News

POST TYPE

EDUCATION

ကျောင်းသားသမဂ္ဂ သို့မဟုတ် တက္ကသိုလ်၏ပုံရိပ်
08-Sep-2018 tagged as



ကျောင်းသားသမဂ္ဂသည် တက္ကသိုလ်တစ်ခု၏ ပုံရိပ်သက်သက် တစ်ခုသာမက ဂုဏ်သိက္ခာရှိသော နေရာတစ်ခု ဖြစ်လာစေရန် သူတို့နိုင်ငံတက္ကသိုလ်များတွင် အားထုတ်နေကြကြောင်း တွေ့ရပါသည်။ သမဂ္ဂအဆောက်အအုံကို ဒေသအတွင်း ဂုဏ်သိက္ခာကြီးမားသည့် ပြယုဂ်တစ်ခုသာမက ပညာရေး၏ ပန်းတိုင်တစ်ခုအနေနှင့်လည်း ထူထောင်တည်ဆောက်လျက်ရှိကြောင်း တွေ့ရသည်။ 

အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ်ကျောင်းဝင်းများအတွင်း သမဂ္ဂအဆောက်အအုံများ တည်ဆောက်ခြင်းကို ၁၉၅၀ ပြည့်နှစ်မှသည် ၁၉၇၀ ပြည့်နှစ်များအထိ အသီးသီးလုပ်ဆောင်လာကြကြောင်းကို တွေ့ရပါသည်။ သူတို့ ကျောင်းသားသမဂ္ဂအဆောက်အအုံများကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အနားယူအပန်းဖြေနိုင်ရန်၊ ဆွေးနွေးတိုင်ပင်နိုင်ရန်၊ မိမိတို့ ဝါသနာပါသည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်စေရန်၊ တွေ့ဆုံနိုင်ကြရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်နေကြခြင်းဖြစ်သည်။ အချို့သော တက္ကသိုလ်ကြီးများတွင် ရှေးဟောင်းအဆောက်အအုံကြီးများကို ဂုဏ်ယူစွာသုံးစွဲနေကြသလို၊ အချို့သော တက္ကသိုလ်များတွင် အဆောက်အအုံများကို ခေတ်မီပြီးလှပသည့် အဆောက်အအုံကြီးများအဖြစ် ပြုပြင်တည်ဆောက်ပြီး ဂုဏ်ယူနေကြကြောင်းလည်း တွေ့ရပါသည်။ 

“ခေတ်အဆက်ဆက် ဆောက်ခဲ့တဲ့ အဆောက်အအုံကြီးတွေက ခေတ်သစ်ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေနဲ့ မအပ်စပ်တော့ဘူး။ ခေတ်သစ်မှာက လူမှုရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ နည်းပညာစတာတွေ တိုးတက်လာတော့ အဲဒီခေတ်နဲ့အညီ လိုက်လျောညီထွေရှိမယ့် အဆောက်အအုံတွေကို တည်ဆောက်ပေးဖို့လိုအပ်လာတယ်” ဟု မြောက်ကာရိုလိုင်းနား၊ ဒါဟန်းမှ ဒီဇိုင်းဒါရိုက်တာတစ်ဦးဖြစ်သူ ဂျေးစမစ်ကဆိုသည်။

“ကျောင်းသားသမဂ္ဂဆိုတာ တက္ကသိုလ်ရဲ့ ပုံရိပ်တစ်ခုပဲ။ ကျောင်းတစ်ကျောင်းမှာရှိနေတဲ့ သမဂ္ဂအဆောက်အအုံဆိုတာ ကျောင်းသားအားလုံးက ငါတို့နဲ့ဆိုင်ပြီး ငါတို့အားလုံးဆက်သွယ်ရမယ့် နေရာတစ်နေရာဆိုပြီး သတ်မှတ်ထားတဲ့ နေရာတစ်နေရာဖြစ်နေရမယ်။ ကျောင်းသားအားလုံး စိတ်ဓာတ်ပေါင်းစုံ၊ စရိုက်ပေါင်းစုံကို ဒီတစ်နေရာတည်းမှာ စုစည်းထားနိုင်တဲ့နေရာ၊ ခိုလှုံနိုင်တဲ့နေရာတစ်နေရာလည်း ဖြစ်နေရမယ်”ဟု သူကဆိုသည်။



