News

POST TYPE

ENTERTAINMENT

ကြိုတင်မှန်းဆချက် အများစုမှန်ခဲ့သည့် ၂၀၁၇ အကယ်ဒမီ ထူးချွန်ဆုပေးပွဲ
24-Mar-2018



ရန်ကုန်၊ မတ် ၂၃

ကြိုတင်မှန်းဆထားကြသည့်အတိုင်း ရေပန်းစားနေသူများသာ သရုပ်ဆောင်၊ ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆုတို့ ဆွတ်ခူးသွား၍ ၂၀၁၇ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ပရိသတ်အကြိုက်နှင့် ထပ်တူကျခဲ့သည်။

အမျိုးသားသရုပ်ဆောင်ဆုကို ကြိုတင်မှန်းထားသည့်အတိုင်း တာတေကြီးဇာတ်ကားနှင့် နေတိုးက ရရှိခဲ့သလို အမျိုးသမီးသရုပ်ဆောင်ဆုကိုလည်း ရင်ဘတ်ထဲကဓားနှင့် အိန္ဒြာကျော်ဇင်က ဆွတ်ခူးသွားသည်။

ထူးခြားသည်က သရဲဇာတ်ကားများဖြစ်သည့် တာတေကြီးနှင့် သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားတို့လည်း ဆုများ အသီးသီးဆွတ်ခူးသွားခြင်းဖြစ်သည်။

ပိုင်ဖြိုးသုက သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားနှင့် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံဆုကိုလည်း ယင်းဇာတ်ကားနှင့်ပင် ကျောက်ဖြူ (ပဒေသာ) နှင့် ကိုနေဝင်းတို့က ရရှိခဲ့သည်။

အမျိုးသားဇာတ်ပို့ဆုကိုလည်း အမှောင်တွေရွာချတဲ့မိုးတိမ် ဇာတ်ကားနှင့် ပရိသတ်အများစု အကယ်ဒမီရစေချင်နေသည့် မြင့်မြတ်က ပထမဆုံးအကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ယင်းအပြင် ၂၀၁၇ အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ဆုများစွာရရှိနိုင်သည်ဟု ခန့်မှန်းထားသော ထာဝရအမေဇာတ်ကားက ဆုအများဆုံးဆွတ်ခူးခဲ့ပြီး ယင်းဇာတ်ကားတွင် ဒါရိုက်တာစင်ရော်မောင်မောင်က ဒါရိုက်တာဆု၊ ဦးသိန်းအောင်က ရုပ်ရှင်အသံဆုနှင့် အိုဝင်က တည်းဖြတ်ဆုတို့ရရှိခဲ့သည်။

ဇာတ်ညွှန်းဆုကိုလည်း ဒါရိုက်တာဝိုင်းက ရင်ဘတ်ထဲကဓားနှင့် ရရှိခဲ့ပြီး ၂၀၁၇ အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီဆုရရှိခဲ့သော ရုပ်ရှင်ဇာတ်ကား ခုနစ်ကားတွင် ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားသုံးကားအထိ ပါဝင်ခဲ့သည်။

ယင်းအကယ်ဒမီဆုပေးပွဲတွင် ပရိသတ်အများစု ထူးထူးခြားခြား စိတ်ဝင်စားခဲ့သူမှာ ကွမ်းလုံ ရက် ၄၀ ဇာတ်ကားနှင့် တေးဂီတဆု ဆွတ်ခူးခဲ့သည့် စန္ဒယားတင်ဝင်းလှိုင် ဖြစ်သည်။

အကယ်ဒမီဆုယူအပြီး ပြောကြားခဲ့သည့် ကျေးဇူးတင်စကားကြောင့် စန္ဒယားတင်ဝင်းလှိုင်ကို ပရိသတ်အများစု ပွဲကျခဲ့သည်။

၂၀၁၇ အကယ်ဒမီထူးချွန်ဆုပေးပွဲ၏ အထူးခြားဆုံးမှာတော့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဆုံး ပေးအပ်ခဲ့သည့် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုဖြစ်ပြီး ဒါရိုက်တာ စည်သူဘိုကလေးတင့်အောင်က ရရှိခဲ့သည်။