News

POST TYPE

ENTERTAINMENT

လိင်အကြမ်းဖက်မှု လေးမှုအတွက် ပါ့ခ်ယိုချမ်းတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်

ဆိုးလ်၊ ဇူလိုင် ၁၁


တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော် သရုပ်ဆောင် ပါ့ခ်ယိုချမ်းကို အမျိုးသမီး လေးဦးက လိင်အကြမ်းဖက်မှုအတွက် တရားစွဲဆိုထားတဲ့အမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးတဲ့ နောက်မှာတော့ ၎င်းမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း hancinema.com မှာ ဖော်ပြထားပါတယ်။ 

ပါ့ခ်ယိုချမ်းရဲ့ အမှုနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်တွေကိုတော့ ရဲတပ်ဖွဲ့က မကြာခင်မှာ တရားရုံးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ ပါ့ခ်ယိုချမ်းကို လိင်အကြမ်းဖက်မှုအတွက် ပထမဆုံး တရားစွဲဆိုခဲ့တဲ့ အမျိုးသမီးရဲ့ အမှုမှာတော့ အဓမ္မပြုကျင့်ခဲ့တဲ့ သက်သေ အထောက်အထား မတွေ့ရတဲ့အတွက် ၎င်းမှာ အပြင်မရှိကြောင်း ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ယင်းအမျိုးသမီးက ရဲတပ်ဖွဲ့ကို သက်သေပစ္စည်းအဖြစ် တင်ပြခဲ့တဲ့ အောက်ခံ ဘောင်းဘီမှာ ပါ့ခ်ယိုချမ်းရဲ့ DNA တွေ့ရှိရပေမယ့် ယင်းပစ္စည်းတစ်ခုတည်းနဲ့ အဓမ္မ ပြုကျင့်မှုလို့ သက်သေပြဖို့ မခိုင်လုံတဲ့အတွက် ပါ့ခ်ယိုချမ်းမှာ အပြစ်မရှိကြောင်း ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပါ့ခ်ယိုချမ်းကို လိင်အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ အခြားအမျိုးသမီး သုံးဦးရဲ့ အမှုကတော့ ၂၀၁၄ ခုနှစ် ဇွန်လ၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလနဲ့ ဒီဇင်ဘာလတို့မှာ ဖြစ်ပွားခဲ့တာပါ။ ယင်းအမှုသုံးမှုအတွက်ကတော့ လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ရဲတပ်ဖွဲ့က မတွေ့ရှိခဲ့ပါဘူး။ လိင်အကြမ်းဖက်မှုအတွက် ပထမဆုံး တရားစွဲဆိုခဲ့တဲ့ အမျိုးသမီးနဲ့ ပါ့ခ်ယိုချမ်းတို့ကြားမှာ အပြန်အလှန် စကားပြောဆိုထားတဲ့ မက်ဆေ့(Message) တွေကို ရဲတပ်ဖွဲ့က ရရှိထားပြီး၊ ယင်းအမျိုးသမီးကို ပါ့ခ်ယိုချမ်းက ကိုရီးယားဝမ်ငွေ သန်း ၁၀၀ ပေးခဲ့ရတယ်လို့လည်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ 

ယင်းအမျိုးသမီးက ပါ့ခ်ယိုချမ်းကို ငွေပေးဖို့ ခြိမ်းခြောက်ခဲ့တာလား။ ငွေရရှိခဲ့တဲ့အတွက် အမှုကို ရုပ်သိမ်းခဲ့တာလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ပါ့ခ်ယိုချမ်းဆီက ငွေရရှိခဲ့ခြင်း မရှိဘူးလို့အမျိုးသမီးက ငြင်းဆန်ထားပေမယ့် ပါ့ခ်ယိုချမ်းရဲ့ မိခင်ဖြစ်သူက ဘဏ်ကနေတစ်ဆင့် လွှဲပေးအပ်ခဲ့တာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိထားပါတယ်။