News

POST TYPE

EDUCATION

ကမ္ဘာ့အကောင်းဆုံး ပညာသင်ဆုများ
23-Sep-2017 tagged as ကမ္ဘာ့ပညာရေး


ကိုယ့်ကိုယ်ကိုယ် ထူးချွန်သည်ဟုထင်ပြီး အနာဂတ်ကို မျှော်လင့်ချက် များစွာနှင့် ကြိုးစားတည်ဆောက်ချင်သူများအတွက် နိုင်ငံတကာမှ ပညာသင်ဆုများအကြောင်းကို လေ့လာထားသင့်ပါသည်။ ကမ္ဘာ့ဂုဏ်သိက္ခာ အရှိဆုံးနှင့် သွားရောက်လေ့လာရန် အားထုတ်သင့်သည့် အကောင်းဆုံး ပညာသင်ဆုများကို ဖော်ပြလိုက်ပါသည်။

Fulbright Scholarships (USA)

အမေရိကန် ပြည်ထောင်စု အစိုးရနှင့် နိုင်ငံပေါင်း ၁၅၅ နိုင်ငံတို့ ချိတ်ဆက်ပြီး ပေးအပ်နေသည့် ပညာသင်ဆု ဖြစ်ပါသည်။ နှစ်နိုင်ငံ အပြန်အလှန် ပညာသင်ဆုများ ပေးအပ်စေလွှတ်နေခြင်းလည်းဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူပေါင်း ၁၈၀ဝ ခန့် နှစ်စဉ် ခေါ်ယူလျက်ရှိသည်။

Fulbright Scholarships သည် ထူးချွန်သည့် နိုင်ငံခြား ကျောင်းသားများကို Master နှင့် Ph.D Degree များအား အမေရိကန် ပြည်ထောင်စုတွင် ခေါ်ယူလေ့ကျင့်ပေးပြီး ဘွဲ့များ ပေးအပ်သော အစီအစဉ်လည်းဖြစ်သည်။ ပညာသင်ဆု ရရှိသူမျာကို အမေရိကတွင် ပညာသင်နေစဉ် ကာလအတွင်း ကျူရှင်စရိတ်၊ စာအုပ်စာတမ်းကြေး၊ လေယာဉ်ခ၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေး စောင့်ရှောက်ခများ အပြည့်အဝ ထောက်ပံ့ပေးထားသည်။

အသေးစိတ် သိရှိလိုပါက http://www.scholars4dev.com/2876/usa-fulbright-scholarships-for-international-students/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Chevening Scholarships (UK)

ဗြိတိန်နိုင်ငံ အစိုးရအစီအစဉ်ဖြင့် ခေါ်ယူသည့် ပညာသင်ဆုဖြစ်သည်။ နှစ်စဉ် နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကျောင်းသားပေါင်း ၁၀ဝ၀ ဝန်းကျင်ကို ခေါ်ယူပြီး ပညာသင်ပေးလျက်ရှိသည်။ နိုင်ငံတကာမှ ထူးချွန်ထက်မြက်သော ကျောင်းသားများကို ဘွဲ့လွန် (Postgraduate) အနေနှင့် ပညာရပ်များကို ဆက်လက် လေ့လာနိုင်စေရန် စီစဉ်ပေးနေခြင်းဖြစ်သည်။

ပညာသင်စရိတ်နှင့် အထောက်အပံ့များကို အပြည့်အဝ ပေးထားသည်။ ကျူရှင်စရိတ်၊ လစဉ် ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် နေထိုင်စားသောက်စရိတ်များ ထောက်ပံ့ပေးထားသောကြောင့် လျှောက်ထားသင့်သည့် ပညာသင်ဆု အမျိုးအစား ဖြစ်ပါသည်။

အသေးစိတ်ကို http://www.scholars4dev. com/3299/british-chevening-scholarships/ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Endeavour Postgraduate Awards (Australia)

ဩစတြေးလျနိုင်ငံမှ အမေရိက၊ ဥရောပ၊ ကာရစ်ဘီယံ၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ဒေသများမှ နိုင်ငံတကာ ကျောင်းသားများကို အထောက်အပံ့ ပေးနေသည် ပညာသင်ဆု အမျိုးအစား ဖြစ်သည်။ ပေးအပ်သည့် ဘွဲ့အမျိုးအစားများမှာ ဘွဲ့လွန်တန်းဖြစ်သည့် Master ဘွဲ့များအတွက် ( ၂ နှစ်နှင့်အထက်)၊ Ph.D Level အတွက် (၄ နှစ်နှင့်အထက်) နေထိုင် သင်ယူလေ့လာခွင့်များ ပေးထားသည်။