ထို့ကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုတည်ဆောက်ရာတွင် အတွင်းပိုင်း၌ တွေ့ဆုံဆွေးနွေးနိုင်သည့် နေရာခန်းမများ၊ စားသောက်နိုင်သည့် ခန်းမများ၊ ဖျော်ဖြေတင်ဆက်နိုင်သည့် ခန်းမများ၊ လေ့လာသင်ယူနိုင်သည့် ခန်းမများ၊ စာကြည့်တိုက်များ၊ တည်းခိုနားနေနိုင်သည့် နေရာများ စသည်တို့ ပြည့်စုံစွာ ရှိနေရမည်ဖြစ်သည်။ ထို့ပြင် ထိုအဆောက်အအုံကြီးသည် အတွင်းကကြည့်ကြည့်၊ အပြင်ကကြည့်ကြည့် ရှုမငြီးနိုင်သော နေရာအဆောက်အအုံကြီးတစ်ခု ဖြစ်နေရန်လည်း လိုသည်။ ထို့ကြောင့်လည်း အပြင်တွင် မြက်ခင်းများ၊ ကစားကွင်းများ၊ ရေပန်းများအပြင် ပန်းအလှများနှင့်လည်း ဆင်ယင်ထားလေ့ရှိကြသည်။ 

ကျောင်းသားသမဂ္ဂအဆောက်အအုံသည် လက်ရှိကျောင်းသားများ၊ အသစ်ရောက်လာမည့် ကျောင်းသားများအားလုံးအတွက် အံ့ဩဖွယ်ရာ နေရာတစ်နေရာဖြစ်သင့်ပါသည်။ ပြင်ပမှ စိတ်ဝင်စားသူများကပါ လာရောက်လေ့လာစရာ နေရာတစ်နေရာလည်း ဖြစ်သင့်သည်။ ထိုသဘောမျိုးဖြစ်အောင် အမေရိကရှိ တက္ကသိုလ်များတွင် တည်ဆောက်လာကြကြောင်းလည်း တွေ့ရသည်။ 

ကျောင်းသားသမဂ္ဂအောင်မြင်မှုသည် ထိုတက္ကသိုလ်၏ အောင်မြင်မှုနှင့်လည်း ဆက်စပ်နေပါသည်။ ထိုကျောင်း မည်မျှတိုးတက်မှုရှိနေသည်ကို သမဂ္ဂအဆောက်အအုံတွင် ကျင်းပသည့်ပွဲများ၊ ပညာပေးနေမှုများ၊ အနားယူအပန်းဖြေနိုင်ရန် စီစဉ်ပေးထားနိုင်မှုများ၊ တည်းခိုနေထိုင်နိုင်မှုများ၊ အစားအသောက်များ စားသောက်နိုင်မှုများ စသည့်အချက်များနှင့်လည်း တိုင်းတာစစ်ဆေးလေ့ရှိပါသည်။ 

ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဆောက်ထားပေးခြင်းကြောင့် မည်သူတွေ အကျိုးအမြတ်ရသနည်း။ ကျောင်းအတွက်ရော ကျောင်းသားတွေအတွက်ပါ အကျိုးအမြတ်ရပါသည်။

“ကျောင်းသားသမဂ္ဂအဆောက်အအုံဆိုတာ ကျောင်းတစ်ကျောင်းရဲ့ အမှတ်တံဆိပ်တစ်ခုလို အရေးပါတယ်။ ကျောင်းတစ်ကျောင်းရဲ့ အထိမ်းအမှတ်သင်္ကေတ တစ်ခုလည်းဖြစ်တယ်” ဟု စမစ်ကဆိုသည်။ သူက သမဂ္ဂအဆောက်အအုံကြီးတစ်ခုကို ခိုင်မာလှပစွာ တည်ဆောက်ပေးထားခြင်းက လက်ရှိကျောင်းသားများ၏ စိတ်ဆန္ဒကို ကျေနပ်နှစ်သက်မှုရစေရန်သာ မဟုတ်၊ နောက်ဝင်လာမည့် ကျောင်းသားများကိုလည်း ဖိတ်ခေါ်ဆွဲဆောင်သလို ဖြစ်စေသည်ဟုဆိုသည်။ 

