News

POST TYPE

ENTERTAINMENT

ဒါရိုက်တာ ဦးကြည်စိုးထွန်းနဲ့ တွေ့ဆုံခြင်း
24-Mar-2018



“ပုဂ္ဂလိက ခံစားချက်၊ ပုဂ္ဂလိက ကိုးကွယ်မှုနဲ့ ပြောတာကတော့ ဆရာတို့လည်း မတတ်နိုင်ဘူး။ ဆုရွေးချယ်တဲ့ စံချိန်စံညွှန်းနဲ့မကိုက်ဘူးလို့ ထောက်လာရင်တော့ ဆရာတို့က အလေးပြုရမှာပဲ”

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့တွေ့ဆုံပြီး ဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်း၊ ကြည့်ရှုအကဲဖြတ်ရာမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံများအကြောင်း၊ ဆုရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်းများအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါမှာ ဆရာတို့ အကဲဖြတ်တွေအနေနဲ့ ဘယ်လိုအရာတွေ တွေ့ကြုံရလဲဆိုတာ ပြောပြပေးပါဦး။
KST : ရုပ်ရှင်ကား ၅၃ ကားကြည့်တဲ့အခါမှာ ဆရာ ဘာကျေနပ်လဲဆိုရင် အရုပ်တွေ၊ အသံတွေကို သိပ်ကျေနပ်တာပဲ။ အရုပ်တွေကတော့ ဆရာတို့ခေတ်တုန်းကလို မဟုတ်တော့ဘူး။ ဆရာတို့ခေတ်တုန်းကဆိုရင် တော်တော်ဂရုစိုက်ရတယ်။ ဖလင်နဲ့ရိုက်ရတာဆိုတော့။ ဘာပဲဖြစ်ဖြစ်တော့ လောလောဆယ် ကြည့်ကောင်းတယ်။ အသံစနစ်တွေကလည်း တအားကောင်းလာတယ်။ အရုပ်နဲ့အသံကတော့ တကယ်ကောင်းတယ်။ အဲဒါလေးတစ်ခု ကျေနပ်စရာကောင်းတယ်။ မကျေနပ်စရာက ဘာလဲဆိုတော့ ကင်မရာကိုရိုက်တဲ့အခါမှာ နှစ်လုံးသုံးလုံးရိုက်ကြတယ်။ ဆရာတို့ခေတ်တုန်းက တစ်လုံးတည်းကို ရိုက်ကြတယ်။ ဂရုစိုက်ပြီး ရိုက်ရတယ်။ အခုခေတ်က နှစ်လုံးသုံးလုံးနဲ့ရိုက်ကြတော့ သိပ်ဂရုစိုက်စရာမလိုတော့ဘူးလို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ မဟုတ်ဘူး။ ဆရာတို့ဆီမှာ ၁၈၀ ဒီဂရီဆိုတာရှိတယ်။ အဲဒါကိုကျော်သွားရင် အရုပ်တွေက လည်ထွက်သွားတာမျိုးတွေရှိတယ်။ ဒါတွေကို တည်းဖြတ်ဆရာတွေ၊ ကင်မရာမင်းတွေက ပိုနားလည်တယ်။ အဲတော့ ရုပ်ရှင်ရဲ့ သဒ္ဒါနည်းကို ဖောက်သွားတယ်။ အဲဒါမျိုးတွေကို တွေ့ရတယ်။ ဒါကတော့ ကင်မရာများလို့ တွေ့တဲ့အချက်ပေါ့။ နောက်တစ်ခုက ပေါ့သွားတာပေါ့။ စက်မှုက သိပ်ကောင်းသွားတော့ ပေါ့သွားတယ်။ အရုပ်တွေကိုလည်း သိပ်ပြီးတော့ မစစ်တော့ဘူး။ သရုပ်ဆောင်တွေကလည်း ပြန်ရိုက်ရင်ရတာပဲဆိုတဲ့စိတ်တွေ ဖြစ်သွားတယ်။ ခံစားမှုလေးတွေလျော့သွားတာကို သွားတွေ့ရတယ်။ 

