News

POST TYPE

ENTERTAINMENT

နန်းမြတ်ဖြိုးသင်းနဲ့ တွေ့ဆုံခြင်း
26-Sep-2017 tagged as

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းနဲ့ တွေ့ဆုံပြီး နိုဝင်ဘာလမှာ ချစ်သူနဲ့ ရွှေလက်တွဲတော့မယ့်အကြောင်း၊ မင်္ဂလာပွဲ အစီအစဉ်များအကြောင်း၊ ချစ်သူဘဝ အမှတ်တရများ အကြောင်းနဲ့ အနာဂတ်စိတ်ကူး အိပ်မက်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : နန်းမြတ်ရဲ့ ချစ်သူနဲ့ နိုဝင်ဘာလထဲမှာ မင်္ဂလာပွဲ ကျင်းပတော့မယ်လို့ ပြောထားတယ်နော်။ မင်္ဂလာပွဲ အစီအစဉ်လေးတွေ ပြောပြလို့ရမလား။
NMPT : မင်္ဂလာပွဲကတော့ သုံးပွဲလုပ်ဖြစ်ပါမယ်။ မင်္ဂလာလက်မှတ် ရေးထိုးပွဲလေးကတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ထူးထူးခြားခြားလေးဖြစ်အောင် လုပ်မယ်။ ကျန်တာကတော့ စုလျားရစ်ပတ်တဲ့ပွဲရယ်၊ ညစာစားပွဲရယ်ကိုတော့ နန်းမြတ်ရဲ့ စိတ်ကူးအိပ်မက်ထဲကအတိုင်း အကောင်းဆုံးဖြစ်အောင် ပုံဖော်သွားဖို့ စိတ်ကူးထားပါတယ်။ စုလျားရစ်ပတ်တဲ့ပွဲကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ ဆီဒိုးနားဟိုတယ်မှာ စလုပ်မှာပါ။

Voice : ကိုယ့်ရဲ့ ဖူးစာရှင်နဲ့ ဘယ်လိုစပြီး ဆုံခဲ့တာလဲ။ ချစ်သူသက်တမ်းကရော ဘယ်လောက် ကြာပြီလဲ။
NMPT : နန်းမြတ်နဲ့ သူ စတွေ့တာကတော့ လွန်ခဲ့တဲ့ ကိုးနှစ်လောက်ကပါ။ ဖေဖော်ဝါရီလမှာ တွေ့ပါတယ်။ မင်္ဂလာဆောင်တစ်ခုမှာ တွေ့ကြတာပါ။ အဲ့ဒီပွဲမှာ နန်းမြတ်က ပန်းကြဲပေးတယ်။ သူကတော့ သတို့သားအရံလုပ်တာပေါ့။ အဲ့ဒီပွဲမှာ စတွေ့တယ်။ နောက်ပိုင်းမှာ ယောက်ျားလေးဆိုတော့ သူ နှစ်သက်တဲ့သူကို နည်းမျိုးစုံနဲ့ ချဉ်းကပ်တာပေါ့။ တစ်နှစ်၊ နှစ်နှစ်လောက်နေမှ သူက ဖွင့်ပြောတယ်။ နန်းမြတ်သူ့ကို လေ့လာလိုက်တာကလည်း လေးနှစ်၊ ငါးနှစ်လောက် ကြာသွားတယ်။ နန်းမြတ်သူ့ကို အဖြေ ပြန်ပေးခဲ့တယ်ပေါ့နော်။ ချစ်သူသက်တမ်းကတော့ သုံးနှစ်ခွဲရှိပါပြီ။