ပညာသင်ကြားနေစဉ် ကာလများတွင် သင်တန်းတက်ခြင်း၊ သုတေသန လုပ်ငန်းများကို လုပ်ဆောင်ခြင်းတို့အား ဩစတြေးလျနိုင်ငံတွင် နေထိုင်လုပ်ကိုင်ရမည်ဖြစ်သည်။ ကျူရှင်စရိတ်၊ ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေး စရိတ်များကို အလုံအလောက် အထောက်အပံ့များ ရရှိမည်ဖြစ်သည်။

အသေးစိတ်ကို http://www.scholars4dev. com/3710/endeavour-postgraduate-scholarship-awards/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Eiffel Excellence Scholarship Programme (France)

ပြင်သစ်နိုင်ငံရှိ တက္ကသိုလ်များတွင် နိုင်ငံတကာမှ ထူးချွန်သော ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ ပညာသင်ယူနိုင်စေရေးအတွက် လမ်းဖွင့်ပေးသည့် ပညာသင်ဆု အမျိုးအစား ဖြစ်သည်။ ပေးအပ်သည့် ဘွဲ့အမျိုးအစားများမှာ Masters နှင့် Ph.D Degree များဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ လာရောက်နေထိုင် ပညာသင်ကြားနိုင်ကြမည်ဖြစ်သည်။

Eiffel Excellence Scholarship Programme သည် လစဉ် ထောက်ပံ့ကြေးများကို ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုဖြစ်သည်။ သို့သော် ကျူရှင်ကြေးအတွက် အပြည့်အဝ အလုံအလောက် မဖြစ်နိုင်ဟု ဆိုထားသည်။ သို့သော် မိမိတိုင်းပြည်သို့ ပြန်စရိတ်၊ ကျန်းမာရေးစရိတ်နှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက် အထောက်အပံ့များ ပေးထားသည်။

အသေးစိတ်ကို http://www.scholars4dev. com/2282/eiffel-scholarships-for-international-students/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Swiss Government Excellence Scholarships (Switzerland)

ဆွစ်ဇာလန်နိုင်ငံအစိုးရက ပေးအပ်သည့် ပညာသင်ဆု အမျိုးအစားဖြစ်သည်။ Federal Commission for Scholarships for Foreign Students (FCS) အနေနှင့် ပေးအပ်ခြင်းဖြစ်သည်။ နိုင်ငံတကာမှ ဘွဲ့လွန်သင်တန်း ဆက်လက် တက်ချင်သူများနှင့် သုတေသန ပညာရှင်များအတွက် လမ်းဖွင့်ပေးထားသော ပညာသင်ဆု အမျိုးအစားလည်းဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများအတွက် ဆက်တက်နိုင်မည့် ဘာသာရပ်များအပြင်၊ ဒေါက်တာဘွဲ့အတွက်လည်း သုတေသန လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်စေရန် လမ်းဖွင့်ပေးထားသည်။ 

နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက် လစဉ် ထောက်ပံ့ကြေးများဖြင့် ကျူရှင်စရိတ်၊ ကျန်းမာရေးစရိတ်၊ လေယာဉ်စရိတ် စသည်ဖြင့် အပြည့်အဝ ခံစားခွင့်များ ပေးထားသော ပညာသင်ဆုလည်းဖြစ်သည်။

အသေးစိတ်ကို http://www.scholars4dev. com/3543/swiss-government-scholarships- for-foreign-students/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Gates Cambridge Scholarships (UK)

နိုင်ငံတကာ ပညာသင်ဆုထဲတွင် တက္ကသိုလ်က ထောက်ပံ့ပေးအပ်သည့် ဆုများထဲတွင် ဂုဏ်သိက္ခာကြီးသည့် ပညာသင်ဆု တစ်ဆုဖြစ်သည်။ နိုင်ငံတကာ ကျောင်းသား ကျောင်းသူများကို လမ်းဖွင့်ပေးထားသည်။ ဘွဲ့ရပြီး ကျောင်းသားများကို ဗြိတိန်နိုင်ငံ University of Cambridge တွင် လာရောက်ပညာ သင်ကြားနိုင်ရန် လမ်းဖွင့်ပေးထားသည်။

ကျောင်းက ထောက်ပံ့ကြေးသည် ကျူရှင်စရိတ်၊ နေထိုင် စားသောက်စရိတ်၊ လေယာဉ်ခ စသည်တို့ကို အပြည့်အဝ ထောက်ပံ့ပေးထားသည်။ နှစ်စဉ် ကျောင်းသား ၁၀ဝ ခေါ်ယူပြီး ပညာသင်ဆုများ ပေးအပ်ချီးမြှင့်လေ့ရှိပါသည်။

အသေးစိတ်ကို http://www.scholars4dev. com/2043/gates-scholarships-for-international-students-at-university-of-cambridge/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Clarendon Scholarships at University of Oxford (UK)

