန်တော် မင်္ဂလာမဆောင်ခင် ပထမတစ်လအလိုမှာ ရေးတယ်၊ ပြီးတော့ ရပ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆက်ရေးလို့မရတော့လို့ပါ၊ ကျွန်တော်ဆက်ရေးလို့ရှိရင် မိန်းမသိပ်မယူချင်တော့ဘူး။ ဒီစကားကို ရုံမတင်ခင်ကတည်းကလည်း ပြောဖူးပါတယ်၊ အိမ်ထောင်ရေးဆိုတာ ဒါကြီးပါလား၊ မိန်းမကလည်း ယူတော့မယ်၊ ဒီဆိုက်ကိုက မိလို့တော့ မဖြစ်ဘူးပေါ့နော်။ အဲ့ဒါကြောင့် တစ်လကျော်လောက်အလိုမှာ ရပ်လိုက်တယ်။ မိန်းမယူပြီး နှစ်လလောက်နေတော့ ကျွန်တော် ပြန်ရေးတယ်။ အဲ့ဒီအချိန်မှာ ကိုယ်မင်္ဂလာဆောင်တုန်းက အတွေ့အကြုံတွေကပါလာတော့ နည်းနည်းလေးပိုပြီးလုံခြုံမှုရှိလာတယ်။ အကြမ်းပြီးချိန်ကတော့ နှစ်လခွဲလောက် ကြာပါတယ်။ 

Voice : “အမှောင်ထဲမှာ” ဆိုတဲ့နာမည်ကို “ရင်ဘတ်ထဲကဓား” ဆိုပြီး ပြန်ပြောင်းဖြစ်တာနော်၊ ဇာတ်သိမ်းမှာလည်း အပြောင်းအလဲလေးနဲ့ သိမ်းထားဖြစ်ပုံကိုလည်း ပြောပြပေးပါဦး။ 
W : အဓိက “အမှောင်ထဲမှာ” ဆိုရင် ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလေး ရိုးသလိုခံစားရတယ်။ “ရင်ဘတ်ထဲက ဓား” ဆိုတာက ကျွန်တော်အရင်တုန်းက ဗီဒီယိုကားတစ်ကားမှာဇာတ်ညွှန်းရေးတုန်းက ပေးခဲ့တဲ့နာမည်ပါ။ အဲ့ဒီနာမည်ကို ကျွန်တော် ကြိုက်တယ်။ အဲ့ဒါကြောင့် ကျွန်တော်စဉ်းစားတယ်၊ ဒီကားအတွက် နာမည်ပေါင်းများစွာကို ကျွန်တော် မကြိုက်တာနဲ့ ဒီနာမည်ကိုပေးဖြစ်တာပါ။ နောက်တစ်ခုက ဇာတ်သိမ်းမှာက ဆရာမရဲ့ဝတ္ထုမှာ နောက်ဆုံး အမေနဲ့ စကားပြောတဲ့အခန်းမပါဘူး။ ဒါပေမဲ့ အဲ့ဒီအခန်းမှာ ဇာတ်ကသိမ်းရမှာ အရေးကြီးတယ်၊ ကိုယ်ကိုယ်တိုင်ခံစားရမှလည်း ဖြစ်မယ်။ ကျွန်တော့်အနေနဲ့ သုံးလေးရက်လောက်ကို စကားလုံးတွေ ညှိကြည့်ပေမယ့် မရဘူး။ အဲ့ဒီအချိန်မှာ ဘာလေး သွားတွေ့လဲဆိုတော့ ကျွန်တော်က နံနက်ပိုင်းမှာ မေတ္တသုတ်ရွတ်တာတို့၊ တရားထိုင်တာတို့လုပ်ပါတယ်။ ကျွန်တော်က ဥပေက္ခာအကြောင်းလေးကိုတရားနာမိတယ်။ ကျွန်တော်တို့ လူသားတွေမှာ ချစ်ခြင်း၊ မုန်းခြင်းတွေရှိနေလို့သာ ပြဿနာတွေ တက်နေတာပါ။ ဒါတွေကို ဥပက္ခာပြုလိုက်ရင်တော့ အင်မတန်ငြိမ်းချမ်းသွားမယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီဇာတ်သိမ်းရဲ့ စကားလုံးကို ရွေးဖြစ်တာပါ။

Voice : ပိုင်ဖြိုးသုအကယ်ဒမီရတာက အားလုံးအတွက် Surprise ဖြစ်တယ်ဆိုတော့ ကိုယ်တိုင်က မှန်းပေးထားလား၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးနေတဲ့အချိန်မှာ ဘယ်လိုသင်ကြားပြသမှုတွေ လုပ်ပေးခဲ့ရလဲ။
W : ကျွန်တော့်အနေနဲ့ကတော့ ခပ်ရေးရေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တခြားကားတွေမှာလည်း တခြားလူတွေက နာမည်ထွက်တယ်လေ။ ဒါပေမဲ့ တခြားနာမည်ထွက်တဲ့လူတွေရဲ့ကားတွေကို မကြည့်ဖူးတော့ သိပ်မမျှော်လင့်ထားပါဘူး။ နောက်တစ်ခုက သုသုမှာ ကောင်းတာတစ်ခုက သူ့ကို တစ်ရက်၊ နှစ်ရက်လောက် လိုအပ်တာ ညွှန်ကြားပြီးသွားတာနဲ့ နောက်ပိုင်းမှာ သိပ်ပြီး ညွှန်ကြားစရာမလိုတော့ဘူး။ ကျွန်တော်က “နေဝင် အိပ်တန်းတက်” ရုပ်ရှင်ကားမှာကတည်းက သူ့အကြောင်းကို ကောင်းကောင်းသိတယ်။ ဒီအလုပ်ကိုလုပ်ရင် အာရုံစူးစိုက်မှု အရမ်းကောင်းတယ်။ သူ့ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး။ သူ့ရဲ့ သရုပ်ဆောင်ပိုင်းမှာ သူ့ရဲ့အားသာချက်ပေါ့နော်။ နောက်တစ်ခုက သူက ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် မှတ်ဉာဏ်အရမ်းကောင်းတယ်။ ကျွန်တော် သူ့ကို အကြိုက်ဆုံးအချက်ကတော့ အက်တင်တစ်ဆင့်ချင်းသွားတဲ့နေရာမှာ မှန်တယ်။ ကျွန်တော်ကတော့ သူအကယ်ဒမီဆုရတဲ့အတွက် ဝမ်းသာတယ်။ သူ့အနေနဲ့ကတော့ ရမယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ ရွှေရုပ်သွင်ဇာတ်ရုပ်နဲ့ ဝင်အောင်ကတ်တိုင်းကတ်တိုင်းမှာ သူကြိုးစားခဲ့တယ်။ သူက ကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားရတယ်။ လူတိုင်းလူတိုင်းက ကိုယ့်အလုပ်ကိုယ် တာဝန်ကျေမယ်ဆိုရင် တစ်ချိန်ကျရင် ရလဒ်တွေဆိုတာ ကောင်းနေမှာပါ။ 

ဝင်းထွန်းနိုင်