News

POST TYPE

ENTERTAINMENT

အိမ်ထောင်သက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်မင်းထွန်း တေးသံရှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုတို့ ဇနီးမောင်နှံနဲ့တွေ့ဆုံခြင်း
11-Mar-2018


“ကျွန်တော်က သူ့ပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်” အောင်မင်းထွန်း

“အသက်တွေရလာတော့လည်း မောင်နှမတွေလို ဖြစ်သွားကြတယ်” ထွန်းအိန္ဒြာဗို

အိမ်ထောင်သက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်မင်းထွန်း တေးသံရှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုတို့ ဇနီးမောင်နှံနဲ့တွေ့ဆုံပြီး၊ အိမ်ထောင်သက်ကြာရှည်စွာ လက်တွဲနိုင်ကြတဲ့အကြောင်းရင်း၊ သားဖြစ်သူနဲ့ ပတ်သက်တဲ့ အနာဂတ်စိတ်ကူးအိပ်မက်တွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အစ်ကိုနဲ့ မခိုင်ရဲ့ အိမ်ထောင်သက်က ဘယ်လောက်ရှိပြီလဲ။
AMT : ကျွန်တော်တို့နှစ်ယောက်က ၁၉၉၉ ခုနှစ်ကတည်းက လက်တွဲခဲ့ကြတာဆိုတော့ ဆယ့်ကိုးနှစ်ရှိပြီပေါ့။ ကျွန်တော်က သူ့ပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကို စသိတာကတော့ သရုပ်ဆောင်နဲ့စသိတာပေါ့။ သူ့သီချင်းတွေကတော့ နောက်မှ နားထောင်ဖြစ်တာပါ။ ကိုယ်တိုင်ကလည်း အနုပညာကို ဝါသနာပါတဲ့အတွက် သူဘာလုပ်လုပ် ကျွန်တော် တတ်နိုင်သလောက် ပံ့ပိုးပေးပါတယ်။

Voice : အိမ်ထောင်သက်အရှည်ကြီး လက်တွဲနိုင်အောင်ကျတော့ ဘယ်လိုကြိုးစားခဲ့ကြရလဲ။ 
HEDB : အစကတုန်းကတော့ စိတ်တူ၊ ကိုယ်တူနဲ့ ဘဝတစ်ခုကို အတူတူသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့နှစ်ယောက် လက်ထပ်ခဲ့ကြတာပါ။ အခုချိန်အထိလည်း နှစ်ယောက်ကြားမှာ ဘာပြဿနာမှ ကြီးကြီးမားမားမရှိခဲ့ဘူး။ အသက်တွေရလာတဲ့အချိန်မှာ မောင်နှမတွေလို ပြန်ဖြစ်သွားကြတယ်။ အရမ်းအေးချမ်းတဲ့မေတ္တာကို ခံစားရတာပေါ့။

Voice : အစ်ကိုနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မခိုင် ဘာသာရေးကို ပိုလုပ်ဖြစ်တာလည်း တွေ့ရပါတယ်။
HEDB : ဘာသာရေးကို လိုက်စားတာကတော့ ကျွန်မငယ်ငယ်ကတည်းက မိဘတွေက မျိုးစေ့ချပေးခဲ့တာပါ။ ကိုယ်တိုင်ဘာသာရေးကို ထဲထဲဝင်ဝင် လုပ်ဖြစ်တဲ့အချိန်မှာလည်း တကယ်ယုံကြည်သက်ဝင်ပြီး လုပ်ဖြစ်လာခဲ့ပါတယ်။ သူ့ကိုတောင် ဘာသာရေးလုပ်ဖို့ ကျွန်မတိုက်တွန်းနေတာပါ။ အရင်တုန်းကတော့ ကျွန်မရဲ့ စရိုက်သဘာဝက ကိုအောင်မင်းထွန်းတို့လောက် မအေးချမ်းဘူးပေါ့။ သူတို့မိသားစုကတော့ တော်တော်အေးချမ်းပါတယ်။ သူတို့မိသားစုထဲကို ဝင်ခွင့်ရတဲ့အချိန်မှာတော့ အေးချမ်းစွာနေတတ်တဲ့အကျင့်လေး ပြောင်းသွားပါတယ်။

