News

POST TYPE

ENTERTAINMENT

ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံခြင်း
24-Aug-2016
နာမည်ကျော် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ Reflection ရုပ်ရှင်အကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက် သရုပ်ဆောင်ရမယ့် ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင် ရုပ်ရှင်အကြောင်းနဲ့ စက်တင်ဘာလထဲ ရုံတင် ပြသတော့မယ့် အနူးဘစ် ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

Voice : မအူဝဲတို့ရဲ့ သုဒြာရုပ်ရှင် ထုတ်လုပ်ရေးကနေ ရိုက်ကူးတဲ့ Reflection ရုပ်ရှင်က မင်းသမီးတွေရဲ့ ဖက်ရှင်နဲ့ အက်ရှင်ကို တွဲပြီးပြမယ့် ရုပ်ရှင်ဆိုတော့ ကစ်တို့ အတွက်လည်း ရိုက်ရတာ အသစ်ဖြစ်မယ် ထင်တယ်နော်။
WHSY : အဲ့ဒီကားမှာ အက်ရှင် ဇာတ်ဝင်ခန်းတွေတော့ ပါမယ်ရှင့်။ ဒါပေမဲ့ အရမ်း အများကြီးတော့ မဟုတ်ပါဘူး။ ဒီလိုကားမျိုးက ကစ်တို့ သရုပ်ဆောင်တွေ အတွက်ရော၊ ကြည့်ရတဲ့ ပရိသတ်တွေအတွက်ပါ နည်းနည်းလေး ကွဲထွက်မယ်လို့ ထင်တယ်။ ဒီကားကို ပရိသတ်က ကြိုက်မလား၊ မကြိုက်ဘူးလား ဆိုတာကိုတော့ နည်းနည်း ခန့်မှန်းရ ခက်တာပေါ့။ မြန်မာကား အနေနဲ့ ဆိုရင်လည်း ဒီလိုကားမျိုးက ပရိသတ် မကြည့်ဖူးသေးတော့ နည်းနည်း ခန့်မှန်းရ ခက်တာပေါ့။ ကစ်တို့ သရုပ်ဆောင်တွေ အနေနဲ့ကတော့ ဒီလိုမျိုး ကွဲထွက်နေတဲ့ ဇာတ်လမ်းမျိုးကို ရိုက်လည်း ရိုက်ကြည့်ချင် တယ်။ ပရိသတ်တွေကိုလည်း ကြည့်စေချင်ပါတယ်။

Voice : ဒီကားမှာ မင်းသမီး လေးယောက်ရဲ့ ဖက်ရှင်ပိုင်းကိုလည်း သေချာ ပြင်ဆင်ထားတာ တွေ့ရတယ်လေ။ ကစ်ကိုရော ဘယ်လို ဖက်ရှင် အလန်းတွေနဲ့ တွေ့ရမလဲ။
WHSY : ဒီကားမှာဆို မင်းသမီးတွေရဲ့ ဖက်ရှင် အလန်းတွေလည်း တွေ့ရမယ်။ အက်ရှင်လေးတွေလည်း ပါပါမယ်။ ပရိသတ်တွေအတွက် ကြည့်ရတာ တန်တဲ့ ဇာတ်ကား တစ်ကား ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကစ်တို့အတွက်လည်း ဒီလို ဇာတ်လမ်းမျိုးက ပထမဆုံး ရိုက်ဖူးတာဆိုတော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူးပေါ့။ အကုန်လုံးကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ရိုက်နေကြပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း မျှော်လင့်ပါတယ်။ ဒီကားမှာဆို ကစ်ရဲ့ ဖက်ရှင်ပိုင်းအတွက် Stylist အနေနဲ့က အငယ်လေးနဲ့ ကိုစောကိုက တာဝန်ယူ ပေးထားပါတယ်။

