News

POST TYPE

ENTERTAINMENT

နေတိုးနဲ့တွေ့ဆုံခြင်း
22-Aug-2016
နာမည်ကျော် သရုပ်ဆောင် နေတိုးနဲ့ တွေ့ဆုံပြီး စက်တင်ဘာလအတွင်း ရုံတင် ပြသတော့မယ့် အနူးဘစ် ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက် အကြောင်း၊ ရုံမတင်ခင်မှာ ဇာတ်ဝင်ခန်း တချို့ကို ပြင်ဆင် ရိုက်ကူးမယ့် အကြောင်းနဲ့ ရုပ်ရှင်ဖိုရမ်မှာ ပါဝင်ဆွေးနွေး ဖြစ်ခဲ့တဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

Voice : အနူးဘစ် ရုပ်ရှင်က နေတိုးရဲ့ ပရိသတ်တွေအတွက် ဘယ်လို ရသပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်မလဲ။
NT: ဒီဇာတ်ကားရဲ့ ဇာတ်လမ်း ဖွဲ့စည်းမှု ပုံစံနဲ့ ရိုက်ကူး တင်ပြထားတဲ့ ပုံစံတွေက ပုံမှန်ကားတွေနဲ့ ကွဲပြားပါတယ်။ ဇာတ်လမ်း နာမည်ကိုက အနူးဘစ်ဆိုတဲ့ ကျွန်တော်တို့ ကြားရခဲတဲ့ နာမည်မျိုး ဖြစ်နေတယ်။ ဇာတ်လမ်းအရ ကြည့်မယ်ဆိုလည်း ခံစားရခဲတဲ့ ရသ တစ်ခုကို ပေးနိုင်မှာ သေချာပါတယ်။ ကျွန်တော် သရုပ်ဆောင်ရတဲ့ ကာရိုက်တာကလည်း ရှေ့မှာ ရိုက်ကူးထားတဲ့ ပုံစံတွေနဲ့ ကွဲထွက် နေပါတယ်။ ဒီဇာတ်ကားက ပျော်စရာ ကောင်းတဲ့ ရသမျိုးလည်း မဟုတ်ဘူး။ ဝမ်းနည်းစရာ ကောင်းတဲ့ ရသမျိုးလည်း မပေးဘူး။ ကြည့်ရတဲ့ ပရိသတ်တွေ စိတ်လှုပ်ရှားပြီး ရင်ခုန်စရာ ကောင်းမယ့်ကား တစ်ကားလို့တော့ မြင်ပါတယ်။

Voice : ဒါဆို အနူးဘစ် ရုပ်ရှင်က ပရိသတ်တွေအတွက် ခံစားမှု အသစ် တစ်မျိုး ပေးနိုင်မယ့် ဇာတ်ကားလို့ ပြောရမှာပေါ့။
NT : ဒီကားလေးကတော့ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်ကောင်တွေကို၊ စိတ်ကူးယဉ်ဆန်တဲ့ ပြချက်တွေ၊ ရုပ်ရှင် နည်းပညာတွေကို ပေါင်းစပ် ရိုက်ကူးထားတယ်လို့ ပြောလို့ ရပါတယ်။ အနူးဘစ်က မြန်မာ့ရုပ်ရှင် အတွက်ရော ပရိသတ်တွေ အတွက်ပါ ထူးခြားမှု ရှိမယ့် ဇာတ်ကား တစ်ကားလို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော် သရုပ်ဆောင်ရတဲ့ လပြည့်ကျော်ဆိုတဲ့ ဇာတ်ကောင်ကတော့ ကားတွေကို ချစ်မြတ်နိုးပြီး၊ ကားအလှဆင်တဲ့ လုပ်ငန်းကို လုပ်ကိုင်တဲ့ လူတစ်ယောက်ပါ။ ကားတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အကြောင်းကို နည်းနည်း နားလည်တဲ့ လူတစ်ယောက်ပေါ့။ သူက လူတွေကို ကူညီချင်တဲ့စိတ် ရှိတယ်။ သာမန်လူတွေ မမြင်နိုင်တဲ့ မျက်လုံး တစ်စုံလည်း သူ့မှာ ပိုင်ဆိုင်ထားတယ်။ သူမြင်ရတဲ့ မရဏ နိမိတ်တွေကို လူတွေ ယုံကြည်အောင် ကြိုးစားနေတဲ့ လူတစ်ယောက်ပေါ့။

