News

POST TYPE

ENTERTAINMENT

ပိုင်တံခွန်နဲ့ တွေ့ဆုံခြင်း
ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ရရှိထားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ပိုင်တံခွန်နဲ့ တွေ့ဆုံပြီး မွေးနေ့မှာ ထွက်ရှိလာမယ့် Mini Album အကြောင်း၊ လတ်တလော ပန်းချီဆွဲဖြစ်နေတဲ့ အကြောင်းနဲ့အတူ ဝေဖန်တိုက်ခိုက်မှုများ အကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice :  ‘တက္ကသိုလ်ကျောင်းသူ’ သီချင်းကို ဇူလိုင်လထဲမှာ အွန်လိုင်းတင်မယ်ဆိုပြီး မတွေ့ရသေးတာကဘာ ကြောင့်လဲ။

PTK : အစကတော့ ဖြန့်မလို့ပါပဲ။ ဒါပေမဲ့ ‘တက္ကသိုလ်ကျောင်းသူ’ သီချင်း၊ ‘ဆရာမလေး’ သီချင်း၊ ‘မေရယ်’ သီချင်းသုံးပုဒ် အပါအဝင် နောက်ထပ် သီချင်းနှစ်ပုဒ် ပေါင်းပြီး ကျွန်တော့်မွေးနေ့မှာ Mini Album ထုတ်သွားဖို့ ရှိတာနဲ့ တစ်ပုဒ်တည်း မထွက်ဖြစ်တော့ဘူး။ ဒါပေမဲ့ Mini Album ကို ကျွန်တော်က အဆိုတော်အနေနဲ့ ထွက်တာမဟုတ်ပါဘူး။ အဓိက မွေးနေ့မှာ အမှတ်တရလည်း ဖြစ်အောင်၊ တောင်းဆိုကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒလည်း ပြည့်အောင်ထုတ်မယ် ဆိုပြီး စဉ်းစားဖြစ်တာပါ။

Voice :  မွေးနေ့က နီးနေပြီလား၊ ပရိသတ်တွေဆီကို Mini Album က တကယ်ရောက်ရှိလာမှာလား။

PTK : ကျွန်တော်မွေးနေ့က စက်တင်ဘာလ ၁၇ ရက် နေ့ပါ။ လောလောဆယ်မှာတော့ မွေးနေ့မှာ ခွေထွက်ဖို့က ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာပါတယ်။ ပြီးတော့ ကျွန်တော်က အဆိုတော်တစ်ယောက်ရဲ့ အရည်အချင်း မရှိတော့ တခြားအဆိုတော်တွေလို သီချင်းအမျိုးအစား ပေါင်းစုံကိုတော့ မဆိုနိုင်ပါဘူး။ အဲ့ဒါကြောင့် ခွေမှာပါမယ့် သီချင်းပုံစံတွေကတော့ Pop နဲ့ R & B ဘက် ရောက်တဲ့ပုံစံတွေပဲ ဖြစ်မှာပါ။

Voice : အဆိုတော်လုပ်ဖို့ စိတ်ကူးမရှိပေမယ့် ခွေထွက်ပြီ ဆိုရင်တော့ အဆိုတော် ဖြစ်ပြီပေါ့နော်။

PTK : ကျွန်တော်က အဆိုပိုင်းကို ဝါသနာတော့ ပါတယ်။ ဒါပေမဲ့ အဆိုတော်လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မွေးရာပါ ပင်ကိုအသံက ကောင်းတဲ့အထဲမှာ မပါဘူးလေ။ အဆိုတော်ဖြစ်ချင်လို့ သီချင်းဆိုတာ မဟုတ်ဘဲနဲ့ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုကို ပရိသတ်ကို ချပြတာပါ။

Voice :  မော်ဒယ်လ်သရုပ်ဆောင်အပြင် သီချင်းလည်း ဆိုနေပြီဆိုတော့ ကိုယ့်ရဲ့ အဓိကရည်မှန်းချက်က ဘာဖြစ်သွားမလဲ။

PTK : သီချင်းဆိုတာက အနုပညာနဲ့ ဆက်စပ်နေတဲ့ အလုပ်တစ်ခုပဲလေ။  ဥပမာ - သရုပ်ဆောင်လုပ်တဲ့ လူကလည်း သီချင်းဆိုချင်ဆိုမယ်၊ သီချင်းဆိုတဲ့ လူကလည်း မော်ဒယ်လ်လုပ်ချင် လုပ်မှာပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Target ကတော့ မော်ဒယ်လ်နဲ့ သရုပ်ဆောင်ပေါ့နော်။

Voice :  ထိုင်းကုမ္ပဏီတစ်ခုနဲ့ လက်တွဲပြီး အနုပညာ အလုပ်တွေ လုပ်နေတာ တွေ့ရတယ်၊ စာချုပ်ချုပ်ထားတာလား။ 

