News

POST TYPE

EDUCATION

အသက် ၆၀ မှာ ဆရာတွေ ပင်စင်ယူသင့်သလား
09-Mar-2019


ထိုင်းနိုင်ငံတွင် ဆရာအရေအတွက် ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရန်မှာ ပညာရေးဝန်ကြီး ဌာနအတွင်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။ နောက်တက်လာမည့် အစိုးရအနေနှင့် ဆရာပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်မှာ ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။

ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် ဆရာ ဆရာမများသည် ဥပဒေသစ်အရ အသက် ၆၀ ပြည့်လျှင် အငြိမ်းစားယူကြရမည်။ ထိုအငြိမ်းစားယူ သွားကြသည့် ဆရာများနေရာတွင် အစားထိုးရန် ဆရာတွေ မရှိပေ။ ပညာရေးဝန်ကြီးဌာနဝန်ကြီး တီရာကက် ဂျာရွန်ဆတာဆင်က လာမည့်စက်တင်ဘာလတွင် အငြိမ်းစား ယူကြမည့် ဆရာများကို နောက်နှစ် မတ်လအထိ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် စီစဉ်နေကြောင်း သိရသည်။ သို့သော် ဥပဒေအရ အသက် ၆၀ ပြည့်သည့် ဆရာတိုင်းမှာ ပင်စင်ခံစားကာ အငြိမ်းစားဘဝနှင့် နေကြရတော့မည်ဖြစ်သည်။

လာမည့် စက်တင်ဘာလတွင် အသက် ၆၀ ပြည့်သည့် ဆရာတိုင်း ပင်စင်ယူကြရမည်ဆိုသည့် ဥပဒေသည် ကျောင်းများအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်သည်။ ယခုစာသင်နှစ် ပြီးဆုံးမည့် နောက်နှစ် မတ်လမှ အငြိမ်းစားယူခွင့်ပြုရန် စီစဉ်နေသည်ဆိုသော်လည်း အဖြေတော့မဟုတ်ပေ။ ထိုသို့ ပင်စင်ရချိန်တွင် ဆက်သင်ရမည်ဆိုသော်လည်း သူတို့အတွက် လစာဆက်ရမည်မဟုတ်ပေ။ ကျောင်းတွေက ထောက်ပံ့ကြေးဖြင့်သာ ဆက်သင်ချင်လျှင် သင်ကြရ မည့် အနေအထားတွင် ရှိနေသည်။ မိမိတို့တပည့်များ စာမေးပွဲဖြေနိုင်ရေးအတွက် စေတနာဖြင့် ဆက်လုပ်ချင်လျှင် လုပ်ခွင့်ပြုမည်ဆိုသည့် သဘောသာဖြစ်သည်။ 

ဆရာတစ်ယောက်သည် ပင်စင်ယူလိုက်ပြီ ဆိုသည်နှင့် သတ်မှတ်ထားသော ဘတ်ဂျက်မှ ပင်စင်ငွေကို ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။ သို့သော် အလုပ်မလုပ်ဘဲထိုင်ကာနေရမည့်ဘဝကို ဆရာများ အသားကျရန်ဆိုသည်မှာ အတော်လေးလုပ်ကြရမည်ဖြစ်သည်။ တပည့်တွေအပေါ် စာနာစိတ်ဖြင့် ဆက်လုပ်ပေးသည်ဆိုစေ အစိုးရဘက်က ပြန်လည်ကြည့်ပြီး ဖြေရှင်းပေးရမည့်အစား ပင်စင်သမားကို ပင်စင်သာ ခံစားခွင့်ပြုမည်ဆိုခြင်းမှာ စိတ်ထဲတွင်တော့ အောင့်စရာ ဖြစ်နိုင်ပါသည်။