Voice : တစ်နှစ်တာအတွင်း ရုံတင်ပြသတဲ့ ဇာတ်ကားအရေအတွက် များလာသလို၊ ဇာတ်ကားအရည်အသွေးပိုင်းကရော တိုးတက်မှုရှိလာရဲ့လား။
KST : အဆိုးရွားဆုံးကတော့ တော်တော်များများက ရယ်ရရင်ပြီးရော ဟာသကားတွေ ပိုက်ဆံရတယ်ဆိုတဲ့ အတွေးတွေပေါက်တော့ ဟာသကားကိုပဲ နက်နက်နဲနဲမရိုက်ဘဲနဲ့ ပေါ့ပေါ့တန်တန် ဖြစ်လာတယ်။ အမူအရာတွေက ဟီရိဩတ္တပ္ပတရား ကင်းလာတယ်။ အပြောအဆိုတွေကလည်း ဟီရိဩတ္တပ္ပ ကင်းတာပါပဲ။ ဘာလို့လဲဆိုတော့ အောက်ပိုင်းတွေရော အထက်ပိုင်းတွေရော ပြောတာပဲ။ ဒီထက်ဆိုးတာက ဘာလဲဆိုတော့ အဖေတို့ အမေတို့ မိဘကိုပေါ့ ပြန်ပြောတဲ့ အခန်းတို့၊ လူကြီးကို မထီမဲ့မြင်လုပ်တဲ့အခန်းတို့ ပါတယ်။ အဲလိုပါလာတော့ စိတ်ထဲမှာ မကောင်းဘူး။ ဒါတွေကတော့ ထိန်းသိမ်းသင့်တယ်လို့ ထင်တယ်လေ။ အဲဒါတွေမြင်တဲ့အခါကျတော့ တော်တော်ကို သည်းခံကြည့်ရပါတယ်။ နောက်ပြီးတော့ ပေါတောတောတွေလုပ်တယ်။ ဖြစ်ကတတ်ဆန်းတွေ ရိုက်တယ်။ ဒါတွေက ပရိသတ်ကို မလေးစားတာပဲလို့ သွားမြင်တယ်။ စိတ်ထဲလည်းမကောင်းဘူး စိတ်လည်းညစ်တယ်။ သို့သော်လည်း စိတ်ညစ်နေလို့ မရဘူးလေ။ ကိုယ်က ညစ်ညစ် မညစ်ညစ် ကောင်းကောင်းမကောင်းကောင်း ကြည့်ကိုကြည့်ရမှာပဲ။ ကြည့်ရမယ့် တာဝန်ရှိတော့ ၅၃ ကားလုံး ဆရာတို့ ကြည့်ရပါတယ်။ အဲဒီအပြင် တစ်ကြိမ် နှစ်ကြိမ် စသည်ဖြင့် ငါးကြိမ်လောက်ကြည့်ရတယ်။

