News

POST TYPE

ENTERTAINMENT

နာမည်ကျော်တေးသံရှင် စည်သူလွင်၊ နွယ်မာကျော်တို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံခြင်း
18-Mar-2018



“ကျွန်တော့်ဘဝမှာ ကိုယ်မကောင်းတဲ့ဟာတွေ ကိုယ်လိုအပ်နေတဲ့ဟာတွေက သူရှိမှ ပြည့်စုံမှာလေ” - စည်သူလွင် 

“သူ ကိုယ့်အပေါ်ထားတဲ့ စိတ်ဓာတ်တစ်ခုနဲ့ ကြင်နာယုယမှုတွေကြောင့် လက်တွဲဖော်အဖြစ် ရွေးခဲ့တာပါ” - နွယ်မာကျော် 

နာမည်ကျော်တေးသံရှင် စည်သူလွင်၊ နွယ်မာကျော်တို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီး ဖူးစာဆုံဖြစ်ခဲ့ပုံ၊ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ အိမ်ထောင်ရေးခိုင်မြဲအောင် တည်ဆောက်ခဲ့တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုစည်သူနဲ့ မနွယ်မာကျော်တို့က ဘယ်လိုဖူးစာဆုံခဲ့ကြတာလဲ။
STL : ကျွန်တော်တို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းကတော့ ခုနစ်နှစ်ကျော်လို့ ရှစ်နှစ်ထဲကို ရောက်လာပါပြီ။ စတွေ့ကြတာကတော့ သူ့ဦးလေးတစ်ယောက်နဲ့ ပတ်သက်ပြီးတော့မှ တွေ့ခဲ့ကြတာပါ။ သူ မော်ဒယ်လ်လုပ်တဲ့ အချိန်တုန်းကတော့ သူ့ကိုသိတော့ သိနေတယ်။ ရင်းတော့ မရင်းနှီးခဲ့ဘူးပေါ့နော်။ နောက်ပိုင်း လူချင်းတွေ့ကြတော့မှသာ ရင်းနှီးသွားခဲ့တာပါ။
NMK : နွယ်မာကကျတော့ သူ့ရှိုးပွဲတွေလည်း မကြည့်ဖူးဘူး။ ဦးလေးက ညစာစားပွဲတစ်ခုလုပ်တော့ သူလာတယ်။ အဲ့ဒီမှာ စတွေ့ပြီးတော့ ခင်သွားကြတယ်။ နောက်ပိုင်း သူက ချစ်ရေးဆိုတာနဲ့ ပြန်ကြိုက်ဖြစ်သွားခဲ့တာပါ။ ပထမပိုင်းတော့ သူငယ်ချင်းတွေလို အရင်ပေါင်းကြည့်တယ်။ သူ့စိတ်ဓာတ်လေးကို သဘောကျသွားတဲ့အခါမှာ ချစ်သူအဖြစ် လက်ခံခဲ့တာပါ။

Voice : နှစ်ယောက်လုံးက အနုပညာနယ်ပယ်ထဲကပဲဆိုတော့ ချစ်သူဘဝမှာ ညှိနှိုင်းရတာမျိုး သိပ်ရှိခဲ့မယ် မထင်ဘူးနော်။
STL : သူက ကျွန်တော့်သီချင်းတွေလည်း မသိဘူး။ တစ်ခါတလေကျတော့ သူက သီချင်းတစ်ပုဒ်ကို ကြိုက်လို့ ညည်းနေရင် အဲ့ဒီသီချင်းလေးက ကောင်းသားပဲနော်၊ ဘယ်သူ့သီချင်းလဲလို့ ကျွန်တော်က မေးတယ်။ အဲ့ဒီအခါကျရင် မသိဘူး၊ သီချင်းလေးကောင်းလို့ လိုက်ညည်းနေတာလို့ သူကဖြေတယ်။ အဲ့ဒီတော့မှ ကျွန်တော်ဆိုခဲ့တဲ့ သီချင်းဆိုတာကို ရှင်းပြရတယ်။ အရင်ကတည်းကလည်း သူက ကျွန်တော့်ရှိုးပွဲတွေကို လိုက်ကြည့်လေ့ကြည့်ထမရှိပါဘူး။ ကျွန်တော့်သီချင်းတွေနဲ့ စိမ်းပါတယ်။

