News

POST TYPE

EDUCATION GUIDE

ဂုဏ်ထူးပန်ဆင် အောင်ပွဲဝင် ဘောဂဗေဒ လေ့လာချက်
04-Mar-2017
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဘောဂဗေဒ ဘာသာတွဲနဲ့ ဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားတွေ အားလုံး ဘောဂဗေဒ ဘာသာရပ်ရဲ့ အခြေခံ သဘောတရားကို အရင်ဆုံး သိထားဖို့ လိုပါမယ်။ အဲဒီလို သိထားမှသာ ဒီဘာသာရပ်ကို လေ့လာခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ၊ ကိုယ့်မိသားစုရဲ့ နေ့စဉ်ဘဝနဲ့ ဘယ်လိုဆက်စပ်နေသလဲ၊ ဒီပညာရပ်ကို ဘယ်လိုအကျိုးရှိရှိ ပြန်လည်အသုံးချနိုင်သလဲ၊ ကိုယ့်ရည်မှန်းချက်ကို ရောက်ဖို့ အချိန်နဲ့ဘဝကို ဘယ်လိုစီမံခန့်ခွဲရမလဲ အစရှိတဲ့ ဘောဂဗေဒ ဘာသာရပ်ရဲ့ အနှစ်သာရကို နားလည်သဘောပေါက်မှာပါ။ တကယ်တော့ ဘာသာရပ်တစ်ခုကို လေ့လာတာဟာ စာမေးပွဲအောင်ဖို့  သက်သက်တစ်ခုတည်းအတွက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကို မြှင့်တင်ပြောင်းလဲနိုင်ဖို့ဆိုတဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေ၊ ခံယူချက်တွေရှိဖို့ လိုအပ်ပါတယ်။ 

တက္ကသိုလ်ဝင်တန်းဆိုတာ အခြေခံပညာရဲ့ နောက်ဆုံးအဆင့်ပါ။ ဒီအဆင့်ပြီးရင် တက္ကသိုလ်နယ်မြေထဲ ခြေလှမ်းခွင့်ရပြီ။ တက္ကသိုလ်ရောက်ပြီဆိုရင် ကျောင်းအပ်တာကအစ မိဘလိုက်အပ်ပေးစရာ မလိုတော့ဘူး။ မိဘက ကျောင်းလိုက်ပို့စရာ မလိုတော့ဘူး။ ဘဝလမ်းကို ကိုယ့်ဘာသာ ကိုယ်စလှမ်းရတာ။ ကိုယ့်မိသားစု ကိုယ့်ဘဝကိုယ် စီမံခန့်ခွဲရတာ။ တကယ်တော့ မိသားစုဆိုတာ နိုင်ငံတစ်ခုရဲ့ မူလဖြစ်တည်မှု အစပါပဲတဲ့။ မိသားစုတွေ စုစည်းလိုက်ရင် ကျေးရွာအုပ်စုတွေ ဖြစ်လာတယ်။ ကျေးရွာအုပ်စုတွေ စုစည်းလိုက်တဲ့အခါ မြို့တွေဖြစ်လာပြီး မြို့တွေကို စုစည်းလိုက်တဲ့အခါ ခရိုင်ဖြစ်လာတယ်။ ခရိုင်တွေစုလိုက်တော့ ပြည်နယ်/တိုင်းတွေ  ဖြစ်လာတယ်။ တိုင်းပြည်တစ်ပြည်ဆိုတာ ပြည်နယ်/တိုင်းတွေ စုစည်းထားတာဖြစ်လို့ ပြန်ကြည့်လိုက်မယ် ဆိုရင် နိုင်ငံတော်ရဲ့ မူလအစဟာ မိသားစုလို့ ပြောကြတာပါ။