Voice : ကိုယ့်ရဲ့ သရုပ်ဆောင်မှု အပိုင်းမှာ ထူးထူးခြားခြား လုပ်ပြခွင့်ရတဲ့ အပိုင်းတွေရော ရှိလား။
NT : ဒီကားမှာတော့ ဇာတ်လမ်းပေါ် မူတည်ပြီး ထူးခြားတဲ့ သရုပ်ဆောင်မှုလေးတွေတော့ ပါပါတယ်။ လပြည့်ကျော်ဆိုတဲ့ ဇာတ်ကောင်က သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်က အမြဲတမ်း နှစ်မျိုး ဖြစ်နေတတ်တယ်။ သူပြောမယ့် စကား တစ်ခွန်းကို ပြောလိုက်ရင် ကောင်းမလား၊ မပြောဘဲထားရင် ကောင်းမလား၊ လူတွေကရော ယုံကြမလား၊ သူ့ကိုများ ဟားကြမလားပေါ့။ ဒီလို အတွေးတွေက သူစကားပြောတိုင်းမှာ ဝင်လာလေ့ ရှိတယ်။ ကိုယ်ပြောတဲ့ စကားတွေကို လူတွေ လက်ခံနိုင်ဖို့အတွက် အမြဲတမ်း စကားလုံး ရှာနေရတဲ့ လူတစ်ယောက်ရဲ့ ကာရိုက်တာမျိုးကို ပရိသတ်တွေ ကြည့်ရမှာပါ။

Voice : ဒီကားကို ကိုလူမင်းက သရုပ်ဆောင်၊ ဒါရိုက်တာ အနေနဲ့ ပါဝင် ရိုက်ကူးထားတာလေ။ သူ့ရဲ့ အနုပညာ ဖန်တီးမှု အပိုင်းကိုရော ကျေနပ်အားရမှု ရှိလား။
NT : ဒီကားလေးမှာတော့ ကျွန်တော်တို့အနေနဲ့ သရုပ်ဆောင်မှုအပိုင်းက လွဲရင် တခြားကဏ္ဍတွေမှာ ခက်ခဲမှုလေးတွေ ရှိပါတယ်။ ရိုက်ကူးမှု အပိုင်းမှာလည်း ခက်ခက်ခဲခဲ ရိုက်ခဲ့ရတာလေးတွေ ရှိတယ်။ တချို့ ဇာတ်ဝင်ခန်းတွေဆို တော်တော် အချိန်ယူပြီး ရိုက်ခဲ့ရပါတယ်။ ဒါတောင်မှ ပြန်ကြည့်တဲ့ အချိန်မှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲ။ ဒါပေမဲ့ ပရိသတ်တွေ ကြည့်လိုက်ရင် မသိသာအောင် ကျွန်တော်တို့ ကြိုးစား တင်ပြထားတယ်။ ပရိသတ်တွေ အနေနဲ့ ကြည့်ရင်တော့ ကျွန်တော်တို့ရဲ့ ရိုက်ကူးမှု လိုအပ်ချက်တွေကို မြင်မှ မြင်နိုင်မယ်။ ဒီဇာတ်ကားကို ရုံမတင်ခင် Post Production ပိုင်းမှာ တချို့ လိုအပ်ချက်လေးတွေကို ပြန်ပြင်ဖို့ ရှိနေပါတယ်။ ဥပမာ- အက်တင်ပိုင်းအရ များနေတဲ့ ဇာတ်ဝင်ခန်းလေးတွေ ရှိတယ်။ ကင်မရာ အယူအဆအရ Cropping ဖြတ်တဲ့အခါမှာ နည်းနည်းလေး ချောင်နေတာလေးတွေ ရှိတယ်။ ဒီအပိုင်းလေးတွေကို ပြန်လည် ပြင်ဆင်သွားမှာပါ။