Voice : တစ်ဦးတည်းသော သားလေးဖြစ်တဲ့ အောင်ဗိုကောင်းသန့်ရဲ့ အနာဂတ်ကိုရော ဘယ်လိုပုံဖော်ပေးသွားမလဲ။
AMT : သားရဲ့ အနာဂတ်နဲ့ပတ်သက်လို့ကတော့ ဘယ်အရာကိုမှ အတင်းအကျပ်မလုပ်ခိုင်းပါဘူး။ သူဝါသနာပါရာ၊ သူလုပ်ချင်တာကို လုပ်ခွင့်ပေးမယ်။ ဒီအပေါ်မှာ မှားလား၊ မှန်လား ပြောပေးမယ်။ လမ်းကြောင်းလေးပဲ တည့်ပေးမယ်။ ဒီလောက်ပါပဲ။ ဂေါ့ဖ်ရိုက်တာကတော့ ကျွန်တော့်သား ခုနစ်နှစ်အရွယ်လောက်ကတည်းက စသင်ပေးတာပါ။ ကျွန်တော်ကတော့ သူ့ကို Pro အဆင့်အထိ သွားစေချင်တယ်။ နောင်ကျရင်တော့ ဘယ်လိုလာဦးမလဲ မသိသေးဘူး။ အခုကတော့ ဂေါ့ဖ်ရိုက်တာကို သူ စိတ်ဝင်တစားလေ့ကျင့်နေပါတယ်။

Voice : သားလေးမှာ မခိုင်ရဲ့ အနုပညာဗီဇရော တွေ့ရလား။ အနုပညာနဲ့ ပတ်သက်ရင်ရော သူဘာတွေ ဝါသနာပါလဲ။
HEDB : ကျွန်မလည်း ကိုအောင်မင်းထွန်းလိုပါပဲ။ ဘယ်အရာမှ ဇွတ်အတင်းလုပ်ခိုင်းတာမျိုး မဖြစ်ချင်ပါဘူး။ ကာယကံရှင်ကိုယ်တိုင် သူ့ဘဝကို သူတည်ဆောက်ရမှာ၊ သူ့ဟာသူ ကြိုးစားမှရမှာပါ။ မိဘတွေက ဇွတ်အတင်းခိုင်းတဲ့ဟာက သူ ဝါသနာပါတဲ့ဟာမဟုတ်ဘူးဆိုရင် တရားမျှတမှုမရှိဘူးလို့ ကျွန်မကတော့ ခံစားရတယ်။ သူ တကယ်တမ်းလုပ်ချင်တဲ့ဟာက သင့်တော်တယ်ဆိုရင် ကျွန်မတို့က ပံ့ပိုးဖို့ အဆင်သင့်ပါပဲ။ အနုပညာဗီဇကတော့ ကျွန်မရှုတင်လည်း သူတစ်ခါမှ မလိုက်ဖူးဘူး။ ကျွန်မစတိတ်ရှိုးတွေလည်း သူမကြည့်ဖူးပါဘူး။ ဒါပေမဲ့ မျိုးရိုးဗီဇလေးတော့ သူပါပါတယ်။ သီချင်းတွေသိပ်ကြိုက်တယ်။ ဒါပေမဲ့ မြန်မာသီချင်းတော့ နားမထောင်ဖြစ်ဘူး။ ကျွန်မကလည်း အတင်းမတိုက်တွန်းတော့ သူကျင်လည်တဲ့အသိုင်းအဝိုင်းက သူငယ်ချင်းတွေနားထောင်တာပဲ လိုက်နားထောင်တာပေါ့နော်။

Voice : အိမ်ထောင်သက်အတွင်းမှာ နားလည်မှုလွဲစရာ၊ စိတ်အခန့်မသင့်စရာရှိလာရင် ဘယ်လိုဖြေရှင်းကြလဲ။
HEDB : ကျွန်မတို့အိမ်ထောင်ရေးမှာကျတော့ ပြဿနာကြီးကြီးမားမား မရှိလို့လားတော့ မပြောတတ်ဘူး။ အရမ်းကြီး ညှိယူရတာမျိုးတော့မရှိပါဘူး။ ပြဿနာသေးသေးလေးကတော့ နှစ်ယောက်မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်ရင် ပြီးသွားတာပေါ့နော်။ ပြဿနာကြီးကြီးမားမားရှိလာရင်တော့ ဘယ်လိုဖြေရှင်းရမလဲ မပြောတတ်သေးဘူး။ ဒါပေမဲ့ ရှိလာရင်လည်း အေးအေးချမ်းချမ်းနဲ့ နားလည်မှုရအောင် ညှိယူမယ်ဆိုတဲ့စိတ်မျိုး နှစ်ယောက်လုံးမှာရှိပါတယ်။ ဘယ်အရာမဆို အေးအေးဆေးဆေးနဲ့ပဲ ဖြေရှင်းနိုင်အောင် ကြိုးစားကြမှာပါ။

သန့်ဇင်ဦး