POST TYPE

ENTERTAINMENT

ရဲရင့်အောင်နဲ့ တွေ့ဆုံခြင်း
17-Jul-2017 tagged as

အသည်းကွဲသီချင်း အေးအေးလေးတွေနဲ့ လူငယ်ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ တေးသံရှင် ရဲရင့်အောင်နဲ့ တွေ့ဆုံပြီး ဒုတိယ တစ်ကိုယ်တော်ခွေအကြောင်း၊ သရုပ်ဆောင် မလုပ်ဖြစ်သေးတဲ့အကြောင်းနဲ့အတူ လတ်တလော ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အချစ်ရေးအကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : ဒုတိယ တစ်ကိုယ်တော်ခွေရဲ့ ခရီးပေါက်ရောက်မှုက ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ၊ သီချင်းပုံစံတွေကို အပြောင်းအလဲ လုပ်ထားသေးလား။
YYA : လက်ရှိမှာ ခွေအတွက် သီချင်းအကြောင်းအရာနဲ့ စာသားပိုင်းက အားလုံး ပြီးသွားပါပြီ။ အသံသွင်းဖို့ပဲ ကျန်ပါတော့တယ်။ ပြီးတော့ သီချင်းပုံစံတွေကတော့ ကျွန်တော် ရေးလေ့ရေးထ ရှိတဲ့ပုံစံမျိုး၊ ဆိုလေ့ ဆိုထ ရှိတဲ့သီချင်း ပုံစံမျိုးကိုမှ ကိုယ့်ရဲ့ အသက်အရွယ်အရရော အသိအရပါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေကို ထပ်ပြီးပေါင်းစပ်ထားတယ်။ 

Voice : တစ်ခွေလုံးက ကိုယ်တိုင်ရေး သီချင်းတွေချည်းပဲလား၊ Title ကို စဉ်းစားထားပြီးပြီလား။ 
YYA : ဟုတ်ပါတယ်၊ တစ်ခွေလုံးလိုလိုကို ကျွန်တော် ရေးထားတာပါ။ ဒါပေမဲ့ ကိုဝေလ ရေးထားတဲ့သီချင်းတော့ ပါပါမယ်။ ပြီးတော့ Title  ကို လောလောဆယ်မှာ နှစ်မျိုး စဉ်းစားထားတယ်။ အဲ့ဒါကြောင့် သေချာသွားတော့မှပဲ ပရိသတ်ကို ပြောတော့မယ်။ ခွေကိုတော့ ဒီနှစ်မကုန်ခင် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။

Voice : လက်ရှိမှာ Reference နဲ့ Copy မကွဲတဲ့အပေါ်မှာ ပရိသတ်က အာရုံစိုက်လာတာ တွေ့ရတယ်နော်။  
YYA : ပရိသတ်ကတော့ သူတို့စိတ်ထဲမှာ မြင်တဲ့အတိုင်း၊ သူတို့နားထဲမှာ ကြားတဲ့အတိုင်းကို ခေါင်းစဉ်တပ်ကြမှာပါ။ ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ကတော့ သွားပြီးပြောလို့ မရပါဘူး။ ဒါပေမဲ့ သူတို့တွေ ဒီလိုမျိုးမြင်တတ်၊ ကြားတတ်လာတယ်ဆိုတော့ နောက်ပိုင်းကျရင်တော့ စစ်မှန်တဲ့အရာတွေ ပိုပြီးတော့ ပေါ်ထွက်လာမယ် ထင်ပါတယ်။ 

Voice : ကိုယ်ကိုယ်တိုင်က Reference လုပ်ခဲ့တာမျိုး ရှိလား။
YYA : ကျွန်တော် သီချင်းစဆိုတဲ့ အချိန်တုန်းကဆိုရင် မသိတာ၊ မတတ်တာတွေ အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် သီချင်းတစ်ပုဒ်ကို Reference လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မလုပ်ခဲ့ပါဘူး။ ထပ်ပြီးလည်း ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်သီချင်းက ကျွန်တော်သီချင်းပါပဲ။ 

Voice : ပရိသတ်တွေက သရုပ်ဆောင်ဘက်မှာလည်း သိပ်မတွေ့ရဘူးဆိုပြီး ပြောနေကြတယ်၊ သရုပ်ဆောင်ဘက်မှာ ဘာတွေလုပ်သွားဖို့ရှိလဲ။
YYA : ကျွန်တော်လည်း ဇာတ်ကားတွေ ပြန်ရိုက်ချင်ပါတယ်။ ဒါပေမဲ့ ဒုတိယ တစ်ကိုယ်တော်ခွေ မပြီးမချင်းမှာတော့ တခြားဘက်ကို လှည့်နိုင်ဦးမှာ မဟုတ်သေးဘူး။ ဒုတိယခွေ ထွက်ပြီးသွားရင်တော့ ပြန်လုပ်ဖြစ်မှာပါ။ ပြီးတော့ သရုပ်ဆောင်တဲ့အပိုင်းမှာလည်း ကျွန်တော့်အတွက် ခက်ခဲတာတွေရှိပါတယ်။ အဲ့ဒါကြောင့် အေးအေးဆေးဆေးနဲ့ အချိန်ပေးနိုင်မှလည်း အဆင်ပြေမှာပါ။ 

