News

POST TYPE

ENTERTAINMENT

အိုင်ရင်းဇင်မာမြင့်နဲ့ တွေ့ဆုံခြင်း
22-Mar-2018

“ပရိသတ် ညီအစ်ကို မောင်နှမတွေထဲက မိန်းကလေးတွေကိုလည်း အိုင်ရင်းကိုကြည့်ပြီး ခွန်အားရစေချင်တယ်”

နာမည်ကျော် တေးသံရှင် အိုင်ရင်းဇင်မာမြင့်နဲ့တွေ့ဆုံပြီး တတိယတစ်ကိုယ်တော် စီးရီးသစ်အကြောင်း၊ သွယ်လျလှပလာတဲ့ အကြောင်းရင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အိုင်ရင်းရဲ့ လတ်တလော ဂီတလှုပ်ရှားမှု အကြောင်းကနေစပြီး ပြောပြပေးပါဦး။
IZMM : လတ်တလောမှာတော့ ညီမရဲ့ တတိယတစ်ကိုယ်တော်ခွေအတွက် သီချင်းတွေလုပ်နေပါတယ်။ ဒီနှစ်ထဲမှာ ထွက်ဖို့တော့ မှန်းထားပါတယ်။ သီချင်းတွေကတော့ အများကြီး လုပ်ထားတယ်။ အဲ့ဒီထဲကနေမှ စိတ်ကြိုက်ဖြစ်တဲ့ သီချင်းတွေကို ပြန်ရွေးသွားမှာပါ။ ဂီတဈေးကွက်အခြေအနေက အရင်လိုမကောင်းပေမယ့် ပရိသတ်တွေကို သီချင်းအသစ်တွေ နားထောင်စေချင်တာကြောင့် ဒီခွေကို လုပ်နေတာပါ။ ရှုံးခြင်း၊ မြတ်ခြင်းထက် ကိုယ့်ရဲ့ဂီတအနုပညာကို ချပြချင်တာကြောင့်ပါ။ 

Voice : ဒီခွေမှာရော သီချင်းပုံစံအပြောင်းအလဲတွေ လုပ်ဖို့ရှိမလား။ 
IZMM : ဒီခွေမှာတော့ အိုင်ရင်းအနေနဲ့ ဆိုပုံဆိုပေါက်တွေ ပြောင်းထားပါတယ်။ ပရိသတ်တွေကတော့ လက်ခံနိုင်ပါ့မလားဆိုတာကို အိုင်ရင်းလည်း ရင်ခုန်နေပါတယ်။ ပရိသတ်တွေ ကြိုက်ကြတဲ့ သီချင်းအချိုလေးတွေအပြင် ဆိုနေကျမဟုတ်တဲ့ သီချင်းမျိုးတွေလည်း ကြိုးစားပြီးတော့ ဆိုကြည့်ထားပါတယ်။ ကိုယ်တိုင်လည်း ပုံစံသစ်တစ်ခုကို ပြောင်းကြည့်ချင်တယ်။ ပရိသတ်တွေကိုလည်း အသစ်အဆန်းတစ်ခုပေးချင်တယ်။ အဲ့ဒါကြောင့်ပါ။

Voice : ဂီတဈေးကွက်အခြေအနေက မကောင်းတော့ နာမည်ကြီး အဆိုတော်တွေတောင် စီးရီးတစ်ခွေထွက်ရင် အရင်းပြန်ရဖို့တောင် မသေချာဘူးလို့ ပြောကြတယ်။ ကိုယ်တိုင်ရော ဘယ်လို ကြိုးစားရပ်တည်နေရလဲ။
IZMM : အိုင်ရင်းကတော့ အဲ့ဒါတွေကို လိုက်ခံစားတဲ့အထဲမှာ မပါဘူး။ ကိုယ်က အဆိုတော်တစ်ယောက်ဖြစ်လာရင် ကိုယ့်ပရိသတ်အပေါ် တာဝန်ကျေရမယ်လို့ ခံယူထားတယ်။ အချိန်တန်ရင် သူတို့အတွက် သီချင်းကောင်းလေးတွေ ပေးနိုင်ရမယ်လို့ တွေးထားတယ်။ ခိုးကူးခွေတွေ နည်းသွားတယ်ဆိုပေမယ့် လက်ရှိမှာ ခွေသစ်တစ်ခွေထွက်ရင် ညနေလောက်ဆို အွန်လိုင်းမှာ Download လုပ်လို့ရနေပြီ။ ဒါတွေက အဆိုတော်တစ်ယောက်အတွက် အများကြီး ထိခိုက်မှုရှိပါတယ်။ ဒါပေမဲ့ ခွေတွေ အလွယ်တကူဝယ်လို့မရတဲ့ နယ်မြို့တွေ၊ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ပရိသတ်တွေကျတော့ သီချင်းကို နားထောင်ချင်တဲ့အတွက် အွန်လိုင်းက ယူကြမှာပဲ။ 

အိုင်ရင်းတစ်ယောက်တည်းရဲ့ ဆန္ဒကတော့ ကိုယ်ရှိုးဆိုရင် စင်အောက်က ပရိသတ်တွေက ကိုယ့်သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင် လိုက်ဆိုတာကို လိုချင်တယ်။ အဲ့ဒီတော့ စီးရီးသစ်ထုတ်လို့ ငွေရှုံးရင် ရှုံးပါစေ။ ပရိသတ်တွေက ကိုယ့်သီချင်းကို သံပြိုင်လိုက်ဆိုတာကိုကြားရရင် ကျေနပ်ပြီ။