Family is the origine of the state ပေါ့။ မိသားစုတစ်ခုမှာ အဖေရယ်၊ အမေရယ်၊ သားသမီးတွေရယ် ရှိတယ်။ အဖေဆိုတာ မိသားစုရဲ့ အရေးကိစ္စတွေကို အဓိက တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရတဲ့သူ ဖြစ်ပြီး အစိုးရနဲ့ တူပါသတဲ့။ အမေကတော့ မိသားစုရဲ့ တာဝန်တွေကို အဖေ (အစိုးရ) နဲ့ တွဲဖက်တာဝန်ယူရပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးရတဲ့သူ ဖြစ်လို့ လွှတ်တော်နဲ့ တူပါသတဲ့။ သားသမီးတွေကတော့ ကိုယ်သက်ဆိုင်ရာ တာဝန်ကိုယ်စီ ရှိကြတဲ့ ပြည်သူတွေပေါ့။ ဒါကြောင့်လည်း အဖေတွေကို Head of the family မိသားစုရဲ့ အိမ်ထောင်ဦးစီး (ခေါင်းဆောင်) လို့ ရည်ညွှန်းပြောဆိုတတ်ကြပြီး အမေတွေကိုတော့ Heart of the  family မိသားစုရဲ့ (အခရာ) နှလုံးသားလို့ ရည်ညွှန်းပြောဆိုကြတာပဲ  ဖြစ်ပါတယ်။ 

မိသားစုတွေရပ်တည်ရှင်သန်ဖို့ အဓိက လိုအပ်ချက်က ဘာလဲလို့မေးရင် ‘ဝင်ငွေ’ ပါပဲ။ (အခန်း - ၃ တိုင်းပြည်ဝင်ငွေ)

အဲဒီ ‘ဝင်ငွေ’ ကို အဖေနဲ့ အမေက ရှာဖွေတာပဲဖြစ်ဖြစ်၊ သားသမီးတွေက ရှာဖွေတာပဲဖြစ်ဖြစ် ရရှိလာတဲ့ ဝင်ငွေကို မိသားစုရဲ့ တစ်နေ့တာ၊ တစ်လတာ၊ တစ်နှစ်စာ ဝင်ငွေ/ထွက်ငွေနဲ့ အသုံးစားရိတ်ကို ချင့်ချိန်နှိုင်းဆတွက်ချက် ခွဲဝေသုံးစွဲရတဲ့စနစ်က နိုင်ငံတစ်ခုရဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနဲ့ အတူတူပဲ ဖြစ်ပါတယ်။ (အခန်း - ၅ ပြည်သူ့ဘဏ္ဍာရေး)

လူတိုင်းလူတိုင်း မိသားစုတိုင်းမှာ စားဝတ်နေရေးစတဲ့ အခြေခံလိုအပ်ချက်နဲ့ ဖျော်ဖြေရေး စိတ်အပန်းဖြေရေးနဲ့ ဆိုင်တဲ့ အတောမသတ်နိုင်တဲ့ လိုအင်ဆန္ဒတွေလည်း ရှိနေတတ်တာမို့ ‘လိုအပ်ချက်’ နဲ့ ‘လိုအင်ဆန္ဒ’ နှစ်ခုကြားမှာ ဖြစ်တတ်တဲ့ ရွေးချယ်မှု ပြဿနာတွေ ရှိလာပါတယ်။  နိုင်ငံတစ်ခုအနေနဲ့ကြည့်ရင် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ‘လိုချင်တာနဲ့ လိုအပ်တာ’ နှစ်ခုကြားမှာ ထိန်းညှိစီမံပေးရတဲ့ စနစ်တစ်ခု ထားရှိရပြီး  အဲဒါကိုတော့ စီးပွားရေး မူဝါဒလို့ ခေါ်ပါတယ်။ ကိုယ့်မိသားစု ကိုယ့်နိုင်ငံကို ဘယ်လိုစီးပွားရေး မူဝါဒ၊ ဘယ်လိုစီပွားရေးစနစ်တွေ ချမှတ်ကျင့်သုံးရမလဲဆိုတဲ့ မိသားစု (သို့) နိုင်ငံတစ်ခုရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ ကိစ္စရပ်တွေကို လေ့လာရတာဟာ နေ့စဉ်ဘဝထဲက ဘောဂဗေဒပါပဲ။ (အခန်း-၁ အင်အားစ ခွဲဝေမှု ပြဿနာနှင့် ဈေးကွက်စီးပွားရေး)

