News

POST TYPE

EDUCATION

စာသင်ခန်းထဲသို့ လက်ပ်တော့နှင့်ဖုန်း ယူသင့်၊ မယူသင့်
01-Sep-2018



စာသင်ခန်းထဲမှာ အိတ်ထဲက ဖုန်းမြည်တာ၊ စားပွဲပေါ်မှာ လက်ပ်တော့နဲ့ အလုပ်ရှုပ်နေတာ စာသင်ကြားမှုကို အာရုံပျက်စေတယ်”

“ကျောင်းသားတွေဆိုတာ အတန်းထဲမှာ ဆရာသင်တာပဲ ဂရုစိုက်ရမှာပေါ့။ အခြားဟာတွေကို အာရုံစိုက်နေတာတွေ မဖြစ်သင့်ဘူး”

အထက်ပါစကားများသည် အထက်တန်းမှသည် တက္ကသိုလ်အဆင့်အထိ ဆရာများ တညီတညွတ်တည်း ပေးနေကြသည့် မှတ်ချက်များဖြစ်သည်။ ကျောင်းစာသင်ခန်းထဲမှာ ဖုန်းတွေ၊ လက်ပ်တော့တွေ မသုံးရတော့ဘူးလား၊ သုံးခွင့်မရှိဘူးလား ဆိုသည့်ပြဿနာမှာ ယနေ့တိုင် နိုင်ငံအများတွင် ဆင်နွှဲနေကြသည့် တိုက်ပွဲတစ်ပွဲ ဖြစ်နေပါသေးသည်။ 

ကွန်ပျူတာဆိုသည်မှာ လူသားတို့၏ ပညာဗဟုသုတရှာဖွေမှုကို အများဆုံး အထောက်အကူပြုပေးသည့် ပစ္စည်းတစ်မျိုးဖြစ်ကြောင်း လက်မခံသေးလျှင် စာသင်ခန်းသို့ ဖုန်းနှင့် လက်ပ်တော့များ ယူဆောင်လာခြင်းကို အငြင်းပယ်ခံနေရမည်သာဖြစ်သည်။ ဥပမာ-အောက်ဆီဂျင်ထုတ်ဖော်ပုံကို ဓာတ်ခွဲခန်းလည်း မရှိသည့် ကျောင်းတစ်ကျောင်း၊ ရှိလည်း မသုံးရသည့် ကျောင်းတစ်ကျောင်းတွင် ကွန်ပျူတာ သို့မဟုတ် ဖုန်းများဖြင့် အင်တာနက်ကို ကြားခံထားကာ ကောင်းစွာ သင်ကြားနိုင်ကြောင်း ဆရာက ကောင်းစွာမသိလျှင်လည်း ထိုပစ္စည်းများကို အသုံးပြုခွင့်နှင့် အလှမ်းဝေးနေဦးမည်သာဖြစ်သည်။

ဆရာတွေ စဉ်းစားရမည့်ကိစ္စမှာ ခေတ်ကို မျက်ခြည်ဖြတ်ပြီး ပိတ်ပင်ထားမည်လော၊ အသုံးပြုခွင့်မပေးဘဲ အသိပညာကို ပိတ်ပင်ထားမည်လော သို့မဟုတ် အမြန်ဆုံးသိအောင်၊ တတ်အောင် လမ်းဖွင့်ပေးမည်လော တစ်ခုခု စဉ်းစားရတော့မည်ဖြစ်သည်။

ပညာရေးတွင် ဆရာတိုင်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများကို စိန်ခေါ်နေမှုမှာ နည်းပညာများကို စာသင်ခန်းထဲတွင် ကန့်သတ်ပိတ်ပင်မည်လော၊ အကျိုးရှိအောင် အသုံးပြုခွင့်ပေးမည်လောဆိုသည့် ပြဿနာဖြစ်သည်။ 