Voice : အဲဒီထဲကမှ အကောင်းဆုံးရွေးဖို့ အကျပ်အတည်းဖြစ်တဲ့ကားမျိုးရယ်၊ လုံးဝကို မကြည့်ချင်လောက်တဲ့ကားမျိုးတွေရောပါလား။
KST : တကယ်တမ်းမှာ ဆရာတို့ လုံးဝမကြည့်ချင်တဲ့ကားကတော့ ရှင်းတယ်။ ဆရာတို့အုပ်စုက အဲကားကို ဇီးရိုး (ဝ) ပေးလိုက်တယ်။ တကယ်ကြည့်ချင်တဲ့ကားဆိုရင် (၁) တစ်ပေးလိုက်တယ်။ တစ်ပေးလိုက်တဲ့ကားတွေကတော့ တက်လာတယ်။ ဇီးရိုးပေးလိုက်တဲ့ကောင်တွေကတော့ တစ်ခါတည်းနဲ့ ပြုတ်ကျသွားရော။ အဲဒီနေရာမှာတော့ ဆရာတို့အုပ်စုက တော်တော်ညီပါတယ်။ ညီပါတယ်ဆိုတာက ဆရာတို့ လူသုံးဆယ်ရှိရင် နှစ်ဆယ်လောက်က တစ်ခါတည်း မကြည့်ချင်တော့ဘူးပေါ့။ နောက်ကျတော့ သုံးဆယ်လုံး မကြည့်ချင်လောက်တဲ့ကားလည်း ရှိတာပေါ့။ ပြန်ကြည့်ချင်တဲ့ကားကျတော့ ပြန်ကြည့်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်တွေက ကောင်းတာတွေလည်းပါတယ်။ နောက်ပြီးတော့ ဓာတ်ပုံတွေကကောင်းတာတွေလည်း ပါတယ်။ အထပ်ထပ်ပြန်ကြည့်ပြီးတော့ အပြစ်ရှာရတယ်။ မင်းသား မောင်ဖြူ၊ မောင်နီ၊ မောင်မဲ သုံးယောက်က ကောင်းနေပြီ။ အဲဒီသုံးယောက်မှာမှ မောင်ဖြူ ဘာအပြစ်ရှိလဲ၊ မောင်မဲ ဘာအပြစ်ရှိလဲ ဆရာတို့က ရှာတာပဲပေါ့နော်။ မောင်မဲအပြစ်ရှိတယ်လို့တွေ့ရင် မောင်မဲကို ထားခဲ့တော့။ အပြစ်ရှာနည်းကလည်း အဝတ်အစားကအစ ချုပ်တာက သူ့ခေတ်နဲ့သူ ဝတ်တာဟုတ်လား ပြောတာဟုတ်လား စသည်အားဖြင့်ပေါ့။ အပြစ်တွေကိုရှာပြီး အကဲဖြတ်ရတယ်။

Voice : အကယ်ဒမီစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်တွေထဲမှာ ပြည်ပက အနုပညာရှင်၊ အတတ်ပညာရှင်အချို့ကို ပါဝင်စေဖို့ အနုပညာလောကသားတချို့က အကြံပြုကြတဲ့အပေါ် ဆရာ့သဘောထားက ဘယ်လိုများရှိလဲ။
KST : အဲဒါကျတော့ နည်းနည်းခက်သွားပြီ။ ခက်တယ်ဆိုတာက မြန်မာလိုတတ်ရင်တော့ ကောင်းတာပေါ့နော်။ မြန်မာစကားတတ်ရင်ကောင်းတယ်။ မြန်မာစကားလုံးကို နားမလည်နိုင်တာရှိတယ်။ အဖော့ အဖိ အဖြတ်အတောက်တွေကျတော့ ပြည်ပက ပညာရှင်က မသိနိုင်ဘူးထင်တယ်။ အက်တင်တော့ သိရင်သိမှာပေါ့နော်။ ဒါပေမဲ့လည်း အက်တင်တွေကလည်း မတူဘူးလေနော်။ တစ်ခါတလေကျရင် ခါးထောက်တာက မခန့်လေးစားလုပ်တာပေါ့။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာက ဆရာကြားဖူးတာက လက်ပိုက်လို့မရဘူး။ လက်ပိုက်ရင် ဒါက Challenge လုပ်တာလို့ ဆိုတယ်။ ဆရာတို့ဆီမှာကတော့ လက်ပိုက်နေလို့ရတယ်လေ။ ဆရာမကခေါ်ရင် လက်ပိုက်သွားလို့ရတယ်။ တကယ်လို့ ဂျပန်ပညာရှင်ကလာရင် လက်ပိုက်တာ ဘာလဲကွ Challenge လုပ်တာလားဆိုရင် မခက်ပေဘူးလား။ ဒီလိုဟာလေးတွေလည်း ရှိတယ်။ ပြည်ပပညာရှင်တွေကို အကဲဖြတ်စေချင်တဲ့သူတွေလည်း ရှိမှာပေါ့။ ဆရာ့အနေနဲ့ကတော့ ပြည်တွင်းက ပညာရှင်တွေလောက်တော့ ပိုင်ပိုင်နိုင်နိုင် အကဲဖြတ်နိုင်မယ်လို့တော့ မထင်ဘူးလေ။ ဘာလို့လဲဆိုတော့ မြန်မာအကြောင်းကို မြန်မာက သိတာကိုး။

