News

POST TYPE

EDUCATION

တရုတ်တွေကို အခွင့်အရေး ပေးမှာလား
09-Mar-2019


လာမည့်ဇူလိုင်လသည် နည်းပညာတိုးတက်မှု နှစ်ပေါင်း ၅၀ ပြည့်သည့် အထိမ်းအမှတ် နေ့ ဖြစ်သည်။ နီးလ် အမ်းစ်ထရောင်းသည် လပေါ်သို့ ပထမဦးဆုံး ခြေချနိုင်ခဲ့သော နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ထိုအချိန်က စတင်ပြီး အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့အလယ်တွင် နည်းပညာလောက၏ ဆရာကြီး တစ်ဆူသဖွယ် သရဖူဆောင်းနိုင်ခဲ့သည်။

သို့သော် အမေရိကန်တို့ထံမှ သရဖူကို ပြန်သိမ်းမည့်သူတွေ ပေါ်လာသည်။ တရုတ်က ယခုအခါ ကမ္ဘာ့ နည်းပညာလောကတွင် နံပါတ် ၁ အဖြစ်နေရာရလာ ပြီး လက်မထောင်နိုင်သည့် အနေအထားကို ရောက်လာပြီဖြစ်သည်။ 

ထိုအချက်ကို အမေရိကန်ခေါင်းဆောင်တွေက သတိပြုမိသည်။ ရှောင်မာကို ရူဘီရိုဦးဆောင်သော ကော်မတီအဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက Made in China 2025 ဆိုသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ သည်။ တရုတ်တို့၏ ၂၀၂၅ စီမံချက်သည် နည်းပညာဖြင့် စက်မှုခေတ်ပြောင်းတော်လှန်ရေး တစ်ခုကို ဆင်နွှဲရန် ဖြစ်ပြီး တရုတ်ထုတ်ကုန်ဖြင့် ကမ္ဘာကိုလွှမ်းစေရန် ရည်စူးထားသော စီမံချက်လည်း ဖြစ်သည်။ တရုတ်တို့က ပြောလည်းပြော၊ လုပ်လည်း လုပ်နေသည်။ ထို့ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကပင် တရုတ်တို့အပေါ် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာ ထုတ်လုပ်မှုများကို ကိုင်တွယ်ထိန်းချုပ် နိုင်ရေးတို့ အတွက် ထိတ်လန့်တကြား အမိန့်တွေထုတ်ကာ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေရသည်။

နည်းပညာဆိုင်ရာကဏ္ဍများတွင် တရုတ်သည် အားလုံးကို ကြိတ်ပြိုင်နေခဲ့သည်မှာ ကြာခဲ့ပြီ။ ယခုမှ ဝါရှင်တန်က အိပ်ရာမှ လန့်နိုးလာသည်။ သူတို့တတ်နိုင်သည့်ဖက်က ခြိမ်းခြောက်မှုတွေ လုပ်နေသော်လည်း တရုတ်တို့၏ AI (Artificial Intelligence) ဆိုင်ရာ နည်းပညာက လိုက်မမီနိုင် လောက်အောင် ထိပ်ကို တက်သွားပြီဖြစ်သည်။

AI ခေါ် လူသားတို့အတိုင်း ကွန်ပျူတာဖြင့် စက်များကို ထိန်းချုပ်လုပ်ဆောင်ခိုင်းမည့်စနစ်သည် ၂၁ ရာစု၏ အမြင့်ဆုံးနည်းပညာဖြစ်သည်။ လူမှုရေး၊ စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးတို့ကအစ AI နည်းပညာများက ဝင်ရောက်စွက်ဖက်လာပြီဖြစ်သည်။ လူသားသမိုင်းတွင် ခေတ်ပြောင်းတော်လှန်ရေးတိုင်း ၏ အမြင့်ဆုံး ပြောင်းလဲမှုတစ်ခုဖြစ်သည်။ လူသားတို့မီးနှင့် လျှပ်စစ်ဓာတ်အားကိုတွေ့ရှိခဲ့ခြင်းထက် AI ကို ဖော်ထုတ်နိုင်အောင် ကြိုးစားလာခြင်းမှာ အကြီးမားဆုံးသော အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့သည်။ ရုရှားသမ္မတ ပူတင်ကပင် AI ကို နိုင်နင်းစွာ ကိုင်တွယ်ထိန်းချုပ်နိုင်သူများမှာ ကမ္ဘာကြီးကို စိုးမိုးနိုင်သူများ ဖြစ်လိမ့်မည်ဟု ဆိုထားသည်။

အမေရိကန်တို့ကလည်း AI ကို တီထွင်နေကြသည်။ Google, Amazon, Facebook, Apple နှင့် အခြားကုမ္ပဏီပေါင်းများစွာ AI ကို တီထွင်နေကြသော်လည်း တရုတ်တွေထက် များစွာ နောက်ကျနေခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ ဟန်ကျိုးတွင် တစ်မြို့လုံးကို စောင့်ကြည့်နေသည့် မြို့တော်ဦးနှောက်ခေါ် AI စနစ်ဖြင့် ထိန်းချုပ်နိုင်သော စနစ်တွေကို တရုတ်တွေ အသုံးပြုနေပြီ။ 