Voice : အိုင်ရင်းကို အရင်ထက် ပိုသွယ်လျပြီး လှလာတယ်လို့ ပရိသတ်တွေက ပြောကြတယ်။ ကိုယ့်ရဲ့ပုံစံကို ပြောင်းလဲဖြစ်ခဲ့တာ ဘာကြောင့်ဖြစ်မလဲ။
IZMM : အိုင်ရင်းက ပရိသတ်တွေရဲ့အကြံပြုစကားတွေကို ဖြည်းဖြည်းချင်းစီ ကြိုးစားပြီးတော့ လိုက်လုပ်ပေးခဲ့တာပါ။ သူတို့က ဝိတ်ချဖို့ အကြံပေးတယ်။ အိုင်ရင်းက Gym ဆော့ဖို့လည်း အချိန်မပေးနိုင်ဘူး။ အဲ့ဒီတော့ အစားအသောက်ကို ပြန်ပြီး Diet လုပ်ပေးတယ်။ ဗိုက်ဆာရင်လည်း ငါဝလို့မဖြစ်ဘူး၊ ဒီ့ထက်ဝလာရင် ရုပ်ပျက်ဖို့ပဲ ရှိတယ်ဆိုပြီး ကိုယ့်စိတ်ကို ပြန်ထိန်းရတယ်။ Music ပုံစံလေးတွေ နည်းနည်းလောက် ပြောင်းပေးပါဆိုရင်လည်း အိုင်ရင်းကြိုးစားပြီးတော့ ပြောင်းပေးကြည့်တယ်။ အဲ့ဒီတော့ ပရိသတ်မေတ္တာလည်း ပိုပြီးရလာတယ်လို့လည်း ထင်ပါတယ်။ အိုင်ရင်းက ချောတဲ့ ၊ လှတဲ့အထဲလည်း မပါပါဘူး။ ကိုယ်ကြိုးစားနေတဲ့ အရာလေးတွေတစ်ခုပြီးတစ်ခု အကောင်အထည် ပေါ်လာတဲ့အတွက် ပျော်ရွှင်ရပါတယ်။

Voice : အိုင်ရင်းကို ကြည့်ရတာ အရင်ထက်လည်း ပိုပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်လာတာကိုလည်း တွေ့ရတယ်။ အဲ့ဒါကရော ဘာကြောင့်ဖြစ်မလဲ။
IZMM : မိန်းကလေးလို့ပြောလိုက်ရင် အများစုက အားငယ်မယ်၊ ပျော့ညံ့မယ်လို့ ထင်ကြတယ်။ ပရိသတ် ညီအစ်ကို မောင်နှမတွေထဲက မိန်းကလေးတွေကိုလည်း အိုင်ရင်းကိုကြည့်ပြီး ခွန်အားရစေချင်တယ်။ ကိုယ်က လဲပြိုနေဦးမယ်၊ မထလာနိုင်သေးဘူးဆိုရင် အရှုံးထဲက အရှုံးဖြစ်မယ်။ လူဆိုတာကတော့ အမှားကိုသိပြီး အမှန်ကို ပြင်မယ်ဆိုရင် သူများလာပြင်ပေးတာထက်၊ ကိုယ့်ကိုယ်ကိုယ်ပြင်တာ အကောင်းဆုံးပါပဲ။ အိုင်ရင်း အရင်ကထက် အလုပ်တွေကို နှစ်ဆပိုကြိုးစားတယ်။ မေ့မေ့ကိုလည်း အချိန်ပိုပေးဖြစ်တယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့အားနည်းချက်တွေထဲက ရုပ်ရည်လိုမျိုးဟာဆိုရင်တော့ လုံးဝပြင်လို့မရဘူးလေ။ မလှတာက မလှတာပဲပေါ့။ ဒါပေမဲ့ ဝိတ်ချတာမျိုးက ကိုယ်ကြိုးစားပေးရင်ရတယ်ဆိုတော့ အိုင်ရင်း လုပ်ပေးဖြစ်ပါတယ်။

Voice : လက်ရှိမှာရော အိုင်ရင်းက တစ်ယောက်တည်းပဲလား။ နောက်ထပ် ချစ်သူရလာခဲ့မယ်ဆိုရင်ရော ပရိသတ်ကို အသိပေးသွားဦးမှာလား။
IZMM : အခုချိန်ထိတော့ အိုင်ရင်းဘဝကို တစ်ယောက်တည်းပဲ ဖြတ်သန်းနေပါတယ်။ အိုင်ရင်းက ပုန်းလျှိုးကွယ်လျှိုးလည်း မနေတတ်ပါဘူး။ တစ်ယောက်တည်းဆိုပေမယ့် အိုင်ရင်းပျော်ပါတယ်။ နေရတာလည်း ပိုပြီးပေါ့ပါးတယ်။ အချစ်ရေးကိစ္စကတော့ လျှို့ဝှက်ထားရင်လည်း အိုင်ရင်းအတွက် မထူးခြားသလို၊ အိုင်ရင်းကို အားပးနေတဲ့ ပရိသတ်တွေအတွက်လည်း ဘာမှမထူးခြားပါဘူး။ အိုင်ရင်းက နဂိုကတည်းကလည်း ကိုယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြနေကျပါ။ နောက်ထပ် အချစ်တစ်ခါ ထပ်ရှိလာခဲ့မယ်ဆိုရင်တော့ ပရိသတ်တွေသိရမှာပါ။

သန့်ဇင်ဦး

  • VIA