News

POST TYPE

ENTERTAINMENT

''တင်ဇာ ပြောသလိုပဲ ဒီပွဲက နောက်ကျနေပြီလို့လည်း ပြောလို့ရတယ်။ နောက်မကျဘူးလို့လည်း ပြောလို့ရပါတယ်'' -စည်သူလွင်
22-Aug-2016
“ဒီပွဲဆိုရတာ အရမ်းကို ပျော်ပါတယ်။ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး။ အခွင့်အရေး ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန် ရလာမှာပဲဆိုတဲ့ အတွေးမျိုးလည်း ရပါတယ်”
- တင်ဇာမော်
ဂီတပညာရှင် ဦးစောနုရဲ့ အဆိုပြိုင်ပွဲမှာ ပထမဆု ကိုယ်စီရပြီး ဂီတလောကကို ဝင်ရောက် လာခဲ့ကြတဲ့ တေးသံရှင် စည်သူလွင်နဲ့ တင်ဇာမော်တို့က ၂၁ နှစ်အလွန်ဆိုတဲ့ ဂီတဖျော်ဖြေပွဲကို သြဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီမှာ ရန်ကုန်မြို့၊ MCC ခန်းမမှာ ပြုလုပ် သွားတော့မှာပါ။ ဒီပွဲမှာ သူတို့နှစ်ဦး သီဆိုမယ့် သီချင်းတွေအကြောင်း၊ ဖျော်ဖြေမှု အစီအစဉ်များအကြောင်းကို The Voice  က မေးမြန်းဖော်ပြထားပါတယ်။
 
Voice : ဂီတလောကကို ရှေ့ဆင့် နောက်ဆင့် ဝင်လာကြပြီး၊ သူငယ်ချင်းတွေအဖြစ် ကာလရှည် ခင်မင်ခဲ့ကြပေမယ့် နှစ်ယောက်တွဲ ရှိုးတော့ မလုပ်ခဲ့ကြဖူးဘူးနော်။ ၂၁ နှစ်အလွန် ဂီတ ဖျော်ဖြေပွဲမှာ အတူတွဲပြီး သီဆိုရမယ့်အပေါ် ခံစားမှုကို ပြောပြပေးပါဦး။
STL : တင်ဇာပြောသလိုပဲ ဒီပွဲက နောက်ကျနေပြီလို့လည်း ပြောလို့ ရတယ်။ နောက်မကျဘူးလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ ဆိုရင်လည်း ဒီပွဲက အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး။ သူလည်း သူ့အလုပ် သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ဘယ်အချိန်မှ ဒီလိုပွဲမျိုး လုပ်ဖြစ်မလဲ မသိဘူး။ အခုတော့ ဒီပွဲလေးကို မြန်မြန်ဆန်ဆန် လုပ်ဖြစ်သွားအောင် တွန်းအားပေးတဲ့ Myanmar Media Management က ကိုရွှေတို့ကိုလည်း ကျေးဇူးတင်ပါတယ်။
TZM : ဒီပွဲဆိုရတာ အရမ်းကို ပျော်ပါတယ်။  ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး။ အခွင့်အရေးဆိုတာ တစ်ချိန်မဟုတ် တစ်ချိန် ရလာမှာပဲဆိုတဲ့ အတွေးမျိုးလည်း ရပါတယ်။ စည်သူနဲ့က ဂီတလောကမှာအတူ ဖြတ်သန်းလာတာ နှစ်ပေါင်း ၂၁ နှစ်ကျော် ကြာခဲ့ပြီဆိုပေမယ့် နှစ်ယောက်တွဲရှိုး မလုပ်ဖြစ်ခဲ့ကြဘူး။ သူနဲ့ စုံတွဲ သီချင်းလေးတွေတော့ ဆိုခဲ့ဖူးတယ်။ ဒီနေ့ ဒီအချိန်မှာတော့ နှစ်ယောက်တွဲ ရှိုးလေး လုပ်ဖို့ အခွင့်အရေး ရတဲ့အတွက် အရမ်းကို ပျော်ပါတယ်။

