News

POST TYPE

EDUCATION

အိန္ဒိယပညာရေးစနစ်ကို လေ့လာသုံးသပ်ခြင်း

အိန္ဒိယနိုင်ငံ ပညာရေးစနစ်၏ လက်ရှိအနေအထားမှာ နည်းလမ်းပေါင်းစုံကို ကျင့်သုံးနေကြောင်း တွေ့ရသည်။ တိုးတက်ခေတ်မီသည့် နည်းပညာများကို လက်လှမ်းမီသလောက် အသုံးပြုနေသလို၊ သူ့အဖွဲ့အစည်း အဆင့်အတန်းအလိုက် ပညာရေးကို လိုက်မီနိုင်သလောက် ပြုပြင်ပြောင်းလဲရန် အားထုတ်နေကြကြောင်းလည်း တွေ့ရသည်။

အစိုးရအနေနှင့် ပညာရေးတွင် ဆရာအတတ်သင် ပညာရေးကို ပြုပြင်ပြောင်းလဲပေးရန် အားထုတ်လာကြောင်းလည်း တွေ့ရသည်။ ကျောင်းသားများကို သာမက ဆရာများကိုပါ အခွင့်အလမ်းများ ပိုမိုဖွင့်ထားပြီး ဆရာမွေးထုတ်ရေး အစီအစဉ်များကို အစိုးရအနေနှင့် ဆောင်ရွက်ပေးနေကြောင်း တွေ့ရသည်။ ပညာရေးဆိုသည်မှာ ကဏ္ဍနှစ်ရပ် ပါဝင်ပတ်သက်နေရသည်။ အရေးအကြီးဆုံးဖြစ်သည့် ဆရာနှင့် ကျောင်းသား မရှိလျှင် ပညာရေးကို အောင်မြင်စေရန် အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

အစဉ်အလာ ပညာရေးစနစ်တွင် ဆရာဗဟိုပြုပြီး သင်ကြားမှုကို ဆရာကသာ ချုပ်ကိုင်သည်။ သင်ကြားမည့် အကြောင်းအရာကိုလည်း ဆရာကသာ ရွေးချယ်သည်။ ဆရာကသာ ဦးဆောင် ညွှန်ပြနေသည့် ဆရာ ဗဟိုပြုသင်ကြားရေးကို အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးခဲ့ကြသည်။ ဆရာကသာ ကျောင်းသားကို အဆုံးအဖြတ် ပေးနိုင်သည်ဆိုသော အယူအဆကို လက်ခံထားခဲ့ကြသည်။ 

ခေတ်စနစ်က ပြောင်းလဲလာပြီဖြစ်သည်။ ကိုယ့်ရွာအဆင့်လောက် မမြင်သင့်။ ကမ္ဘာကို လှမ်းမျှော်ကြည့်ရမည့် ကမ္ဘာ့အမြင် ပညာရေး ဖြစ်လာသည်။ ထို့ကြောင့် ကမ္ဘာက မည်သို့ သင်ကြားနေကြသနည်း ဆိုသည့် လမ်းကြောင်းနောက်ကို လိုက်ရန် ပြင်ဆင်ကြတော့သည်။ 

အစိုးရအနေနှင့် လက်ရှိဆရာများ၏ အခန်းကဏ္ဍနှင့် သင်ကြားရေးတွင် အကန့်အသတ်များ ရှိနေကြောင်းကို ကောင်းစွာ သိထားပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်း ICT ဆိုသည့် သတင်းအချက်အလက်နှင့် နည်းပညာများကို ပညာရေးတွင် လုံလောက်စွာ ထည့်သွင်းသင်ကြားပေးရန် မဖြစ်နိုင်သေးကြောင်းလည်း ကောင်းစွာ သိထားသည်။ နည်းပညာက သင်ကြားသင်ယူမှုကို ပြောင်းလဲလိုက်နိုင်ကြောင်း၊ နည်းပညာ အထောက်အကူဖြင့်သာ သင်ယူမှုကို ထိရောက်စေရန် ပြုလုပ်နိုင်ကြောင်း သိသော်လည်း အစဉ်အလာ နှုတ်တိုက်အလွတ် ကျက်နေရသည့်စနစ်ကို ပြောင်းလဲ မပေးနိုင်သေးကြောင်း တွေ့ရသည်။