ကိုယ့်မိသားစုစားဝတ်နေရေးနဲ့ ရေရှည်ရပ်တည်နိုင်ရေး၊ လူတန်းစေ့ နေထိုင်နိုင်ရေး၊ အဲဒီကနေမှ ပိုပြီးကြွယ်ဝချမ်းသာလာရေးအတွက် (ရေတို/ရေရှည်) ကာလတို ကာလရှည် ရည်မှန်းချက်တွေ ချမှတ်ဆောင်ရွက်ရတာမျိုး မိသားစုတိုင်းမှာ ရှိကြမှာပါပဲ။ မိသားစု တိုးတက်ရေးအတွက် ကိုယ့်အလုပ်အကိုင်ကို ရွေးချယ်ပြောင်းလဲ လုပ်ကိုင်ရတာ၊ စွန့်လွှတ်စွန့်စား လုပ်ကိုင်ရတာ၊ အသိပညာ အတတ်ပညာကိုအသုံးချပြီး အပြောင်းအလဲကို ရင်ဆိုင်ရတာတွေ ကိုယ်လုပ်ချင်တာထက် လုပ်သင့်တာကိုပဲ လုပ်ကိုင်ရတာမျိုး မိသားစုတိုင်း ကြုံဖူးကြမှာပါ။ ကိုယ့်မိသားစုမှာ ရှိနေတဲ့ အရင်းအနှီးကို ပိုပြီးတိုးပွားလာအောင် လုပ်ဆောင်တဲ့နေရာမှာ အရင်းအနှီး (ငွေကြေး) ကို ဘဏ်မှာအပ်နံှထားတာမျိုး၊ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံတာမျိုးနဲ့ အခြားအသေးစားနဲ့ အလတ်စားလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်တာမျိုး စသည်ဖြင့် ကိုယ့်မိသားစု ဝင်ငွေအလိုက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြရတယ်။ နိုင်ငံတစ်နိုင်ငံ အနေနဲ့လည်း နိုင်ငံတော်ဘဏ္ဍာနဲ့ ငွေကြေးလည်ပတ် စီးဆင်းမှုတွေ တိုးပွားလာစေဖို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ တိုးချဲ့ရတာ၊ ဘဏ်တွေမှာ ရှိနေတဲ့ ငွေကြေးတွေကို တိုးပွားခိုင်မာလာအောင် လုပ်ရတာမျိုးတွေ၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ၊ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာမျိုးပေါ့။ (အခန်း - ၄ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း)

အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ကိုယ့်နိုင်ငံရဲ့ အဓိကထွက်ကုန်၊ ကုန်ထုတ်လုပ်မှု စွမ်းအား၊ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်မယ့် ကုန်စည် (ပို့ကုန်) အခြေအနေတွေနဲ့ ပြည်ပကပြန်ပြီး တင်သွင်းရမယ့် ကုန်စည် (သွင်းကုန်) အခြေအနေတွေကို တွက်ဆရတာတွေ၊ ပြည်တွင်းက ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေရဲ့ စားသုံးနိုင်မှု၊ ပြည်တွင်းလိုအပ်ချက် စတာတွေကို  အမြဲဆန်းစစ်နေရတော့မှာပဲ ဖြစ်တယ်။

(အခန်း - ၂ ဝယ်လိုအားနှင့် ရောင်းလိုအား ဆန်းစစ်မှု အခြေခံများ)

တစ်ခါ ပြည်တွင်းနဲ့ ပြည်ပ ချိတ်ဆက်ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်လာတဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်းရတာမျိုးတွေ ရှိလာမယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်ဖို့ ကုန်သွယ်စီးပွားဆိုင်ရာ ဝန်ကြီးဌာနတွေ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကစလို့ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို တိုးပွားအောင်၊ မထိခိုက်အောင် ဆောင်ရွက်ရတဲ့ အခြေအနေတွေ ရှိလာမယ်။ အငြင်းပွားမှု ပြဿနာတွေ ဖြေရှင်းရမယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ လေ့လာမှုတွေ အများကြီး လုပ်ရမှာ ဖြစ်ပါတယ်။  (အခန်း ၆ - အပြည်ပြည်ဆိုင်ရာ စီးပွားရေး)