ပုဂ္ဂလိကကျောင်းများတွင် လုပ်ကိုင်နေကြသော ဆရာ၊ ဆရာမများသည် အစိုးရကျောင်းမှ ဆရာများနှင့် ရာထူးသတ်မှတ်ချက်မှာ အတူတူသာ ဖြစ်သည်။ ထို့ကြောင့် တော်သော ဆရာများသည် ပင်စင်ယူပြီးလျှင် ပုဂ္ဂလိကကျောင်းများသို့ ရောက်သွားကောင်း ရောက်သွားနိုင်ကြမည်။ ပုဂ္ဂလိကကျောင်းတွေက အစိုးရကျောင်းတွေထက်ပင် လစာကပိုကောင်းသေးသည်။ အစိုးရကျောင်းများတွင် ဆရာတွေကို ပင်စင်ပေးပြီး လျှော့ချနေခြင်းမှာ ပုဂ္ဂလိကကျောင်း များဘက်တွင် ဝါရင့်ဆရာများကို ခေါ်ထားနိုင်သည့်အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာနိုင်ပါသည်။

ဆရာများကို စက်တင်ဘာလကစပြီး အသက် ၆၀ ပြည့်လျှင် ပင်စင်ပေးကာ လျှော့ချလာခြင်းမှာ အစိုးရ ကျောင်းများတွင် အရည်အချင်းနှင့် အတွေ့အကြုံ ရှိသည့် ဆရာများကို ဖယ်ထုတ်လိုက်သလို ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မျိုးဆက်သစ်ဆရာများကို အစားထိုးနိုင်ခြင်း မရှိသေးသမျှ ထိုဆရာများကို ဆက်ပြီးထား နိုင်ရေးအတွက် အဖြေတစ်ခုခုရှာရန် လိုမည်ထင်ပါသည်။ ထို့ပြင် လက်ရှိအစိုးရအနေနှင့်လည်း အာဏာသိမ်းအစိုးရ ဖြစ်နေသောကြောင့် ထိုသို့လုပ်ခွင့်မရှိကြောင်း သိထားရန်လိုပါသည်။

အစိုးရက အသက် ၆၀ ပြည့်လျှင် ပင်စင်သွား ရမည်ဆိုသည့် အမိန့်သည် လာမည့် ၆ နှစ်အတွင်း ဆရာပေါင်း ၁၅၀၀၀၀ ကို အငြိမ်းစားပေးလိုက်မည့်သဘောဖြစ်သည်။ သို့သော် ပညာရေးဝန်ကြီးဌာနကတော့ ဆရာပေါင်း ၁၀၀၀၀ ခန့်ကို အချိန်ပိုင်းဆရာများအဖြစ် ပြန်ခန့်မည်ဖြစ်ကြောင်း ဆိုထားသည်။ ထို့ကြောင့် ထွက်သွားသည့် အရေအတွက်နှင့် လိုအပ်မည့်အရေအတွက်မှာ များစွာကွာခြားနေပါသည်။ ဆရာများ ပင်စင်ယူချိန်က ၂၀၁၉ စက်တင်ဘာအစား ၂၀၂၀ မတ်လသို့ ပြောင်းလိုက်လျှင် ပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်ပါလိမ့်မည်။ ထိုအချိန်မှ စာသင်နှစ်ပြီးဆုံးမည်ဖြစ်သောကြောင့်ပင်။ သို့မဟုတ်လျှင်လည်း ဆရာများကို ၆၀ ကျော်အရွယ်အထိ အသက်အပိုင်းအခြား ကာလတစ်ခုအထိ တိုးမြှင့်ကာ တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဖြစ်သည်။ 

ဆရာလျှော့ချရေးပြဿနာကို ကိုင်တွယ်ရာတွင် ပင်စင်သည်လွယ်ကူသည့် အဖြေတစ်ခု မဟုတ်ပေ။ ပညာရေးဝန်ကြီးအတွက်သာမက နောက်တက်လာမည့်အစိုးရအတွက်ပါ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာနိုင်သည်။ အခြေအနေအရပ်ရပ်နှင့် အချိန်ကိုက်ပြီး ၆၀ ပြည့်ဆရာများကို ပင်စင်ပေးသင့် မပေးသင့် ပြန်စဉ်းစားရန် လိုမည်ထင်သည်။

E-01

(Ref: Should Teachers Have To Retire At 60?, Chiang Rai Times)