ပညာရေးတွင် နည်းပညာက ပိုပြီး အသက်ဝင်စေရန် လုပ်ဆောင်ပေးနိုင်သည်။ သင်ယူမှုတွင် ဆရာပြောသမျှ နားထောင်နေရခြင်းထက် ပြန်လှန် ဆွေးနွေးခွင့်များ လိုအပ်လာသည်။ ကျောင်းသားများကို လက်ရှိ အနေအထားထက် ပိုပြီး ဆွေးနွေးငြင်းခုံခွင့်များ ပေးရန် လိုအပ်လာသည်။ ပညာရေးတွင် ဗီဒီယိုဖြင့် ရုပ်မြင်သံကြား တိုက်ရိုက်ဆက်သွယ် သင်ကြားနည်းတွေ ရောက်လာသည်။ အွန်လိုင်းကတစ်ဆင့် အပြန်အလှန် ဆွေးနွေးသင်ယူနိုင်သည်။ အွန်လိုင်းပညာရေးစနစ်များ ထွန်းကားလာသည်။ ထို့ကြောင့် ကျေးလက်တောရွာမှ တောသူတောင်သားများလည်း အရည်အသွေး ပြည့်မီသည့် ပညာရေးကို အင်တာနက်တစ်ခု ရှိရုံဖြင့် ရယူသင်ကြားပိုင်ခွင့်များ ရှိလာသည်။

အိန္ဒိယနိုင်ငံတွင် ခေတ်သစ်ကို အကောင်းဆုံးနှင့် အမြန်ဆုံး ချဉ်းကပ်နိုင်သည့်နည်းမှာ နည်းပညာသာ ဖြစ်သည်။ နည်းပညာဖြင့်သာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ လူနေမှုဘဝ အားလုံးကို ချက်ချင်း တိုးတက်ပြောင်းလဲသွားစေရန် ပြုလုပ်နိုင်မည်ဖြစ်ကြောင်းကို ခံယူထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ပညာရေးတွင် သမားရိုးကျ သင်ကြားနေမှုများထက် နည်းပညာနှင့်ဆက်စပ်ပြီး သင်ကြားမှုများ ပြုလုပ်နိုင်ရန် အရေးကြီးလာသည်။ နည်းပညာ အထောက်အကူပြုပြီး သင်ယူမှုကို တက်ကြွလှုပ်ရှားလာနိုင်စေသည်။ နည်းပညာ အထောက်အကူဖြင့်သာ ပညာရေးတွင် စိတ်ဝင်စားပြီး ကျောင်းကို ရောက်လာစေရန် ပိုပြီး လုပ်ဆောင်နိုင်လိမ့်မည်။ တစ်နည်းဆိုရလျှင် နည်းပညာဖြင့် လူနှင့် ရုပ် ပတ်ဝန်းကျင်အားလုံးကို ပညာရေးအား သက်ဝင်စိတ် ပါလာစေရန် လုပ်ဆောင်နိုင်ပေလိမ့်မည်။

အိန္ဒိယနိုင်ငံသည် ဆူပါပါဝါနိုင်ငံကြီး တစ်နိုင်ငံအဖြစ် ခြေလှမ်းပြင်နေသည့် နိုင်ငံကြီး တစ်နိုင်ငံဖြစ်သည်။ ရှေ့ဆက်တိုးရန် နည်းပညာ၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး စနစ်များကို ထိန်းချုပ်နိုင်သူများ ပေါ်ထွက်လာမှ ဆူပါ ပါဝါနိုင်ငံကြီး တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ပညာရေးတွင် နည်းပညာကို အသုံးပြုနိုင်ရန် အစိုးရအနေနှင့် ဖြည့်ဆည်း ကူညီပေးရမည့် အချက်များစွာ ရှိနေသည်။ နည်းပညာဖြင့် ပညာရေးကို မြှင့်တင်ရန် အစိုးရဘက်က မူဝါဒများ သတ်မှတ်ပေးရပေလိမ့်ဦးမည်။