Voice : ကိုစည်သူ့ကို ဘဝလက်တွဲဖော်အဖြစ် ဘယ်အချက်တွေကို ကြည့်ပြီး ရွေးချယ်ဖြစ်ခဲ့တာလဲ။
NMK : သူ့ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာတော့ အဆိုတော်တစ်ယောက်ဖြစ်နေလို့ မဟုတ်တာတော့ သေချာပါတယ်။ သူ့ရဲ့ သီချင်းတွေကိုကြိုက်ပြီး ချစ်သူအဖြစ် လက်ခံခဲ့တာလည်း မဟုတ်ဘူးလေ။ သူကိုယ့်အပေါ်ထားတဲ့ စိတ်ဓာတ်တစ်ခုနဲ့ ကြင်နာယုယမှုတွေကြောင့် လက်တွဲဖော်အဖြစ် ရွေးခဲ့တာပါ။ သူက ကိုယ့်ကို အသေကြွေပြတော့ သနားပြီး ပြန်ချစ်ခဲ့တာပါ။ ဒါကတော့ စတာပါ။

Voice : ကိုစည်သူကရော မနွယ်မာကို ဘယ်အချက်တွေကိုကြည့်ပြီး အိမ်ထောင်ဖက်အဖြစ် ရွေးခဲ့တာလဲ။
STL : အဓိကကတော့ သူ့စိတ်ဓာတ်က ရိုးသားတယ်။ ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်တယ်။ ကျွန်တော့်မှာမရှိတဲ့ ကောင်းတဲ့အချက်တွေ တော်တော်များများ သူ့မှာရှိတယ်။ ကျွန်တော့်ဘဝမှာ ကိုယ်မကောင်းတဲ့ဟာတွေ ကိုယ်လိုအပ်နေတဲ့ဟာတွေက သူရှိမှ ပြည့်စုံမှာလေ။ အဲ့ဒါကြောင့် ကျွန်တော့်ဘဝလေး ပိုပြီးပြည့်စုံဖို့အတွက် သူ့ကို အိမ်ထောင်ဖက်အဖြစ် ရွေးခဲ့တာပါ။ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ပေးနိုင်တော့ ဘဝက ပိုပြီးပြည့်စုံသွားတာပေါ့နော်။

Voice : အိမ်ထောင်ရေးခိုင်မြဲအောင်ကျတော့ ဘယ်လိုနားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ခဲ့ကြရလဲ။
NMK : အိမ်ထောင်ရေးမှာ ကြုံတွေ့ရတာတွေက ရည်းစားဘဝနဲ့ ဘာမှမဆိုင်ပါဘူး။ မိန်းကလေးတွေကို ပြောချင်တာက ကိုယ်ထားလိုက်တဲ့ရည်းစားသည် ကိုယ့်အိမ်ထောင်ဖက်လည်း ဖြစ်ချင်မှဖြစ်မှာပါ။ ကိုယ်ထင်ထားတာနဲ့ တစ်ထပ်တည်း လုံးဝမကျဘူး။ အိမ်ထောင်ရေးမှာကျတော့ တစ်ယောက်ကိုတစ်ယောက် သည်းခံရမယ်။ အစ်ကိုဆိုလည်း နွယ်မာ့ကို သည်းခံတယ်။ နွယ်မာလည်း သူ့ကို သည်းခံရတာတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ လေးစားမှုလည်း ရှိဖို့လိုပါတယ်။ အဲ့ဒီလိုနဲ့ပဲ နွယ်မာတို့နှစ်ယောက် ရှေ့ဆက်ခဲ့ကြတာပါ။
STL : လူနှစ်ယောက် ပေါင်းဖက်လိုက်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ စိတ်ချင်းဘယ်လိုမှ မတူနိုင်ပါဘူး။ သမီးရည်းစားဘဝမှာကျတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတဲ့အချိန်က နည်းတယ်။ အဲ့ဒီတုန်းကကျတော့ သူမကြိုက်တာလည်း ကိုယ်ရှောင်နိုင်တယ်။ ကိုယ်မကြိုက်တာလည်း သူရှောင်နိုင်တယ်။ အိမ်ထောင်သည်ဖြစ်သွားတော့ အတူနေရပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့အချက်တွေကို ပိုမြင်လာတယ်။ အဲ့ဒီလိုအခါမျိုးမှာ သည်းခံနိုင်တဲ့စိတ်ရှိဖို့လိုတယ်။ စိတ်အခန့်သင့်တဲ့အခါမျိုးမှာ စိတ်ဆိုး စိတ်ကောက်ကြတာမျိုးတော့ ရှိမယ်။ ဒါပေမဲ့ ဒီအိမ်ထောင်ရေးက နှစ်ဦးသဘောတူ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ခိုင်မြဲဖို့က နှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ မကျေနပ်တာတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ရင် အကျိတ်အခဲလေးတွေက ပြေသွားမှာပါ။

သန့်ဇင်ဦး