Voice : မတ်လ ၁၆ ရက်နေ့မှာ အကယ်ဒမီဆုတွေနဲ့ပတ်သက်ပြီး စာအိတ်ပိတ်လိုက်ပြီလို့ သတင်းထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ဆုရရှိသူတွေရဲ့ အမည်စာရင်းဆိုပြီး အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးပါဦးဆရာ။
KST : အခု ဆရာတို့ နောက်ဆုံးအဆင့် ဖွင့်တဲ့အခါမှာ ဝန်ထမ်းတစ်ယောက်ပါပါတယ်။ အဲဒီဝန်ထမ်းကိုလည်း ပြောထားတယ်။ ဒါက ငါတို့ရဲ့သမိုင်းပဲ။ ဒီသမိုင်းနာမည်ကိုဖျက်ကြမယ်ဆိုရင် ပျက်သွားမယ်။ တင်းတင်းကျပ်ကျပ် ပြောထားတာရှိပါတယ်။ အားလုံးကလည်း ကိုယ့်သမိုင်းကိုတော့ အပျက်မခံဘူးပေါ့။ အစိုးရဌာနက လုပ်တုန်းကတော့ မပွင့်ဘူး။ ရုပ်ရှင်သမားတွေလုပ်တော့မှ ပွင့်တယ်ဆိုတာကတော့ ရှက်စရာကြီးပေါ့နော်။ ဆရာကတော့ ပေါက်ကြားတယ်ဆိုတာကတော့ ဒီနှစ်က ကားများတော့ ပိုခက်တယ်။ ကောင်းတဲ့သူတွေကလည်း အများကြီးပဲ။ တချို့ကတော့ သူတို့ ရစေချင်တဲ့သူကိုပြောမှာပဲ။ တချို့ကလည်း မှန်းပြီးတော့ ချကြမှာပဲ။ မှန်တဲ့သူလည်း ပါမှာပဲ။ မမှန်တဲ့သူလည်း ပါမှာပဲ။ အကုန်လုံးတော့ မှန်ဖို့မလွယ်ဘူးထင်တာပဲ။ ၅၃ သုံးကားတောင်ရှိတာဆိုတော့ တော်တော်တော့ ခက်တယ်။

Voice : ဒါဆိုရင် ဇာတ်ကားအားလုံးပေါင်း ၅၃ ကားထဲက လက်ရွေးစင် ဘယ်နှကားထွက်လာလဲဆရာ။ 
KST : များသောအားဖြင့် အကဲဖြတ်အဖွဲ့ဝင်တွေ ကြိုက်ကြတာက ဆယ်ကားကျော်ကျော်ရှိတယ်။ အဲဒီထဲကမှ သုံးလေးငါးကားကို ပြန်ကြည့်တာရှိသေးတယ်။ အားလုံးပေါင်းလိုက်ရင် ၁၃၊ ၁၄ ကားလောက်ရှိတယ်။ ကျန်တဲ့ အတတ်ပညာပိုင်းဆိုင်ရာအတွက် ပြန်ကြည့်တာတွေလည်း ရှိတယ်။ ဆယ်ကားတော့ ရွေးလိုက်ပြီ။ ဒီဆယ်ကားထဲက ပါတာမျိုးတော့ မဟုတ်ဘူး။