အစိုးရအနေနှင့် ပညာရေးတွင် နည်းပညာကို ထည့်သွင်း သင်ကြားရန် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက စီစဉ်နေခဲ့သည်။ သို့သော် မပြည့်စုံမှုများ၊ ဆင်းရဲမှုများ၊ အရည်အသွေး ပြည့်မီသည့် ဆရာများမရှိခြင်း၊ အဆင့်မီ သင်ရိုးညွှန်းတမ်းများ မရေးဆွဲနိုင်ခြင်းစသည့် လိုအပ်ချက်များကြောင့် ထင်သလောက် ခရီးမပေါက်နိုင်ခဲ့ကြောင်း တွေ့ရသည်။
ပညာရေးတွင် တိုးတက်ပြောင်းလဲစေလိုလျှင် နည်းပညာကို လုံလောက်စွာ တပ်ဆင်ဖြည့်ဆည်းပေးရန်မှတစ်ပါး အခြားနည်းလမ်းမရှိ။ ထို့ပြင် နိုင်ငံတကာ အဆင့်အတန်းအတိုင်း ပြုပြင်ပြောင်းလဲမှုများ လိုက်လုပ်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိဖြစ်သည်။

နည်းပညာနှင့် ခေတ်မီသော ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဆိုသည်မှာ အင်တာနက်မရှိလျှင်လည်း မဖြစ်ပေ။ နည်းပညာဟု ပြောလိုက်လျှင် ကွန်ပျူတာနှင့် အင်တာနက်က အရေးပါသည့် အခန်းတွင် ရပ်တည်နေရသည်။ အနည်းဆုံး ထိုနှစ်ခုကို ဖြည့်ဆည်းပေးနိုင်စေရန် ကြိုးစားကြရမည်သာ ဖြစ်သည်။ ကမ္ဘာက စာကို ဂြိုဟ်တုနှင့်ချိတ်ဆက်ပြီး အင်တာနက်ကတစ်ဆင့် လေ့လာသင်ယူမှုများ ပြုလုပ်နေကြသည်။ ကွန်ပျူတာနှင့် အင်တာနက် သုံးနိုင်ရေးတို့ကို ပထမ ဦးစားပေး လုပ်ဆောင်ရန်လိုသည်။

ထို့ပြင် အရေးအကြီးဆုံးဖြစ်သော ဆရာများကိုလည်း လေ့ကျင့် သင်ကြားပေးရန် လိုနေသည်။ ပညာရေးစနစ်ကြီးကို နည်းပညာဖြင့် ပြုပြင်ပြောင်းလဲရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် နည်းပေးလမ်းပြ လုပ်ဆောင်ရမည့် ဆရာများကို နည်းပညာအကြောင်း ဦးစွာလေ့ကျင့် သင်ကြားပေါ်ရန် လိုနေသည်။ နည်းပညာခေတ်တွင် နည်းပညာကို မည်သို့ရယူပြီး မည်သို့သင်ကြားပေးနိုင်ကြောင်း နားလည်သူများ မရှိဘဲနှင့် ပညာရေးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်ပေ။

နည်းပညာကို ကောင်းစွာ အသုံးချနိုင်သည့် လူ့ဘောင် အဖွဲ့အစည်းတစ်ခုသည် ပညာရေး သာမက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အနေအထား အားလုံး ပြုပြင်ပြောင်းလဲ တိုးတက်သွားမည်သာ ဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲရန်အတွက် တစ်ဦးချင်း၏ လေ့လာ အားထုတ်မှုနှင့် တတ်ကျွမ်းမှုများကို မြှင့်တင်ပေးရန်လိုပါသည်။ နည်းပညာကို အားလုံး၏လက်ထဲ ထည့်ပေးထားရုံကလွဲပြီး အခြားနည်းလမ်း မရှိကြောင်း သိထားရန်လိုပါသည်။

ပညာရေးတိုးတက်ရန် မြေဖြူနှင့် ကျောက်သင်ပုန်း၊ ဖတ်စာနှင့် ခဲတံတို့ကိုသာ အားထုတ်နေရုံဖြင့် ရနိုင်သည့်ခေတ် မဟုတ်ပါ။ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းနှင့် အင်တာနက် မပါဘဲ စာသင်ခန်းများကို အရည်အသွေးနိမ့် ဆရာများဖြင့် ဆက်သွားနေလျှင် တစ်နှစ် ခေတ်နောက်ကျခြင်းက ၁၀ နှစ် နိုင်ငံတကာနောက်ကို ရောက်နေဦးမည်သာ ဖြစ်သည်။

E-01 (Ref: The Statesman)