News

POST TYPE

ENTERTAINMENT

Miss Universe Myanmar 2017 ပြိုင်ပွဲမှာ ပြိုင်ဘက်ကောင်းတွေ များတယ် ဆိုတဲ့ ရွှေအိမ်စည်
22-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၂

Miss Universe Myanmar 2017  ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် အလှမယ်တွေထဲမှာ ပြိုင်ဘက်ကောင်းတွေ များတာကို တွေ့ရပါတယ်လို့  ရန်ကုန်တိုင်း ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်က The Voice ကို ပြောကြားပါတယ်။

“ဒီပွဲက Miss Myanmar World လို ရန်ကုန်က လူတွေပဲ ပြိုင်ဖို့ အခွင့်အရေး ရှိတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက မိန်းမချော၊ မိန်းမလှတွေ အကုန်လုံး လာပြိုင်ကြတယ်။ ပြိုင်ပွဲဝင်တွေ အကုန်လုံးကလည်း အရည်အချင်း ကိုယ်စီ ရှိကြတော့ ဒီပြိုင်ပွဲက တကယ်ကို အကြိတ်အနယ် ရှိမှာပါ”လို့ ယင်းပြိုင်ပွဲနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

Miss Universe Myanmar 2017  ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာက ပရိသတ်တွေရဲ့ တိုက်တွန်း အားပေးမှုနဲ့ ကိုယ်တိုင်ရဲ့ ဆန္ဒကြောင့် ဖြစ်ပြီး Miss Myanmar World 2016 ပြိုင်ပွဲတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားမယ်လို့ ရွှေအိမ်စည်က ပြောကြားပါတယ်။

“Miss Myanmar World ပွဲတုန်းက ညီမမှာ လိုအပ်ချက်တွေ အများကြီး ရှိခဲ့တယ်လေ။ ဒါပေမဲ့ ကိုယ့်လိုအပ်ချက်တွေကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာ ပြင်ဆင်လို့ မရတာ တစ်ခုမှ မပါဘူး ဆိုတာကို တွေ့ရပါတယ်။ အရင်ပွဲက တွေ့ခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး  Miss Universe Myanmar 2017  ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ”လို့ ၎င်းက ဆိုပါတယ်။

ပထမပွဲမှာတုန်းကတော့ အမေးအဖြေ ကဏ္ဍမှာ လိုအပ်ချက်တွေ ရှိတယ်လို့ ပရိသတ်တွေက ထောက်ပြ ထားတဲ့အတွက် အားနည်းချက်တွေကို ပြန်လည် ပြင်ဆင်ပြီး၊ အကောင်းဆုံး ဖြစ်အောင် ယှဉ်ပြိုင်သွားပါမယ်လို့ ရွှေအိမ်စည်က ပြောကြားပါတယ်။

Miss Universe Myanmar 2017 ပြိုင်ပွဲကိုတော့  အောက်တိုဘာလ ၆ ရက်နေ့မှာ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။  


  • VIA