News

POST TYPE

ENTERTAINMENT

နီနီခင်ဇော် ဆေးကုသမှု ခံယူနေရ၍ အနုပညာအလုပ်တွေ ယာယီရပ်
29-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၉

နာမည်ကျော် တေးသံရှင် နီနီခင်ဇော်က ခါးနာတဲ့ ဝေဒနာကြောင့် လက်ရှိမှာ ဝိတိုရိယဆေးရုံကို တက်ရောက်ပြီး ဆေးဝါးကုသမှု ခံယူနေရတာကြောင့် အနုပညာအလုပ်တွေ နားထားတယ်လို့ The Voice ကို ပြောကြားပါတယ်။

“နီနီက ခရီးတွေထွက်တာ များတာရယ်၊ ကတာရယ်၊ လေ့ကျင့်ခန်း လုပ်တာတွေရယ် အားလုံးစုသွားပြီးတော့ ခါးနာသွားခဲ့တာပါ။ ခါးရဲ့ ခါးစစ်ရိုးနှစ်ခုကြားထဲမှာရှိတဲ့ Disc က အပြင်ကို ချော်ပြီး အာရုံကြောကို သွားထိတာပါ။ သေချာအနားယူပြီး ကုသလိုက်ရင်တော့ ပျောက်သွားမှာပါ” လို့ ဝိတိုရိယဆေးရုံမှာ ဆေးဝါးကုသမှု ခံယူရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ခါးနာတဲ့ ဝေဒနာကို ဆေးရုံတက်ရောက် ကုသလိုက်ရတာကြောင့် မူဆယ်မှာ သီဆိုဖို့ လက်ခံထားတဲ့ ရှိုးပွဲတစ်ပွဲကိုတော့ ဖျက်လိုက်ရပြီး၊ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီးတော့မှ ဂီတလှုပ်ရှားမှုတွေ ပြန်လည်စတင်မယ့်အချိန်ကို ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း နီနီခင်ဇော်က ပြောကြားပါတယ်။
“ဆရာတို့ကတော့ နီနီ့ကို သုံးပတ်လောက်တော့ အနားယူခိုင်းထားတယ်။ ဒီထက်ပိုပြီး ကောင်းလာမယ် ဆိုရင်တော့ ဆေးရုံကနေ စောစောစီးစီးဆင်းရမှာပါ။ နီနီက ခါးနာနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ သေချာအနားမယူဘဲ ခရီးတွေ ဆက်သွားတယ်။ ဆက်ကတယ်။ အဲ့ဒါကြောင့်မို့ ခါးက တစ်အားထိသွားတာပါ” လို့ ၎င်းက ဆိုပါတယ်။

ပရိသတ်တွေ စောင့်မျှော်နေတဲ့အနီရောင် ဒီဗီဒီနဲ့ Super Red နှုတ်ခမ်းနီ ထွက်ရှိမယ့် ရက်ကိုတော့ စက်တင်ဘာလထဲမှာ ပရိသတ်တွေကို တရားဝင် အသိပေးသွားတော့မှာ ဖြစ်တယ်လို့ နီနီခင်ဇော်က ပြောကြားပါတယ်။

ဓာတ်ပုံ - နီနီခင်ဇော် Facebook Page