Voice :  DVD  Debate မှာ ဆရာပြောသွားတဲ့ စကားလေးပေါ့နော်။ အကယ်ဒမီအတွက် ဇာတ်ကားတွေကြည့်ရတဲ့အခါမှာ ဆက်ပြီး မကြည့်ချင်လောက်တဲ့ကားမျိုးတွေ ရှိတယ်။ ဂျင်းထည့်ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆရာဘာများပြောချင်တာများရှိလဲ။
KST : အဲဒါကတော့ အဖြတ်အတောက်လေးတွေ တစ်မျိုးဖြစ်နေလို့ပါ။ ဆရာပြောတာက ပရိသတ်ကို အထင်သေးပြီးတော့ ပရိသတ်အကြိုက်ကို သိပ်လိုက်ပြီးတော့ ရိုက်လွန်းတာကိုပေါ့။ ကိုယ်ဟန်အမူအရာတွေ ဟီရိဩတ္တပ္ပတရားကင်းတာတို့ နောက်တစ်ခါ နှုတ်ကထွက်တဲ့စကားတွေက ဟီရိဩတ္တပ္ပတရားကင်းတဲ့စကားတွေ ဖြစ်တာတို့၊ ရိုးနေတာတို့ ရိုးအီနေတာတွေကို ထပ်ထပ်ပြီးတော့ ပြတာတို့ကိုပြောချင်တာ။ ရိုးအီတာတွေကို ထပ်ထပ်ပြတော့ ပရိသတ်အထင်သေးတာပေါ့။ ဆရာတို့လည်း စိတ်ညစ်တယ်။ စိတ်ပျက်သွားတာပေါ့။ မင်းတို့ရိုက်ရက်တယ်၊ မလုပ်သင့်တော့ဘူးဆိုတဲ့ ဒီအတွေးလေး ပေါ်လာတာပါ။ အဲဒါကြောင့် အဲဒီလို ပြောပစ်လိုက်တာပါ။ တော်တော်များများကတော့ တတ်နိုင်သလောက် လုပ်နေကြတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် နည်းပညာအရတော့ တော်တော်ကောင်းလာပြီ။ အရုပ်တွေ အသံတွေရော ကောင်းလာတယ်။ အဲဒီအတွက် ဆရာတို့ တော်တော်ဝမ်းသာပါတယ်။ အမူအရာတွေကတော့ အညံ့ထဲကတော့ မဟုတ်ဘူး။

Voice : ကော်ပီကားဆိုရင် သရုပ်ဆောင်ကိုပဲ ဆုပေးတယ်၊ ဒါရိုက်တာနဲ့ ဇာတ်ကားဆု မပေးဘူးလို့ မူသတ်မှတ်ထားတဲ့အပေါ်မှာရော ဆရာ့အမြင်က ဘယ်လိုရှိလဲ။ 
KST : ကော်ပီကားဆိုရင် သရုပ်ဆောင်ဆုအတွက်ကိုပဲ စဉ်းစားပါတယ်။ ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုကိုတော့ မစဉ်းစားတော့ဘူး။ အရင်ကလည်း အဲဒီအတိုင်းပဲ။ ဆရာတို့ သမီးနဲ့အမေများဆိုရင် အဲဒီအတိုင်းပဲ။ ဇာတ်ကားဆုရော ဒါရိုက်တာဆုရော မစဉ်းစားဘူး။ ဒါပေမဲ့ သရုပ်ဆောင်ဆုကိုပေးတယ်။ တစ်ခါတလေ အကဲဖြတ်အဖွဲ့ကမသိလို့ ဇာတ်ကားဆုကို ပေးလိုက်တာတွေလည်းရှိတယ်။ တွေ့ဖူးတယ်။ ဒီနှစ်က တချို့ ကော်ပီကူးရိုက်ထားတာဆိုရင် အဲဒီကားမူရင်းကားကိုပါ လိုက်ကြည့်ကြတယ်။