တက္ကသိုလ်ဝင်တန်းအဆင့် ဘောဂဗေဒ ဘာသာရပ်မှာ သင်ရိုးအနေနဲ့ လေ့လာဖို့ အခန်းခြောက်ခန်း ပါဝင်ပြီး အခန်းတိုင်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေက အထက်မှာ ပြောခဲ့သလို စာမေးပွဲအောင်ဖို့ အမှတ်ရဖို့သက်သက် မဟုတ်ဘဲ မိသားစုတစ်ခုထဲမှာ၊ နိုင်ငံတစ်နိုင်ငံ အတွင်းမှာ  ရှိနေတဲ့ မည်သူမဆို မဖြစ်မနေ သိထားရမယ့် မိသားစုတစ်ခုရဲ့ ဒါမှမဟုတ် နိုင်ငံတစ်ခုရဲ့ စီးပွားရေးဆိုင်ရာ အခြေခံအချက်အလက်တွေပဲ ဖြစ်တယ် ဆိုတာ အရင်ဆုံး သိစေချင်ပါတယ်။ စာမေးပွဲအတွက် ဆက်ပြီးပြောကြရအောင်။

မကြာခင် ဖြေဆိုရတော့မယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဘောဂဗေဒ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူများအတွက် အောင်မှတ်ထက် ဂုဏ်ထူးရမှတ်အထိ ရောက်အောင် ဘယ်လိုကြိုးစားဖြေဆိုရမလဲ ဆိုတာကို အဓိကထားပြီး ပြောပြပေးသွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောဂဗေဒ ဘာသာရပ်ဟာ တခြားဘာသာရပ်တွေထက်စာရင် ကျောင်းသားကျောင်းသူတွေကို ရွေးချယ်ခွင့် ပိုပေးထားတာကြောင့်ပဲ ဖြစ်တယ်။ တခြားဘာသာရပ်တွေက  အမှတ် ၁၀၀ ဖိုး မေးတာဖြစ်ပေမယ့် ဘောဂဗေဒ ဘာသာရပ်ကတော့  အမှတ် ၁၂၀ ဖိုး မေးထားပြီး ရွေးချယ်ခွင့်လည်း အနည်းငယ် ပိုပါတယ်။ ဒါ့အပြင် မေးခွန်းထုတ်ပုံနဲ့ အမှတ်ခွဲဝေပုံ ကောင်းမွန်စနစ်ကျတာကြောင့်  ဂုဏ်ထူးမှတ်ရည်မှန်းပြီး ကြိုးစားဖြေဆိုကြဖို့ တိုက်တွန်းချင်ပါတယ်။

ဘောဂဗေဒ ဘာသာရပ် မေးခွန်းထုတ်ပုံကို အရင်ဆုံး လေ့လာကြည့်ကြရအောင်ပါ။ မေးခွန်းမှာ အပိုင်း (က) နဲ့ (ခ) ဆိုပြီး နှစ်ပိုင်း ခွဲမေးထားတယ်။ အပိုင်း (က) မှာ မှား/မှန်၊ ကွက်လပ်ဖြည့်၊ မှားမှန်ရောထွေး အမှန်ရွေး စတဲ့ ဓမ္မဓိဋ္ဌာန် မေးခွန်းရယ်၊ Defination လို့ခေါ်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ရယ် နှစ်ပုဒ်မေးပါတယ်။ မေးခွန်းနံပါတ် (၁) နဲ့ (၂) ပါ။ မေးခွန်း နံပါတ် (၁-က) မှား/မှန် က ၁၀ ပုဒ် ၁၀ မှတ်ဖိုး၊ (၁-ခ) ကွက်လပ်ဖြည့်က  ၅ ပုဒ် ၅ မှတ်ဖိုးနဲ့ (၁-ဂ) မှားမှန်ရောထွေးက ငါးပုဒ် ၅ မှတ်ဖိုးစီ မေးထားတယ်။ စုစုပေါင်းအမှတ် ၂၀ ဖိုးပါ။ မေးခွန်းနံပါတ် (၂) Defination အဓိပ္ပာယ် ဖွင့်ဆိုချက်က ၁၈ ပုဒ်မေး ၁၀ ပုဒ်ဖြေ တစ်ပုဒ်ကို ၂ မှတ်နှုန်းနဲ့  ၂၀ မှတ်ဖိုးမေးတယ်။ ဒါကြောင့် မေးခွန်းအပိုင်း (က) မှာ စုစုပေါင်း အမှတ် ၄၀ ဖိုး မေးထားတာကြောင့် အောင်မှတ်ရနိုင်တဲ့ အနေအထားပါ။