Voice : ဒီပွဲအတွက် သီချင်းတွေ တိုက်နေကြတာလည်း တွေ့တယ်လေ။ ပွဲမှာ ဘယ်လို ဖျော်ဖြေ တင်ဆက်ဖို့ စီစဉ်ထားကြလဲ။
STL : ဒီပွဲမှာတော့ တစ်ယောက်ချင်းတွေလည်း ဆိုမယ်။ စုံတွဲ သီချင်းတွေလည်း ဆိုပါမယ်။ ဧည့်သည်အဆိုရှင် အနေနဲ့ ကျွန်တော်တို့ သူငယ်ချင်း ချောစုခင်ကို ဖိတ်ထားပါတယ်။ ကျွန်တော်တို့ သုံးယောက်က ဂီတလောကမှာ မောင်နှမတွေလိုပဲ ဖြတ်သန်းခဲ့တာပါ။ ကျွန်တော်တို့ သုံးယောက် ဆိုထားဖူးတဲ့ ထာဝရ အဖော်ဆိုတဲ့ သီချင်းလေးကို ဒီပွဲမှာ ဆိုပါမယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းကတော့ ဆယ့်နှစ်ပုဒ်လောက် ဆိုမယ်။ စုံတွဲ သီချင်းကတော့ ငါးပုဒ်လောက် ပါမယ်။ ကျွန်တော်နဲ့ တင်ဇာမော်ရဲ့သီချင်းတွေကို Medlay လို လုပ်ထားတာ တစ်ပုဒ် ပါပါမယ်။

Voice : ရှိုးပွဲတွေမှာ သိပ်မဆိုဖြစ်တဲ့ သီချင်း အချို့လည်း  ဒီပွဲမှာ ဆိုကြမယ်လို့ သိရတယ်။ ဘယ်သီချင်းတွေ ဖြစ်မလဲ။
STL : ကျွန်တော်ကတော့ ရှိုးပွဲတွေမှာ သိပ်မဆိုဖြစ်တဲ့ သီချင်း သုံးပုဒ်လောက် ထည့်ထားတယ်။ ပရိသတ်သိပြီး အောင်မြင်ခဲ့တဲ့ သီချင်းတွေလည်း ပါပါတယ်။ သီချင်း ပုံစံလေးတွေကိုလည်း စုံအောင် ရွေးထားပါတယ်။ ဖျော်ဖြေမှု အပိုင်းမှာလည်း Unplugged  ပုံစံပါမယ်။ Band နဲ့ ဖျော်ဖြေတာလည်း ပါပါမယ်။
TZM : သီချင်းလေးတွေကိုတော့ အချိုးချပြီး ရွေးထားပါတယ်။ ရှိုးပွဲတွေမှာ ပရိသတ်တွေကို ဆိုပြလေ့ မရှိတဲ့ သီချင်းမျိုးလေးတွေလည်း ပါမယ်။ ဥပမာအားဖြင့် မကော် သီချင်းကို အစ်မ ပြန်ဆိုထားတဲ့ စိုးတယ် ဆိုတဲ့ သီချင်းလေးဆို ရှိုးမှာဆိုဖို့ ပရိသတ်တွေ အတောင်းများကြတယ်။ ဒါပေမဲ့ ရှေ့မှာ လုပ်ခဲ့တဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ သုံးပွဲမှာ မဆိုဖြစ်ခဲ့သလို ဟိုးအရင် ပွဲတွေမှာလည်း ဘယ်တော့မှ မဆိုဖြစ်ခဲ့ဘူး။ အဲ့ဒီနေ့ကျရင် ပရိသတ်တွေ ကြားကြရမှာပါ။