သမဂ္ဂအဆောက်အအုံကိုတည်ဆောက်ရာတွင် သူတို့သည် ကပွဲခန်းမများနှင့် ဇာတ်ရုံများကိုပါ ထည့်သွင်းတည်ဆောက်ကြသည်။ ထိုခန်းမများသည် အားလုံးနှင့်ဆိုင်သည်။ သူတို့ဆွေးနွေးပွဲများ၊ ပါတီပွဲများလည်း လာလုပ်နိုင်သည်။ အများပြည်သူဆိုင်ရာပွဲတွေလည်း လာလုပ်နိုင်သည်။ အားလုံးသည် မည်မျှ အပြင်တွင် ကွဲပြားသည်ဆိုစေ ဤနေရာ၊ ဤအဆောက်အအုံအတွင်း အားလုံး တစ်သားတည်းဖြစ်သည်ဆိုသည့်သဘောကိုလည်း ဆောင်စေရန် ဖန်တီးပေးထားနိုင်သည့် နေရာတစ်နေရာဖြစ်စေရန် အားထုတ်ကြသည်။ 

သမဂ္ဂအဆောက်အအုံအများစုသည် အမေရိကတွင် ကျောင်းသားများထံမှ ကောက်ခံရရှိသည့် ငွေကြေးများဖြင့် ရပ်တည်နေကြသည်ကများသည်။ ကျောင်းကလည်း အထိုက်အလျောက် ထောက်ပံ့ပေးမှုများရှိသည်။ သူတို့ ကျောင်းသားတွေက သမဂ္ဂကို ကျောင်းသားထုတစ်ရပ်လုံးအား ကိုယ်စားပြုသည့် အဖွဲ့၏နေရာအဖြစ် သတ်မှတ်ကြသည်။ ထိုနေရာက ကျောင်းသားများ၏ ကိုယ်စားပြုသော စကားသံများကို ဖော်ထုတ်နိုင်သည့်နေရာ၊ ကျောင်းသားကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်သည့်နေရာ၊ ကျောင်းသားများအတွက် ကျောင်းသားများက ကျောင်းသားအရေးကို ဆွေးနွေးနိုင်သည့်နေရာ၊ ယဉ်ကျေးမှုများ စီးဆင်းရာနေရာ၊ လိုချင်သည့် ကျောင်းသုံး၊ လူသုံးပစ္စည်းများကို ဝယ်ယူနိုင်သည့်နေရာ တစ်နေရာအဖြစ်လည်း သူတို့ ကျောင်းသားတွေက အသုံးပြုကြသည်။ 



ခေတ်သစ်ကျောင်းသားသမဂ္ဂအဆောက်အအုံများတွင် နည်းပညာဆိုင်ရာပစ္စည်းများကို ရယူသုံးစွဲနိုင်သည့် နေရာတစ်နေရာအဖြစ်လည်း ပြောင်းလဲပေးထားသည်။ ကွန်ပျူတာ၊ အင်တာနက်တို့ကို စိတ်ကြိုက်သုံးနိုင်ရန် ဖွင့်ပေးထားသည်။ 

အမေရိကတွင် ထင်ရှားသည့် ကျောင်းသားသမဂ္ဂအဆောက်အအုံတစ်ခုမှာ Talley Student Union ဖြစ်သည်။ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Raleigh တွင်ရှိသည့် ထိုသမဂ္ဂအဆောက်အအုံကြီးသည် ခေတ်မီဆန်းကျယ်သည့်ဒီဇိုင်းနှင့် ဖြည့်ဆည်း လုပ်ဆောင်ပေးထားမှုများကြောင့် နာမည်ကျော်သည်။

E-01

(Ref: CA Commercial Architecture)

  • TAGS