၂၀၁၇ ခုနှစ်က မစ်ချီဂန်ပြည်နယ်တက္ကသိုလ်အဖွဲ့သည် ကျောင်းသားများကွန်ပျူတာသုံးစွဲမှုအပေါ် သုတေသနပြုလုပ်ခဲ့ကြသည်။ ယခုဖော်ပြမည့် အချက်အလက်များသည် ဆရာများနှင့် ကျောင်းသားများကို တွေ့ဆုံမေးမြန်းခဲ့မှုများအား ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။ 

ကာလီဖိုးနီးယားပြည်နယ်၊ Santa Clara တက္ကသိုလ်၊ လူမျိုးစုယဉ်ကျေးမှုဌာနမှ ဆရာမ အယ်လီယာဂရစ်ဖင်းက “ဖုန်းနဲ့ ကွန်ပျူတာပစ္စည်းတွေက ယူလာလည်း ပိတ်ထားသင့်ပါတယ်။ စာသင်နေချိန်အတွင်း ထုတ်မသုံးတာ အကောင်းဆုံးပါပဲ” ဟုဆိုသည်။ ဆရာမ ပြောချင်သည်မှာ ဖုန်းတွေ အသံမြည်လာလျှင် စာသင်ရခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။ ကျောင်းများတွင် သူတို့အတွက် သုံးစေချင်သောကြောင့် မည်မျှ ရင်းနှီးမြှုပ်နှံပေးသည်ဆိုစေ၊ ဖုန်းသံများက စိတ်ပျက်စရာဖြစ်စေသည်ဟု သူကဆိုသည်။ 

ဆရာမက ကွန်ပျူတာကို သုံးခွင့်များများပေး လိုက်လျှင် မျက်နှာချင်းဆိုင်ပြီး စာသင်ကြားရသည့် အလေ့အထ ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်နေသည်။ သူက

“ကျွန်မ ပထမဆုံးအတန်းထဲကို ဝင်တဲ့နေ့က အတန်းထဲမှာ ကျောင်းသား ၃၀ လောက် ထိုင်နေကြတယ်။ သူတို့က ဖုန်းတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ အချင်းချင်း ဖုန်းကနေ စာတွေ ရိုက်ပို့နေကြတယ်။ မြင်ရတဲ့မြင်ကွင်းက အရမ်းဝမ်းနည်းစရာ ကောင်းတယ်။ ကောလိပ်စာသင်ခန်းဆိုတာ အမြင်ချင်းဖလှယ်ကြရမယ့် နေရာပါ။ အတွေးတွေ ဖလှယ်ရမယ့်နေရာပါ။ အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတွေကို လက်တွေ့ကျကျ လုပ်ရမယ့်နေရာပါ” ဟု ပြောရှာသည်။

ဗာဂျီးနီးယားပြည်နယ်၊ မေရီဝါရှင်တန်တက္ကသိုလ်မှ သင်ကြားမှုသင်ယူမှု နည်းပညာဌာနသို့ တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသားတစ်ဦးဖြစ်သူ ဂျက်ဆီစတောင်းမန်းဆိုသူ ကျောင်းသားကလည်း ကျောင်းကို လက်ပ်တော့ယူခွင့်မပြုခြင်းကို ဆန့်ကျင်နေသူဖြစ်သည်။ သူက ကျောင်းသားများအပေါ် အရာရာကို လိုက်လံပိတ်ပင်နေမှုကို လက်မခံသူဖြစ်သည်။ 

သူက Twitter ပေါ်ကတစ်ဆင့် သူတို့ကျောင်းသားတွေ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြသည်များ ရှိသည်။ ကျောင်းသားများအပေါ် အာဏာဖြင့် ပိတ်ပင်ရန်မသင့်။ ဆရာသင်သည်ကို မရှင်းလျှင် ကွန်ပျူတာထဲတွင် ရှာချင်လည်း ရှာမည်။ အခြားတစ်ယောက်ယောက်ကို လှမ်းမေးချင်လည်းမေးမည်။ 