Voice : အရင်နှစ်တွေမှာ အကယ်ဒမီထူးချွန်ဆု တချို့ကျန်ခဲ့တာမျိုး ရှိပေမယ့် ဒီနှစ်မှာ ဆုတွေအားလုံး ချီးမြှင့်ခဲ့တဲ့အပြင် တစ်သက်တာထူးချွန်ဆုကိုပဲ ပထမဆုံးချီးမြှင့်တဲ့အပေါ်ရော ဘယ်လိုမြင်လဲဆရာ။ 
KST : ဒီနှစ်က ဆု အကုန်လုံး ၁၁ ဆု အပြည့်အဝပေးတယ်ဆိုတာက အပြည့်အဝ သဘောကျကြလို့ပါ။ တကယ်လို့ ဒီနှစ်မှာ ခုနစ်ဆုပဲ သဘောကျတယ်ဆိုရင်တော့ ခုနစ်ဆုပဲဖြစ်မယ်။ ဒီနှစ်က အကဲဖြတ်တဲ့သူတွေက ၁၁ ဆုလုံးကြိုက်တယ်ဆိုတော့ ၁၁ ဆု ဖြစ်မှာပေါ့။ ဆိုလိုတာကတော့ ဘယ်လောက်ပေးမယ်လို့ ကြိုပြောထားတာမဟုတ်ဘူး။ ထိုက်တန်ရင်ပေးမယ်။ ၁၁ ဆုပေးမယ်ဆိုတော့ ၁၁ ဆု ထိုက်တန်လို့သာ အောက်မေ့ပေါ့။ တစ်သက်တာဆုကတော့ သတ်မှတ်ပြီးသားရှိတယ်။ အကဲဖြတ်အဖွဲ့အနေနဲ့ကတော့ တစ်သက်တာအတွက် စံချိန်စံညွှန်းကန့်သတ်ပေးလို့ မရဘူး။ ရုပ်ရှင်လောကသားတွေရဲ့ဆန္ဒက ပိုကောင်းတယ်။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့က သတ်မှတ်တာကောင်းပါတယ်။

Voice : အကယ်ဒမီဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့က တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦးဆရာ။
KST : ဆရာတို့ စံချိန်စံညွှန်းတွေကို ထုတ်ထားတယ်။ သရုပ်ဆောင်ကို ဘယ်လိုပေးရတယ်။ ဒါရိုက်တာဆို ဘယ်လိုပေးရတယ်။ အဲဒီစံချိန်စံညွှန်းတွေနဲ့တိုက်ပြီး ဒါကတော့ မကိုက်ဘဲ ပေးတယ်ဆိုရင် ဝေဖန်ပေါ့။ မင်းသားမောင်ဖြူကို ကြိုက်နေရာကနေ မောင်ညိုပေးလို့ ဝေဖန်တယ် ဆဲဆိုတယ်ဆိုရင်တော့ မတတ်နိုင်ဘူး။ ဒါကတော့ ပုဂ္ဂလိက ခံစားချက်၊ ပုဂ္ဂလိက ကိုးကွယ်မှုနဲ့ ပြောတာကတော့ ဆရာတို့လည်း မတတ်နိုင်ဘူး။ ဆုရွေးချယ်တဲ့ စံချိန်စံညွှန်းနဲ့မကိုက်ဘူးလို့ ထောက်လာရင်တော့ ဆရာတို့က အလေးပြုရမှာပဲ။ ဆရာတို့က ဒီအလုပ်လုပ်တယ်ဆိုတာကလည်း ငွေရေးကြေးရေးရတာလည်း မဟုတ်ဘူး။ သို့သော် ကိုယ့်မှာ ဒီတာဝန်ကြီးရှိလို့ ဒီတာဝန်ကြီးကို ဆက်လက်ပြီး ဆရာတို့အားလုံး လုပ်ပေးနေကြတာပါ။