PTK : သူတို့နဲ့က စာချုပ်မချုပ်ထားပါဘူး။ လတ်တလောမှာ သူတို့နဲ့ ကြော်ငြာသုံးခု ရိုက်ထားပြီးပါပြီ။ နောက်ထပ်လည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ ရိုက်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။

Voice : လက်ရှိမှာ ပန်းချီတွေ ဆွဲဖြစ်နေတာက စိတ်အပန်းဖြေရုံ သက်သက်ပဲလား။ တခြားအကြောင်းတွေများ ရှိနေနိုင်မလား။

PTK : ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်အားတဲ့အချိန်လေးမှာ ပန်းချီဆွဲဖြစ်တာပါ။ လက်ရှိမှာတော့ ကိုယ့်ပုံကိုယ် ပြန်ဆွဲဖြစ်နေသလို ကိုယ်လေးစားအားကျရတဲ့ အနုပညာရှင်တွေရဲ့ ပုံတွေကိုလည်း ဆွဲဖြစ်တယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော် မျက်ရည်ကျတဲ့ပုံ ဆွဲနေပြီဆိုရင် တကယ်စိတ်မကောင်း ဖြစ်နေလို့ပဲ။ ကျွန်တော့်ဆိုက်ကိုက စိတ်ညစ်စရာတွေ၊ စိတ်မကောင်းစရာတွေ ရှိနေပြီဆို ပန်းချီဆွဲတဲ့အခါမှာ ငိုတဲ့ပုံပဲ ထွက်လာလိမ့်မယ်။

Voice :  ဒါဆို ပရိသတ်က မျက်နှာကို မမြင်ရပေမယ့် ဆွဲထားတဲ့ ပန်းချီပုံကိုကြည့်ပြီး ပိုင်တံခွန်ရဲ့စိတ်ကို ခွဲခြားလို့ ရတာပေါ့။

PTK : အရင်ကတည်းက ပရိသတ် တော်တော်များများကတော့ သိနေကြပါပြီ။ ကျွန်တော် မျက်ရည်ကျတဲ့ ပုံတွေ ဆွဲတာနဲ့ ခံစားနေရပြန်ပြီလား၊ စိတ်မကောင်း ဖြစ်နေပြန်ပြီလား ဆိုပြီး ပရိသတ်က ပြောကြတာမျိုးတွေတောင် ရှိပါတယ်။

Voice :  ပိုင်တံခွန်က ဝေဖန်မှုခံရတဲ့ အနုပညာသမားထဲမှာ ပါတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်မိလဲ။

PTK : ပရိသတ်က အနုပညာသမားတွေကို ဝေဖန်တယ်၊ ချီးကျူးတယ်ဆိုတာ ထုံးစံပါပဲ။ အနုပညာသမားတိုင်း ကြုံတွေ့ရမယ့် ပရိသတ်ကပေးတဲ့ လက်ဆောင်လို့ ပြောရင်ရပါတယ်။ ပြီးတော့ အရင်တုန်းကတော့ လူငယ်စိတ်ပဲ ရှိတော့ ကိုယ့်ကို ဝေဖန်ရင် မခံစားနိုင်ဘူး။ တစ်ခါတလေကျရင် ကိုယ်က ဘာမှမလုပ်ထားဘဲ မှန်နေရဲ့သားနဲ့ ကိုယ့်ကိုမသိတဲ့ လူတစ်ယောက်က စော်ကားတာမျိုးတွေ ရှိတယ်။ အဲ့ဒါကြောင့် မခံနိုင်တဲ့ အပိုင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာကိုယ့်ကို ဝေဖန်လာရင်တောင် စိတ်ထဲမှာ ဘာမှမဖြစ်တော့ပါဘူး။

Voice : ဝေဖန်မှုတွေကို သည်းခံတတ်လာတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ။ 

PTK : အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ လူဆိုတာက ဒါငါလုပ်ထားလား၊ ဒါငါမလုပ်ထားလား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အသိဆုံးဖြစ်တော့ ကိုယ့်ကို ဝေဖန်လာတဲ့ အပေါ်မှာ မသိချင်ယောင်ပဲ ဆောင်နေလိုက်တော့တယ်။ ဒါပေမဲ့ ဝေဖန်တဲ့ လူတွေပြောတဲ့ စကားတွေထဲမှာ ကောင်းတာလည်း ပါမယ်၊ ဆိုးတာလည်း ပါမယ်။ အဲ့ဒါကြောင့် ကျွန်တော်က ဆိုးတာကိုဖယ်ပြီး ကောင်းတာကို ယူတယ်၊ ပြင်သင့်တာကို ယူပါတယ်။

ဓာတ်ပုံ - ပိုင်တံခွန် Facebook Page

ဝင်းထွန်းနိုင်