“ကျွန်တော်တို့ကို စာမှာပဲ အာရုံစိုက်ဖို့ပြော တာဟာ ဆရာအပေါ်မှာပဲ အာရုံထားဖို့ ပြောသလိုဖြစ်နေတယ်။ အသိပညာကို ကန့်သတ်ထားသလိုဖြစ်နေတယ်” ဟု သူက ဆိုသည်။ 

သင်ကြားမှုကို ဖုန်းများ၊ လက်ပ်တော့များက အနှောင့်အယှက်ဖြစ်စေသည်ဆိုခြင်းနှင့် ပတ်သက်ပြီး သူက “ဒါဆိုရင် ကျွန်တော်တို့ အချင်းချင်း မဆက်သွယ်ရတော့ဘူးပေါ့။ ကျွန်တော်တို့အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုကလည်း ပညာတွေ ရစေပါတယ်” ဟုပြောသည်။ 

“လက်ပ်တော့တွေ ယူလာတယ်ဆိုတာက သင်ယူမှုကို ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်ချင်လို့၊ သင်ယူချင်တဲ့အချိန်မှာ သင်ချင်လို့၊ ဆရာသင်တဲ့နည်းအပြင် အခြားတစ်နည်းကို ရှာဖွေလေ့လာချင်လို့ပါ” ဆိုသည့် ကျောင်းသားတစ်ဦး၏ ရင်ဖွင့်သံကလည်း အလေးအနက်ထားပြီး စဉ်းစားရမည့်အချက်ဖြစ်သည်။ 

ကက်သရင်း ပရန်ဒါဂက်စ်သည် အီလီနွိုက် တက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခတစ်ဦးဖြစ်သည်။ ဆရာမ ကက်သရင်းက

“ပြည်နယ်ဥပဒေအရရော မသန်စွမ်းသူများအတွက် ဥပဒေအရပါ ကျောင်းသားတွေကို အကာအကွယ် ပေးထားတာရှိပါတယ်။ ကျောင်းသားတွေ ကျောင်းစာသင်ခန်းထဲမှာ ပညာရေးအတွက် အသုံးပြုမယ်ဆိုရင် သုံးခွင့်ရှိပါတယ်။ ကျောင်းသားတစ်ယောက်ဟာ လက်ပ်တော့ယူဖို့လိုရင် ယူလာပြီး သုံးခွင့်ရှိပါ တယ်” ဟု သူကဆိုသည်။

သို့သော် လက်ပ်တော့ယူလာပြီး သုံးခြင်းသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ဖြစ်သလို သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကိုလည်း မထိပါးစေရန် အရေးကြီးသည်။ ကျောင်းစာသင်ခန်းအတွင်း သင်ကြားမှုသင်ယူမှုအတွက် အားလုံး အထောက်အကူဖြစ်စေသည်ဆိုလျှင်၊ ဖြစ်အောင် သင်ကြားမှု၊ သင်ယူမှုလုပ်နေကြသည်ဆိုလျှင် ခွင့်ပြုရမည်သာဖြစ်သည်ဟု ဆရာမက သူ့အမြင်ကိုရှင်းပြသည်။

နက်ရှ်ဗီးလ်၊ Vanderbilt တက္ကသိုလ် သင်္ချာဌာနမှ ဆရာမတစ်ဦးကလည်း ဆရာသင်ကြားနေသည့်အခါ လက်ဖြင့် လိုက်မှတ်ရခြင်းက ကွန်ပျူတာတွင် စာရိုက်ရခြင်းထက် မြန်ဆန်ကြောင်း ဖြေရှင်းချက်ထုတ်သည်။ ဆရာမပြောသည့်အချက်မှာ မှန်ကောင်းမှန်နိုင်ပါသည်။ သူက ဖုန်းတွေကို ပိတ်ထားရမည်၊ ဖုန်းအသံတွေ မထွက်စေရ၊ အတန်းထဲတွင် ဖုန်းမသုံးရဟု တားမြစ်ပိတ်ပင်ခြင်းကို သဘောကျသည်။

