News

POST TYPE

ENTERTAINMENT

မြန်မာ့ရုပ်ရှင်လောကကို စီးပွားရေးလုပ်ငန်းရှင်များ ပံ့ပိုးပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
24-Mar-2018



ရန်ကုန်၊ မတ် ၂၃

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် အကျိုးအမြတ်မကြည့်ဘဲ မြန်မာရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးပေးကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။

မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MEP ၌ ကျင်းပသည့် မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောအမှာစကားတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

“စီးပွားရေးအတွက်မဟုတ်ဘဲ နိုင်ငံအတွက် ရုပ်ရှင်လောကကို ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ နိုင်ငံတော်ရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရော၊ ပြည်သူပြည်သားတွေကလည်း ပံ့ပိုးကူညီဖို့လိုပါတယ်။ အနုပညာရှင်တွေဘက်ကလည်း ခေတ်နဲ့အညီပြောင်းရာမှာ အဆင့်မြင့်မြင့် ပြောင်းကြပါ။ ပြောင်းလဲချိန်တန်ပြီဆိုတာ ပြောင်းလဲရမှာက နေ့တိုင်းနေ့တိုင်း ပြောင်းလဲရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခြင်းသည် အကယ်ဒမီဆုပေးပွဲ သက်တမ်းတစ်လျှောက်တွင် အစိုးရအဖွဲ့ တာဝန်ရှိသူများထဲမှ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ပထမဆုံးတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အကြိုကာလအတွင်း ရုပ်ရှင်လောကသားများ၏ ပံ့ပိုးကူညီမှုကို အထူးအသိအမှတ်ပြုကြောင်းပြောဆိုခဲ့ပြီး အစိုးရဖြစ်လာသည့်အချိန်တွင် ပစ်ထားသည်ဟု မယူဆစေလိုကြောင်းလည်း ပြောကြားခဲ့သည်။