Voice : သူ့ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ ဘယ်အချက်တွေကိုကြည့်ပြီး ဆုံးဖြတ်ခဲ့တာလဲ။
NMPT : နန်းမြတ် သူ့ကို နှစ်တွေအကြာကြီး လေ့လာခဲ့တယ်။ နှစ်ယောက်က အမြဲတမ်းလည်း အဆက် အသွယ်မပြတ် ရှိနေတော့ တော်တော်လေးလည်း လေ့ လာဖြစ်ပါတယ်။ နန်းမြတ်က သူ့ကို အိမ်ကမိဘတွေနဲ့ လည်း မိတ်ဆက်ပေးထားတယ်။ သူကလည်း အိမ်ကို ဝင်ထွက်သွားလာနေတော့ အိမ်ကလူကြီးတွေကပါ ဝိုင်းပြီးတော့ လေ့လာပေးတယ်။ နန်းမြတ်သူ့ကို သေချာ လေ့လာပြီးတော့မှ ချစ်သူအဖြစ် လက်ခံခဲ့တယ်။ ချစ်သူဖြစ်ပြီးတော့လည်း ဆက်ပြီးတော့ လေ့လာဖြစ်တယ်။ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့သူလို့ ယုံကြည်တဲ့အတွက် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Voice : ကိုယ့်ကို ပရိသတ် အားပေးမှု အရှိန်ရစပြုနေတဲ့အချိန်မှာ အိမ်ထောင်ပြုဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ။
NMPT : နှစ်ဖက်မိဘတွေကတော့ နန်းမြတ်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို စီစဉ်ချင်နေတာကြာပါပြီ။ နန်းမြတ်က အနုပညာအလုပ်တွေ လုပ်လို့ မဝသေးတဲ့ အတွက် အချိန်တွေ ရွှေ့လာခဲ့တာပေါ့နော်။ ဒီနှစ်က တော့ ကိုယ်လည်း အချိန်ရွှေ့တာများနေပြီ။ အနုပညာ အလုပ်ဆိုတာလည်း ရှိသလို၊ ကိုယ့်ရဲ့ နောင်ရေး၊ ကိုယ့်ရဲ့ မျိုးဆက်အတွက် စဉ်းစားတဲ့အခါကျတော့ အသက် အရမ်းကြီးမှ ကလေးယူတာ မကောင်းဘူးပေါ့နော်။ ကိုယ်ကတော့ အများကြီး စဉ်းစားတာပေါ့နော်။ ကိုယ့်ရဲ့ အသက်အရွယ်ကလည်း အိမ်ထောင်ပြုသင့်ပြီလို့ ထင်တဲ့အတွက် သူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Voice : ချစ်သူသက်တမ်းကလည်း သုံးနှစ်ကျော်တောင် ကြာခဲ့တာဆိုတော့ နှစ်ယောက်ကြားမှာရော နားလည်မှုကို ဘယ်လို တည်ဆောက်ယူခဲ့ကြလဲ။
NMPT : နန်းမြတ်တို့ နှစ်ယောက်က ဘယ်ကိစ္စမဆို တိုင်ပင်ဖြစ်တယ်။ နန်းမြတ်ရဲ့ အနုပညာအလုပ်တွေကိုတော့ သူက နားလည်းမလည်ဘူး။ ဝင်လည်း မစွက်ဖက်ဘူး။ အနုပညာအလုပ်အတွက်ကို သူအဓိက ပံ့ပိုးပေး တာကတော့ နားလည်မှုပါပဲ။ သူက နန်းမြတ်ကို နား လည်မှု အပြည့်အဝပေးထားတယ်။ ကိုယ့်အလုပ်တွေ အတွက်လည်း အချိန်ပေးတယ်။ သူ့အတွက်ကျတော့ နန်းမြတ်က သူ့ရဲ့အလုပ်မှာ ကိုယ်နားလည်သလောက်၊ တတ်နိုင်သလောက် ပံ့ပိုးပေးတယ်။ အကြံÓဏ်ပေး တယ်။ အဲ့ဒီလိုလေးတွေနဲ့  နန်းမြတ်တို့ နှစ်ယောက်ရဲ့  Relationship ကို တည်ဆောက်လာခဲ့တာပါ။

Voice : နန်းမြတ်ရဲ့ချစ်သူက စီးပွားရေး လောကထဲကလို့ သိထားတယ်။ အပြင်လူတစ်ယောက်က အနုပညာရှင် တစ်ယောက်ကို ချစ်သူတော်ဖို့ဆိုတာ တော်တော်နားလည်ပေးနိုင်မှ ရမှာနော်။
NMPT : နန်းမြတ်တို့ အနုပညာ အလုပ်နဲ့ကျတော့ တော်တော် နားလည်ပေးနိုင်တဲ့သူမှ ဖြစ်မှာလေ။ ကိုယ်က အနုပညာအလုပ်တွေနဲ့ပဲ တစ်ချိန်လုံး အလုပ်ရှုပ်နေတယ်။ နန်းမြတ်က အလုပ်ကိုပဲ အမြဲတမ်းပိုပြီး ဦးစားပေးဖြစ်တယ်။ သူက နန်းမြတ်အပေါ် တော်တော်လေးလည်း နားလည်ပေးပါတယ်။ လူကြီးလည်း ဆန်တယ်။ သူက နန်းမြတ် အချိန်မပေးလို့ဆိုပြီး သိပ်ပြီးတော့ ရစ်တတ်တဲ့သူမျိုးလည်း မဟုတ်ဘူး။ အိမ်နဲ့လည်း ခင်နေတဲ့အခါကျတော့ ကိုယ်ရှူတင်ပြီးလို့ အိမ်ပြန်ရင် အိမ်မှာ လာတွေ့တယ်။ နှစ်ယောက် စကားပြောဖြစ်ကြတယ်ပေါ့။ 

Voice : အိမ်ထောင်ကျပြီးသွားရင်ရော အနုပညာ အလုပ်တွေကို ဆက်ပြီး လုပ်သွားဦးမှာလား။
NMPT : နန်းမြတ်က အိမ်ထောင်ပြုလိုက်တယ် ဆိုပေမယ့် ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေက လက်ခံဦးမယ်၊ ကိုယ့်ရဲ့ လက်တွဲဖော် အနုပညာရှင်တွေက နေရာပေးဦးမယ်ဆိုရင် ဆက်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားပါမယ်။ နန်းမြတ် အားကျရတဲ့ အိမ်ထောင်သည် အနုပညာရှင်တွေရဲ့ နည်းနာတွေကို ယူပြီးတော့ ဆက်ပြီးတော့ ကြိုးစားသွားပါမယ်။ နန်းမြတ်ရဲ့ အနုပညာ အလုပ်မှာရော၊ မကြာခင် ထူထောင်မယ့် မိသားစုဘဝမှာပါ နှစ်ဖက်လုံးကို ထိန်းညှိပြီးတော့ ကြိုးစားနိုင်တဲ့၊ ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားပါ့မယ်လို့၊ နန်းမြတ်ကို အချစ်တွေ မလျော့သွားဘဲ အားပေးကြပါလို့ ပရိသတ်တွေကို ပြောချင်ပါတယ်။

သန့်ဇင်ဦး

  • TAGS