သို့သော် စဉ်းစားဆင်ခြင်စရာတစ်ချက်မှာ ဖုန်းတွေ၏ အသုံးဝင်မှုကို ထိုဆရာမက မသိသောကြောင့် ပြောသလားဟု ထင်မှတ်စရာဖြစ်သည်။ ဆရာမ သင်ကြားနေသည်ကို ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးထားနိုင်သည်။ သင်ကြားသမျှအားလုံး လက်နှင့် လိုက်မှတ်စရာကိုမလိုသည့် ခေတ်ဖြစ်သည်။ ဗီဒီယိုမှတ်တမ်း မယူချင်သည့်တိုင် အသံကို သွင်းထားနိုင်သည်။ ထိုမှတ်တမ်းများကို အိမ် သို့မဟုတ် တစ်နေရာရာတွင် ပြန်ဖွင့်ပြီး နားထောင်နိုင်သည်။ ကျောင်းမလာနိုင်သည့် သူငယ်ချင်းဖြစ်သူထံ ဆရာသင်ကြားလိုက်သည့် လက်ချာကို ပို့လိုက်ပြီး နားထောင်စေနိုင်သည်။ စာကျက်ခြင်းထက် နားထောင်ခြင်းအလေ့က ပိုမှတ်မိစေသည် ဆိုလျှင် ဖုန်းဖြင့် မှတ်တမ်းတင်ခြင်းကို လက်ခံရမည်သာ ဖြစ်သည်။ ဖုန်းပိတ်ထားဟုဆိုခြင်းမှာ ကျောင်းသား၏ လေ့လာသင်ယူမှုနည်းလမ်းကို ပိတ်ပင်ရာလည်း ရောက်သည်။

တောင်ကိုရိုလိုင်းနား၊ Charleston ကောလိပ်မှ အင်္ဂလိပ်ဆရာ ဂျွန်ဝါနာသည်လည်း ယခင်က ကျောင်းစာသင်ခန်းသို့ လက်ပ်တော့ယူလာခြင်းကို ကန့်ကွက်ဆန့်ကျင်သူဖြစ်သည်။ သူက အထူးလေ့လာ သင်ကြားရမည့်အတန်းကလွဲပြီး လက်ပ်တော့ မသုံးရ၊ အရေးကြီးသည့်ကိစ္စကလွဲပြီး ဖုန်းမသုံးရဟု ပိတ်ပင်ထားသူ ဖြစ်သည်။

သို့သော် ကျောင်းသားတွေက တက္ကသိုလ်အတွင်း လှုပ်ရှားမှုတွေ လုပ်လာကြသည်။ ကျောင်းကို လက်ပ်တော့ ယူမလာလျှင် စောင်ယူလာရမည်လား ဆိုသည့်လှုပ်ရှားမှု ဖြစ်သည်။ ထိုလှုပ်ရှားမှုများ လုပ်လာသဖြင့် နောက်ပိုင်း ဆရာ ဂျွန်ဝါနာသည် လက်ပ်တော့ယူလာခွင့်ကို ခွင့်ပြုပေးလိုက်သည်။ 

“သင်ယူမှုအထောက်အကူအဖြစ် သုံးမယ်ဆိုရင် လက်ခံပါတယ်။ နည်းပညာကို အသုံးပြုပြီး သိချင်တဲ့အချက်အလက်တွေကို ရှာဖွေဖို့ဆိုရင် ဖြစ်သင့်ပါတယ်” ဟု သူကလက်ခံလာသည်။ 

ဆရာဝါနာက “သူတို့ကို လက်တော့ပ်တွေနဲ့ အသုံးပြုပြီး စာသင်ကြားမှုကို လုပ်ခိုင်းလိုက်တာ သိသိသာသာ ပြောင်းလဲသွားတယ်” ဟုဆိုသည်။