Voice : ရုပ်ရှင်ဖိုရမ်မှာလည်း တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ် အကြောင်းအရာတွေကို အဓိက ထားပြီး ဆွေးနွေးခဲ့လဲ။
NT : ကျွန်တော်ကတော့ Post Production အပိုင်းမှာ ဝင်ရောက် ဆွေးနွေးခဲ့တာပါ။ Pre Production နဲ့ Post Production က ဆက်စပ် နေတယ်လေ။ အဲ့ဒါကြောင့် ဒီကဏ္ဍ နှစ်ခုလုံးနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်ဆိုတာထက် ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို ပြန်လည် မျှဝေပေးခဲ့တာပါ။ လတ်တလောမှာလည်း ကျွန်တော်က ထိုင်းက အနုပညာရှင်တွေနဲ့ Bangkok To Mandalay ရုပ်ရှင်ကို ရိုက်ထားတာ ဆိုတော့လေ။ အဲ့ဒီကား ရိုက်တုန်းက ရိုက်ကွင်း အတွေ့အကြုံလေးတွေ၊ သူတို့ရဲ့ Team Work ကောင်းတဲ့ ဟာလေးတွေ၊ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့အကြောင်းတွေကို ပြောပြပေးခဲ့တာပါ။

Voice : ဒီဆွေးနွေးပွဲမှာ လက်ရှိ နာမည်ရနေတဲ့ သရုပ်ဆောင် တွေရဲ့ အနုပညာ အလုပ်အပေါ် ထားတဲ့ စိတ်တွေ Professional ဆန်ဖို့ ၊ ထုတ်လုပ်ရေးတွေနဲ့ သရုပ်ဆောင်တွေ စာချုပ်တွေနဲ့ တိတိကျကျ အလုပ် လုပ်ကြဖို့ ထောက်ပြကြတဲ့ အပေါ်ကိုရော ကိုနေတိုး ဘယ်လို မြင်မိလဲ။
NT : ဒါကတော့ ဖြစ်သင့်ပါတယ်။ ဖြစ်ဖို့လည်း အချိန် တန်နေပါပြီ။ ဒီလို လုပ်ခြင်းအားဖြင့် နောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ မြန်မာ့ ရုပ်ရှင်အပေါ်မှာ ထားတဲ့ ယုံကြည်မှုတွေကို ပိုပြီးတော့ တိုးပွားစေမှာပါ။ စာချုပ်အပိုင်းနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ သရုပ်ဆောင်တွေနဲ့ ထုတ်လုပ်သူတွေ ကြားမှာ အစကတည်းက စာချုပ်တွေနဲ့ အလုပ် လုပ်ကြတာပါ။ ဒါပေမဲ့ အဲ့ဒီစာချုပ်တွေက အသေးစိတ်တော့ မဟုတ်ဘူးပေါ့။ တချို့ အချက်အလက်တွေက စာရွက်ထဲမှာပဲ ရှိနေတာ ပေါ့။ အဲ့ဒီလိုမျိုး စာချုပ်ပါ အချက်အလက်တွေကိုတော့ တကယ် လိုက်နာသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

Voice : ထိုင်းနိုင်ငံက ထုတ်လုပ်ရေး တစ်ခုနဲ့ Bangkok To Mandalay ရုပ်ရှင် ရိုက်တုန်းကလည်း စာချုပ်ချုပ်ပြီး လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ သူတို့နဲ့ ချုပ်ဆိုတဲ့ စာချုပ်မှာကျတော့ ဘယ်လို စည်းကမ်းချက်တွေပါလဲ။
NT : သူတို့နဲ့ ချုပ်ဆိုတဲ့ စာချုပ်မှာလည်း စည်းကမ်းချက်တွေက ထွေထွေထူးထူး မရှိပါဘူး။ ပုံမှန် ရိုက်ကူးရေးအတွက် စာချုပ် ချုပ်တဲ့အခါမှာ ပါဝင်တဲ့ အချက်အလက်တွေပါပဲ။ သူတို့ရဲ့ ဇာတ်ကားအတွက် Promotion လုပ်တဲ့အခါမှာ အချိန်ပေးဖို့အတွက် အဓိက ချုပ်ဆိုခဲ့တာပါ။ ကျန်တဲ့ စာချုပ်ပါ အချက်အလက်တွေကတော့ ကျွန်တော်တို့ဆီမှာ လုပ်နေတဲ့ ပုံစံတွေနဲ့ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။

သန့်ဇင်ဦး


  • VIA