Voice : ကားရိုက် မဆုံတာ ကြာပြီဖြစ်တဲ့ စိုင်းစိုင်းနဲ့လည်း ရုပ်ရှင်ကားကြီး တစ်ကား ပြန်ရိုက်ဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ အဲ့ဒီ အကြောင်းလည်း ပြောပြပေးပါဦး။
WHSY : အဲ့ဒီကားကတော့ ဆရာမ ပုညခင်ရဲ့ ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင် ဝတ္ထုကို ဒါရိုက်တာ ကိုကောင်းဇံက ရုပ်ရှင်ကားကြီး အနေနဲ့ ရိုက်မှာပါ။ ကစ်တို့ အင်းလေးမှာ စက်တင်ဘာလထဲ သွားရိုက်ပါမယ်။ အဲ့ဒီကားမှာတော့ ကစ်ရဲ့ ကာရိုက်တာက အင်းသူမလေး လုပ်ရမှာပါ။ ဇာတ်လမ်းကတော့ လူငယ် အချစ်ဇာတ်ကားလေးပါ။ ကစ်အနေနဲ့ ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင်ကို ကိုစိုင်းနဲ့ ရိုက်ဖြစ်တာက ပရိသတ်တွေလည်း ထူးထူးခြားခြားလေး ကြည့်ချင်မယ် ထင်လို့ပါ။ ဒီကားပြီးရင်တော့ အောက်တိုဘာလထဲမှာ အင်းလေးမှာပဲ ကိုနေတိုးနဲ့ လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကား သွားရိုက်ဖို့ရှိပါတယ်။ ဒီကားကတော့ Suspense ပုံစံလေး ရိုက်မှာပါ။

Voice : စက်တင်ဘာလထဲ ရုံတင်တော့မယ့် အနူးဘစ် ရုပ်ရှင် ဇာတ်ကားကလည်း ထူးခြားမှု ရှိမယ် ထင်တယ်နော်။ ကစ်ကို ဘယ်လို ကာရိုက်တာနဲ့ မြင်ရမလဲ။
WHSY : ဒီကားရဲ့ ဇာတ်လမ်းကတော့ သမားရိုးကျ၊ မြင်နေကျ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ဇာတ်လမ်း တင်ပြပုံကလည်း ကွဲထွက်နေတယ်။ ကစ်လုပ်ရတဲ့ ဆယ်လင်းဆိုတဲ့ ဇာတ်ကောင်ကလည်း ကစ်ကို မြင်နေကျ ဇာတ်ရုပ်မျိုးတော့ မဟုတ်ဘူး။ နည်းနည်း ဂျစ်ပစီဆန်တဲ့ ကောင်မလေးပေါ့။ အဲ့ဒီအတွက် ပရိသတ်တွေလည်း ကြည့်ရတာ အမြင်ဆန်းမယ် ထင်ပါတယ်။

Voice : ဒီကားမှာဆို မင်းသမီးအပြိုင် အနေနဲ့ ရွှေမှုံရတီလည်း ပါတယ်လေ။ ကစ်က ဆယ်လင်းဆိုတဲ့ ဇာတ်ကောင်နေရာကို ဘယ်လိုကြောင့် ရွေးဖြစ်တာလဲ။
WHSY : ကစ် သရုပ်ဆောင် ရတဲ့နေရာက ပရိသတ်တွေ ခန့်မှန်းလို့ မရတဲ့ နေရာလေးပေါ့။ အစပိုင်းမှာ မြှုပ်ကွက်လေးတွေ လုပ်ထားတယ်။ သူက ဘာလိုက်လုပ်နေတာလဲ၊ သူက ဘာလဲဆိုပြီး ပရိသတ် အနေနဲ့ စဉ်းစားစရာ ဖြစ်မယ့် ဇာတ်ကောင်ပေါ့။ အစပိုင်းမှာဆို ကစ်ရဲ့ အခန်းကလည်း သိပ်မပါဘူးလေ။ နောက်ပိုင်းကျတော့ ဇာတ်ရှိန် မြင့်လာတဲ့ အချိန်မှာမှ ရှေ့မှာ ထားခဲ့တဲ့ မြှုပ်ကွက်လေးတွေ ပေါ်လာပြီး ကစ်ရဲ့ ကာရိုက်တာကို ပရိသတ်တွေလည်း နားလည်သွားမှာပါ။ အဲ့ဒါလေးကို သဘောကျလို့ ဆယ်လင်းနေရာကို ကစ် ရွေးဖြစ်တာပါ။