သူ့အတန်းတွင် ကျောင်းသား ၂၀ သာရှိသည်။ သူတို့ကို ဘယ်မှာထိုင် ဘယ်လိုထိုင်မပြော။ ကြိုက်သလို ထိုင်နိုင်သည်။

“သူတို့ကို ကျွန်တော်က အလုပ်ပေးတယ်။ သူတို့ ဖုန်းကြောင့် အနှောင့်အယှက်ဖြစ်မှာတွေ၊ လက်ပ်တော့ကြောင့် အာရုံမစိုက်မှာတွေ ကျွန်တော် ဂရုမစိုက်တော့ဘူး။ သူတို့ ကျွန်တော်ခိုင်းတဲ့အလုပ်မှာ နစ်မြောနေဖို့ပဲ လိုတယ်” ဆိုသည့် ဆရာဝါနာ၏ စကားကလည်း လေးစားစရာဖြစ်သည်။

အတန်းထဲတွင် နည်းပညာအထောက်အကူ ပြုနိုင်သည့်ပစ္စည်းတွေ ရောက်လာသည့်အခါ မကောင်းဘူးလား မေးစရာရှိသည်။ သင်ကြားသည့်ဆရာက နည်းပညာအကြောင်း၊ ဖုန်းအကြောင်း၊ လက်ပ်တော့အကြောင်း ကောင်းကောင်းမသိလျှင် တပည့်များနှင့် အဆင်ပြေမည်မဟုတ်ပေ။

ကိုယ်တိုင်က နည်းပညာအကြောင်း ကောင်းကောင်းသိသည်။ အင်တာနက်ထဲတွင် ကိုယ်သင်ချင်သည့် အကြောင်းအရာတွေကို မည်သို့ရှာနိုင်သည်။ ကိုယ့်ထက်တော်သည့် ဆရာကြီးတွေက ကမ္ဘာ့အခြား တက္ကသိုလ်များတွင် မည်သို့သင်နေသည်ဆိုခြင်းကို သဘောမပေါက် နားမလည်သည့် ဆရာ၊ ဆရာမများနှင့် ခေတ်သစ်ပညာရေးသည် ဘောင်ဝင်မည် မထင်ပါ။

ပညာရေးလမ်းကြောင်းက ပြောင်းလဲလာသည်ကို သတိထားသင့်ပါသည်။ ဆရာဗဟိုပြုစနစ် မဟုတ်တော့ပါ။ ဆရာသည် အလုံးစုံသိ၊ အရာရာသိမဟုတ်တော့ပါ။ ဆရာ့ထက် သိသည့်၊ တတ်သည့်၊ နားလည်သည့် နေရာတစ်နေရာရှိကြောင်း ဆရာက ရိုးသားစွာ ဝန်ခံနိုင်ရမည်။ အင်တာနက်လမ်းကြောင်းကို လက်ရှိအနေအထားတွင် ကွန်ပျူတာ၊ လက်ပ်တော့၊ ဖုန်းများဖြင့်သာ ထိုးဖောက်ဝင်ရောက်နိုင်ပါသေးသည်။ ဆရာများ သဘောထားကြီးပြီး အနာဂတ်ကိုကြိုမြင်ရန် အရေးကြီးသည်။ 

ကိုယ်က မထိန်းကျောင်းနိုင်၊ မခိုင်းနိုင်၊ နားမလည်နိုင်သဖြင့် ကျောင်းစာသင်ခန်းထဲသို့ ဖုန်းနှင့် လက်ပ်တော့ ယူမလာရဟု အမိန့်ထုတ်လိုက်လျှင် ကျောင်းသားတွေက “စောင်ယူလာရမှာလား” ဆိုသည့် မေးခွန်းကိုလည်း ပြန်လည်ရင်ဆိုင်ရန် အသင့်ဖြစ်နေရပါလိမ့်မည်။

(နိုင်ငံတကာ ပြောင်းလဲနေသော ပညာရေး အသွင်အပြင်ကို လေ့လာနိုင်ရန် NPR Ed မှ ထုတ်လွှင့်ချက်ကို ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။)

E-01