နှစ်စဉ် ပညာသင်ဆုအဖြစ် ကျောင်းသား ၁၄၀ ခန့်ကို ခေါ်ယူလေ့ ရှိသည်။ နိုင်ငံတကာမှ ကျောင်းသားများကို ခေါ်ယူပြီး ပညာ ဆက်လက် လေ့လာနိုင်ရန် အထောက်အပံ့ပေးခြင်းဖြစ်ကာ ဗြိတိန်နိုင်ငံ University of Oxford တွင် တက်ရောက် ပညာသင်ကြားခွင့်ရမည် ဖြစ်သည်။

Clarendon Scholarships သည် ဘွဲ့တစ်ခုခုကို လက်ခံရရှိထားပြီး ဘွဲ့လွန်ပညာရပ်များကို Oxford တွင် ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေး ပေးခြင်းလည်းဖြစ်သည်။ ကျူရှင်စရိတ်၊ နေထိုင် စားသောက်စရိတ်နှင့် အခြားထောက်ပံ့ကြေးများကို အလုံအလောက် ပေးထားသည်။

အသေးစိတ် အချက်အလက်များကို http://www.scholars4dev.com/2269/clarendon-scholarships-at-university-of-oxford/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Schwarzman Scholars Program at Tsinghua University (China)

အနာဂတ်တွင် ကမ္ဘာ့ခေါင်းဆောင်သစ်များ ပေါ်ထွန်းလာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးမည့် ပညာသင်ဆုဖြစ်သည်။ Schwarzman Scholars Program သည် ၂၁ ရာစုတွင် Geopolitical ဆိုင်ရာ ပညာရပ်များကို နိုင်ငံတကာမှ ကျောင်းသားများ လေ့လာသင်ယူနိုင်စေရန် အထူး ဖွင့်လှစ်ပေးထားသည့် ပထမဆုံး ပညာသင်ဆုလည်းဖြစ်သည်။

Tsinghua University တွင် တစ်နှစ် Master Degree ဆိုင်ရာ ပညာရပ်များကို တက်ရောက် လေ့လာကြရမည်ဖြစ်သည်။ ကျူရှင်ကြေး၊ နေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်များကို ပညာသင်နှစ်ပြီးဆုံးသည်အထိ ထောက်ပံ့ပေးထားသည်။

တရုတ်နိုင်ငံ ဘေဂျင်းတွင်နေထိုင်ပြီး ပညာရပ်များကို လေ့လာသင်ကြားရမည်ဖြစ်ပြီး စာအုပ်စာတမ်းများ၊ Lenovo လက်ပ်တော့တစ်လုံး၊ စမတ်ဖုန်း၊ ကျန်းမာရေး အာမခံ၊ အသေးသုံး ထောက်ပံ့ကြေးများကို ခံစားရမည် ဖြစ်သည်။

အသေးစိတ်ကို http://www.scholars4dev. com/15830/schwarzman-scholars-program-at-tsinghua-university/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Rotary Foundation Global Study Grants (Various Countries)

Rotary Foundation က ပေးအပ်သည့် ပညာသင်ဆုဖြစ်ပြီး ဘွဲ့တစ်ခုခုအတွက် Graduate-level အနေနှင့် ပညာသင်ဆုကို ပေးအပ်ခြင်းဖြစ်သည်။ သင်တန်းကို လေးနှစ် တက်ရမည်ဖြစ်ပြီး ဖောင်ဒေးရှင်းက သတ်မှတ်ပေးသည့် ကျောင်းများနှင့် နိုင်ငံများတွင် သွားရောက် ပညာသင်ကြားရမည်ဖြစ်ပါသည်။ ပညာသင်စရိတ်အတွက် ဒေါ်လာ ၃၀ဝ၀ဝ ပေးအပ်ကြောင်း သိရသည်။
အသေးစိတ်ကို http://www.scholars4dev. com/3902/rotary-international-ambassadorial-scholarships/ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Trudeau Scholarships (Canada)

ကနေဒါနိုင်ငံက ပေးအပ်သည့် ပညာသင်ဆုထဲတွင် ဂုဏ်သိက္ခာ ကြီးမားသည့် ပညာသင်ဆုတစ်ခုဖြစ်သည်။ နှစ်စဉ် ဒေါ်လာ ၆၀ဝ၀ဝ ထောက်ပံ့ပေးပြီး၊ အနည်းဆုံး ၃ နှစ် တက်ရောက်ပြီး ပညာသင်ကြားခွင့်ရမည်ဖြစ်ပါသည်။ ပညာသင် ထောက်ပံ့ကြေးများကို အပြည့်အဝ ထောက်ပံ့ပေးထားသည်။ ခရီးစရိတ်၊ သုတေသနစရိတ်နှင့် အခြား အထောက်အပံ့ပေါင်း များစွာကိုလည်း ပေးထားသည်။ ကနေဒါနိုင်ငံတွင် ပညာသင်ယူရမည့် အခွင့်အရေးဖြစ်သည်။

အသေးစိတ်ကို http://www.scholars4dev. com/18811/pierre-elliott-trudeau-foundation-doctoral-scholarships/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

E-01