Voice :“ငါ့ကိုနမ်းတဲ့မုန်တိုင်း”ရုပ်ရှင်ကားက ၂၀၁၇ ထဲမှာ ရုံတင်မယ်လို့ ကြားရတယ်၊ ကိုယ့်အနေနဲ့ ပရိသတ်ကို ကြိုပြီး ပြောထားချင်တာမျိုး ရှိလား။
YYA : ကျွန်တော် ရိုးရိုးသားသားပဲ ပြောတာပါ။ အဲ့ဒီကား ရိုက်နေစဉ်အတွင်းမှာတော့ ကျွန်တော် လုပ်နိုင်သမျှကို အစွမ်းကုန် ကြိုးစားပြီးတော့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ သီချင်းဆိုတဲ့ လူတစ်ယောက်အနေနဲ့ သရုပ်ဆောင်တဲ့အပိုင်းမှာ လိုအပ်ချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ ကျွန်တော် ပြန်ကြည့်တဲ့အခါမှာလည်း တချို့နေရာလေးတွေမှာ လိုအပ်တယ်လို့ ခံစားမိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ပရိသတ်ကြီးလည်း ဒီကားကိုကြည့်တဲ့အချိန်မှာ ကျွန်တော့်လိုပဲ ခံစားရမယ်ထင်ပါတယ်။ သေချာတာကတော့ ကျွန်တော့်ကို မမြင်ဖူးသေးတဲ့ ပုံစံတစ်မျိုးနဲ့ ပရိသတ်တွေ တွေ့ရမှာပါ။

Voice : အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေ ထွက်လာပေမယ့် တရားဝင် မပြောတာက ပြောချိန် မတန်သေးလို့ လား၊ ပရိသတ်ကို လျှိုထားတာတော့ မဟုတ်ပါဘူးနော်။
YYA : အဓိက ကျွန်တော့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပရိသတ်ကို မရှုပ်ထွေးစေချင်တော့လို့ပါ။ ကျွန်တော် အများကြီး အရှုပ်တွေ လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေက သီချင်းတွေကိုပါ ထိခိုက်ပါတယ်။ အဲ့ဒါကြောင့် ပရိသတ်ကို စိတ်ရှုပ်အောင် ထပ်ပြီး မလုပ်ချင်တော့ဘူး။ ကျွန်တော် Facebook သုံးတယ်ဆို ရင်တောင်မှ ကိုယ့်ရဲ့ စိတ်ညစ်စရာ ကောင်းတဲ့အပိုင်းတွေ၊ ဖြေရှင်းနေရတဲ့ ပြဿနာတွေကို ဘာမှ အသိမပေးချင်တော့ဘူး။ ကျွန်တော် ပျော်နေတဲ့အချိန်ကိုပဲ ပရိသတ်ကို အသိပေးချင်ပါတယ်။ ကျွန်တော့်ပရိသတ်ကို သီချင်းတွေပဲ ခံစားစေချင်ပါတယ်။ ပရိသတ်ကို အသိမပေးချင်လို့ လျှိုထားတာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်တော့်မှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ မရှုပ်ထွေးစေချင်တဲ့ စိတ်တစ်ခုပဲရှိပါတယ်။ 

Voice : အချစ်ရေးမှာ တစ်ခုခုဖြစ်ပြီဆို ကိုယ့်ကိုပဲ ဝေဖန်ထိုးနှက်ကြတာ များပေမယ့် ပြန်ဖြေရှင်းတာ မတွေ့ရတာက ဘယ်လိုမျိုးကြောင့်လဲ။ 
YYA : တချို့အရာတွေမှာ ဖြေရှင်းသင့်တဲ့ စကားတွေရှိပေမယ့် ကျွန်တော် မပြောချင်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ထပ်မဖြစ်ချင်တော့ဘူး။ ကျွန်တော် ပြောလိုက်တော့မှ ပိုပြီး ကြီးသွားတာမျိုးလည်း မလိုချင်ဘူး။ ကျွန်တော့်မှာ အထင်မှားစရာတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီလိုအချိန်မှာ ဒီလို အပြောခံရဖို့ ကံပါလာတယ်လို့ပဲ မှတ်ယူပါတယ်။ ကျွန်တော့်မှာရှိတဲ့ ဝဋ်ကြွေးကို ဆပ်လိုက်တယ်လို့ပဲ သဘောထားပါတယ်။ အဲ့ဒါကြောင့် ဘာမှ မဖြေရှင်းတာ အကောင်းဆုံးပဲ ထင်ပါတယ်။

ဝင်းထွန်းနိုင်

  • TAGS