Voice : ဆယ်လင်းနေရာက ကိုယ့်အတွက်ရော ဘယ်လောက်အထိ လုပ်ကွက် ရထားလဲ။
WHSY : ဒီကားမှာ ကစ်သရုပ်ဆောင်ရတဲ့ ဆယ်လင်းလို ခပ်မာမာ၊ ခပ်ကြမ်းကြမ်း ကာရိုက်တာမျိုးက ကစ်အတွက် ရိုက်ရတာ ရှားတယ်လေ။ နင်စေရင်မှာ ကြမ်းတယ် ဆိုတာနဲ့၊ အနူးဘစ်မှာ ကြမ်းရတာက ပုံစံ မတူဘူး။ ဒီကားမှာကျတော့ နည်းနည်း ကြမ်းလည်း ကြမ်းတယ်၊ ရိုင်းလည်း ရိုင်းတယ်။ နည်းနည်း ပျက်စီးနေတဲ့ ကောင်မလေးပေါ့။

Voice : ဒီကားမှာဆို တစ်ကားလုံး အနက်ရောင် ဖက်ရှင်တွေပဲ ဝတ်ဖြစ်တာက ဇာတ်ကောင် စရိုက်ကြောင့်လား။
WHSY : ဒီကားမှာဆို ကစ်ကိုပရိသတ်တွေ မြင်နေကျ ပုံစံကနေ ကွဲထွက်အောင် လုပ်ချင်လို့ပါ။ ကိုယ့်ကို ပရိသတ်တွေ မြင်နေကျ ရုပ်ကနေ ကွဲထွက်ချင်တယ်။ အဲ့ဒါကြောင့် ဆယ်လင်းဆိုတဲ့ ဇာတ်ရုပ်ရဲ့ အပြင်အဆင်တွေကို သိသိသာကို ပြောင်းလဲထားတယ်။ အနက်ရောင် ဖက်ရှင်ကိုပဲ တစ်ကားလုံး ဝတ်ဖြစ်တာကတော့ ဇာတ်ကောင်ကြောင့်လည်း ပါသလို၊ ထူးထူးခြားခြားလေးလည်း ဖြစ်စေချင်လို့ Theme လေး တစ်ခုထားပြီး ဝတ်ဖြစ်တာပါ။

Voice : ကစ်ရဲ့ မွေးနေ့မှာ စပြီးထုတ်ဖြစ်ခဲ့တဲ့ Shopping Bag လေးတွေ အကြောင်းလည်း ပြောပြပေးပါဦး။
WHSY : အဲ့ဒီ Shopping Bag လေးတွေကတော့ ချည်သားနဲ့ ပိုးသား အိတ် ကလေးတွေပါ။ အသား နှစ်မျိုးနဲ့ ကစ်ပုံလေးတွေနဲ့ ထုတ်ခဲ့တာပါ။ ဒီအိတ်လေးတွေကို ကစ်ရဲ့ မွေးနေ့ဖြစ်တဲ့ သြဂုတ်လ ၁ဝ ရက်နေ့က စပြီး မှာလို့ ရပါပြီ။ ဒီလကုန်လောက်မှာ တရားဝင် စပြီး ဖြန့်မှာပါ။ ကစ် အမြဲတမ်း ပြောခဲ့တဲ့အတိုင်း ဒီပစ္စည်းလေးတွေကို စီးပွားဖြစ်လည်း ထုတ်တာ မဟုတ်ပါဘူး။ ကစ်ကို အားပေးတဲ့ ပရိသတ်တွေကို ပျော်စေချင်လို့၊ အမှတ်တရ ဖြစ်စေချင်လို့ လုပ်ဖြစ်တာပါ။

သန့်ဇင်ဦး


  • VIA