တစ်ခါ မေးခွန်းအပိုင်း (ခ) မှာ မှတ်စုတိုနဲ့ မှတ်စုရှည် မေးခွန်းတွေရယ် သုံးသပ်တွက်ချက်ရတဲ့ အတွက် ပုစ္ဆာမေးခွန်းရယ် ပါဝင်ပါတယ်။ မေးခွန်းနံပါတ် (၃-က/ခ) ၊ (၄-က/ခ) ၊ (၅-က/ခ) နဲ့ (၆-က/ခ/ဂ) ပါ။ အဲဒီမှာ မှတ်စုရှည် ၂၀ မှတ်တန် (၃-က)၊ (၄-က)၊ (၅-က) နဲ့ မှတ်စုတို  ၁၀ မှတ်တန် (၃-ခ)၊ (၄-ခ)၊ (၅-ခ) မေးခွန်းတွေ ပါဝင်ပြီး အနည်းဆုံး မေးခွန်းသုံးခု ဖြေဆိုရပါတယ်။ မေးခွန်းနံပါတ် ၆ ကတော့ သုံးသပ်တွက်ချက်ရတဲ့အတွက် ပုစ္ဆာမေးခွန်း ဖြစ်ပြီး ၂၀ မှတ်တန် ပုစ္ဆာတွေပါ။  ဒါကြောင့် အပိုင်း (ခ) မေးခွန်းမှာ စုစုပေါင်းအမှတ် ၈၀ ဖိုးထဲက အမှတ်  ၆၀ ဖိုး ဖြေဆိုရတာကြောင့် ရွေးချယ်ခွင့်လည်း ရှိတာမို့ အပိုင်း (က) မေးခွန်းကိုသာ ပိုင်ပိုင်နိုင်နိုင် ရထားခဲ့ရင် ကိုယ့်ဘက်က ဝီရိယ နည်းနည်းပိုစိုက်လိုက်တာနဲ့ ဂုဏ်ထူးထွက်ဖို့ လွယ်ကူတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

မေးခွန်းပုံစံနဲ့ အမှတ်ပေးပုံကို သိပြီးပြီဆိုရင် အခန်းအလိုက် အမှတ်ခွဲဝေပုံကို ဆက်ပြီး ကြည့်ကြရအောင်ပါ။

တက္ကသိုလ်ဝင်တန်း ဘောဂဗေဒ ဘာသာရပ်သင်ရိုးမှာ အခန်းခြောက်ခန်း ပြဋ္ဌာန်းထားပြီး မေးခွန်းဟောင်းများကို ပြန်လှန်လေ့လာကြည့်ချက်အရ အခန်းအလိုက် အမှတ်ကို မျှအောင် မေးထားတာ တွေ့ရပါတယ်။ အပိုင်း (က) မှာ မေးခွန်းနံပါတ် (၁-က) မှား/မှန်အတွက် အခန်း (၁)  ကနေ အခန်း (၄) အထိ ၂ မှတ်ဖိုးစီနဲ့ အခန်း (၅) နဲ့ (၆) က တစ်မှတ်ဖိုးစီ မေးလေ့ရှိတာကို တွေ့ရမှာပါ။ (၁-ခ) ကွက်လပ်ဖြည့်နဲ့ (၁-ဂ) မှားမှန် ရောထွေးအတွက် အခန်းခြောက်ခန်းကို တစ်မှတ်ဖိုးစီ မေးလေ့ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် မေးခွန်းနံပါတ် (၁) အတွက် အခန်းတစ်ခန်းစီရဲ့ ရမှတ်က ၃ မှတ်ဖိုးစီ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