City Brain စနစ်ကို တရုတ်နိုင်ငံ၏ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Alibaba က တီထွင်ထားခြင်း ဖြစ်သည်။ ထိုဦးနှောက်စနစ်ဖြင့် တစ်မြို့လုံးရှိ မီးပွိုင့်ပေါင်း ၁၃၀၀ ကို တစ်နေရာတည်းက ထိန်းချုပ်ထားသည်။ တစ်နေရာတည်းက လမ်းပေါ်နေရာမှန်သမျှကို စောင့်ကြည့်နိုင်သည်။ လာမည့် ၂ နှစ်အတွင်း တရုတ်တစ်နိုင်ငံလုံးကိုသာမက အာရှအထိ City Brain စနစ်ကို လိုက်လံတပ်ဆင် အသုံးပြုရန် တရုတ်တွေ ခြေလှမ်းပြင်နေသည်။ 

မြို့တော်အတွင်း CB စနစ်က မီးသတ်ကား၊ လူနာတင်ယာဉ် စသည့်အရေးပေါ်ကားများကို တောက်လျှောက်မောင်းနှင်သွားစေရန် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ တစ်နိုင်ငံလုံးကိုပင် စောင့်ကြည့်နိုင်သည်အထိ Alibaba က လုပ်ဆောင်နိုင်ရန် အစိုးရအတွက် စီစဉ်ပေးနေသည်။ 

CB စနစ်သည် တရုတ်နိုင်ငံတွင် AI စနစ်ကို New Generation AI Development Plan အနေနှင့် စီမံကိန်းချကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်လမ်းညွှန်မှုနှင့် ဘတ်ဂျက်ငွေပေါင်းများစွာ အသုံးပြုပြီး ဆောင်ရွက်ခဲ့သော လုပ်ငန်းလည်းဖြစ်သည်။ သူတို့ AI ဖြင့် ကမ္ဘာကို လွှမ်းစေရမည်ဆိုကာ လုပ်ဆောင်နေပုံများသည် ပေါ့သေးသေးလုပ် ဆောင်နေခြင်းမဟုတ်ကြောင်း သိထားစေလိုပါသည်။ 

တရုတ်နိုင်ငံ၏ AI ကတစ်ဆင့် ထုတ်လုပ်မှု လုပ်ငန်းသည် ၂၀၁၈ ခုနှစ်ကထက် ၆၇ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်လာသည်။ AI ဆိုင်ရာစာတမ်းများ ရေးသားခြင်းတွင်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ ပေါ်တွင် အများဆုံး စံချိန် တင်ထားသည်။ လပေါ်သို့ လူမပါသည့်ယာဉ်များ စေလွှတ်နေခြင်းတွင်လည်း တရုတ်တို့အောင်မြင်မှုရနေခြင်းက AI အဆင့်မည်မျှ တိုးတက်ထွန်းကားနေကြောင်း သိသာလှသည်။ 

တရုတ်နိုင်ငံတွင် AI စနစ်ကို အကောင်အထည် ဖော်နေသည်ဆိုစေ လူ့စွမ်းအားရင်းမြစ်က အလျှံပယ်ရှိနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သူတို့က ဘာမဆို ဈေးပေါပေါထုတ်နိုင်သည်။ ကဏ္ဍပေါင်းစုံတွင် လူအား၊ ပညာအားတွေကိုသုံးပြီး လွှမ်းမိုးလာနိုင်အောင် လုပ်ဆောင်နေခြင်းများကိုလည်း ကမ္ဘာက သတိထားရန် လိုအပ်ပါသည်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့သာမက တရုတ်တို့၏ စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် တီထွင်ဆန်းသစ်နေမှုများက ကြောက်စရာဖြစ်သည်။ တရုတ်ကုမ္ပဏီကြီးများဖြစ်သည့် Alibaba, Baidu, Tencent တို့ကလည်း အစိုးရကို အပြည့်အဝကူညီသလို ထိုသို့ကူညီသည့်အတွက်လည်း ကွန်မြူနစ်အစိုးရက အပြည့်အဝလုပ်ပိုင်ခွင့်တွေကို ပြန်ပေးထားသည်။ 

အမေရိကန်တို့က ယခုမှ AI ဆိုင်ရာပညာရေး ကို ပြန်လည်ပြီး ကျောင်းများတွင်လုပ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် တရုတ်တို့က AI ပညာရေးကို အကွက်ချကာ ဖော်ဆောင်ခဲ့ပြီးဖြစ်နေသည်။ အမေရိကန်တွင် အစိုးရက နည်းပညာကုမ္ပဏီကြီးများကို ဆော်ဩနေချိန်တွင် တရုတ်တို့က နည်းပညာကုမ္ပဏီကြီးများ၏ အထောက်အပံ့အစိုးရ၏ အထောက်အပံ့များကို အလျှံပယ်ရနေသည်။ 

AI သည် ခေတ်တစ်ခေတ်ဖြစ်လာပြီ။ လပေါ်ကို လူရောက်နေရုံဖြင့် ကျေနပ်နေရမည့် ခေတ်မဟုတ်ပါ။ တရုတ်တို့က လပေါ်ကို လူမပါဘဲ ဒုံးပျံကိုစေလွှတ်ပြီး လူနေထိုင်မည့်အိမ်တွေကို တည်ဆောက်ရန် စမ်းသပ်နေသည်။ နည်းပညာဖွံ့ ဖြိုးတိုးတက်ခဲ့သော နှစ် ၅၀ အတွင်း တရုတ်တို့က လပေါ်သို့လွှမ်းမိုးရန်သာမက ကမ္ဘာပေါ်ကိုပါ လွှမ်းမိုးနိုင်ရန် စီစဉ်နေပြီဖြစ်သည်။

E-01

(Ref: We can't let China become the global leader in artificial intelligence, Charles Jennings)