Voice : နှစ်ယောက်လုံးက တစ်ကိုယ်တော် စီးရီးသစ်တွေလည်း ထွက်ဖို့ ပြင်ဆင် နေတာဆိုတော့ ဒီပွဲမှာ သီချင်းသစ် တချို့ကိုရော ဆိုဖြစ်ဖို့  ရှိလား။
STL : ကျွန်တော်ကတော့ ဒီပွဲမှာ သီချင်းသစ် မဆိုဖြစ်ပါဘူး။ သီချင်းသစ် မဆိုဖြစ်ဘူး ဆိုတာက နဂိုကတည်းကလည်း ရှိုးပွဲတွေ ဆိုတိုင်း ခွေထွက်ပြီးမှပဲ ဆိုဖြစ်တာ များတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ အရင်ထွက်ခဲ့ပြီးသား ခွေတွေမှာ ပါခဲ့ပေမယ့် ရှိုးတွေမှာ တစ်ခါမှ မဆိုဖြစ်သေးတဲ့ သီချင်းမျိုးတွေ ထည့်ဆိုဖြစ်ပါမယ်။
TZM : အစ်မရဲ့ စီးရီးသစ်အတွက် သွင်းနေတဲ့ သီချင်းတွေထဲက အွန်လိုင်းမှာတော့ နှစ်ပုဒ် ဖြန့်ပြီးပါပြီ။ ဧည့်သည်နဲ့ ကိုယ့်မွေးနေ့ ဆိုတဲ့ သီချင်းတွေပါ။ အဲ့ဒီခွေထဲကပဲ နောက်သီချင်း တစ်ပုဒ် ရှိပါသေးတယ်။ တေးရေးဆရာ အောင်ကိုမြင့် ရေးပေးထားတဲ့ ဘုံဆိုတဲ့ သီချင်းပါ။ အဲ့ဒီသီချင်းလေးကို ဆိုပြဖို့ တော်တော်များများက တောင်းကြတယ်။ အဲ့ဒီ သီချင်းလေးကို ဒီပွဲမှာ ပရိသတ်နဲ့ မိတ်ဆက် ပေးချင်တဲ့အတွက် အစ်မ ဆိုမှာပါ။

Voice : ဒီပွဲမှာ တချို့ သီချင်းတွေကို Unplugged ပုံစံမျိုး ဆိုကြမှာဆိုတော့  ကိုယ်တိုင်လည်း ဆိုရတာ ခံစားမှုအသစ် တစ်မျိုး ရကြမှာပေါ့။
STL : ပထမတော့ သီချင်းပုံစံတွေကို ဆိုရတာ အပြောင်းအလဲ ဖြစ်အောင် Unplugged ပုံစံပဲ လုပ်မလားလို့ စဉ်းစားကြတာပေါ့။ ဒါပေမဲ့ ဒီလိုပုံစံမျိုးပဲ ဆိုမယ်ဆိုရင်လည်း အရမ်း ဘောင်ကျဉ်း သွားလိမ့်မယ်။ တချို့ သီချင်းတွေကျတော့ Musical Instrument အစုံနဲ့ မဖျော်ဖြေရင် ပုံစံပြောင်းရတာ ခက်တယ်။ သူ့ရဲ့ နဂိုအတိုင်း အရသာက ပိုကောင်းနေတာမျိုး ရှိတယ်။ အဲ့ဒါကြောင့် တချို့ သီချင်းလေးတွေတော့  Unplugged ပုံစံ ဆိုမယ်။ တချို့ သီချင်းတွေကိုတော့ Band နဲ့ ဆိုမှာပေါ့။ နားထောင်ရတဲ့ ပရိသတ်တွေလည်း အရသာ နှစ်မျိုး ခံစားရမှာပေါ့။
TZM : သီချင်းတွေကို Unplugged ပုံစံ ဆိုရတာက အေးအေးချမ်းချမ်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဆိုရတာပေါ့။ ဒါပေမဲ့ တချို့သီချင်းတွေကိုတော့ ကြွအောင် ဆိုလို့ ရပါတယ်။ နားထောင်ရတဲ့ ပရိသတ်လည်း ပျင်းမသွားအောင် သီချင်းတွေကို Band နဲ့ရော  Unplugged နဲ့ပါ ဖျော်ဖြေပါမယ်။ ကျွန်မရဲ့ ဖျော်ဖြေမှု အစီအစဉ်မှာ Unplugged နဲ့ သီချင်း ၆ ပုဒ် ဆိုပါမယ်။ 

သန့်ဇင်ဦး


  • VIA