မေးခွန်းနံပါတ် (၂) Defination အဓိပ္ပာယ် ဖွင့်ဆိုချက်က စုစုပေါင်း ၁၈ ပုဒ် မေးတာ ဖြစ်တဲ့အတွက် အခန်းခြောက်ခန်းမှာ တစ်ခန်းကို အနည်းဆုံး ၃ ပုဒ်စီ မေးတတ်ပါတယ်။ အဲဒီထဲမှာမှ ၁၀ ပုဒ် ဖြေရတာမို့ Defination အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အနည်းဆုံး အခန်းသုံးခန်းတော့ အပိုင်ရထားဖို့ လိုပါမယ်။ ဒါဆိုရင် ၁၈ မှတ်ဖိုး ပြေးမလွတ်ပါဘူး။

ဒီနေရာမှာ အခန်း သုံးခန်း (၁-၃-၅ စသည်) ရွေးကြည့်လေ့ရှိတဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ အပိုင်း (က) မှာ ရနိုင်ချေရှိတဲ့ ခန့်မှန်းအမှတ်ကို တွက်ကြည့်ရင် မေးခွန်းနံပါတ် (၁) အတွက် တစ်ခန်းကို ၃ မှတ်စီနဲ့ စုစုပေါင်း ၉ မှတ်၊ မေးခွန်း နံပါတ် (၂) အတွက် ၁၈ မှတ် စုစုပေါင်း ၂၇ မှတ် ရနိုင်ချေ ရှိတာကို တွေ့ရမှာပါ။ ဒါက အပိုင်း (က)  မေးခွန်းအတွက်ပါ။

အပိုင်း (ခ) မေးခွန်းမှာလည်း အလားတူ အခန်းခြောက်ခန်းကို မျှပြီး မေးထားတာ တွေ့ရမှာပါ။ မေးခွန်းနံပါတ် (၃-က)၊ (၄-က) နဲ့ (၅-က)  မှတ်စုရှည် အမှတ် ၂၀ တန် မေးခွန်းကို အခန်းခြောက်ခန်း အလှည့်ကျမေးလေ့ ရှိတာမို့ အနည်းဆုံးသုံးခန်း (၁-၃-၅ စသည်) ရွေးကြည့်လေ့ရှိတဲ့  ကျောင်းသားကျောင်းသူတွေ အနေနဲ့ မေးခွန်းရှည် နှစ်ပုဒ်လောက်ပဲ တိုးနိုင်ချေရှိတယ် ဆိုတာ သတိပြုရပါမယ်။ အဲဒီအတွက် ရနိုင်ချေရှိတဲ့ ခန့်မှန်းအမှတ်က ၄၀ မှတ်ပါ။

သို့သော်လည်းပဲ မှတ်စုတို ၁၀ မှတ်တန်က မေးခွန်းနံပါတ် (၃-ခ)၊ (၄-ခ) နဲ့ (၅-ခ) မှာ လေးပုဒ်စီ မေးလေ့ရှိတဲ့အတွက် စုစုပေါင်း ၁၂ ပုဒ် မေးပါတယ်။ အဲဒီထဲကမှ မေးခွန်းတစ်ခုစီအတွက် နှစ်ပုဒ်စီ ဖြေရမှာပါ။ အခန်း (၆) ကနေမျှပြီး မေးတတ်တာမို့ တစ်ခန်းကို နှစ်ပုဒ်စီတော့ မေးနိုင်ချေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းသားကျောင်းသူတေ ွအနေနဲ့  အနည်းဆုံး သုံးခန်း (၁-၃-၅ စသည်) ရွေးကြည့်မယ်ဆိုရင် မှတ်စုတို ၁၀ မှတ်တန်က ခြောက်ပုဒ် တိုးနိုင်ချေ ရှိတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် မှတ်စုတို မေးခွန်းကို ရွေးချယ်ဖြေဆိုမယ် ဆိုရင် ရနိုင်ချေရှိတဲ့ ခန့်မှန်း အမှတ်က  ၆၀ မှတ်ပါ။

နောက်ဆုံးမေးခွန်းနံပါတ် (၆-က/ခ/ဂ) သုံးသပ်တွက်ချက် အတွက် ပုစ္ဆာအတွက်ကတော့ အခန်းသုံးခန်းစီကနေ အလှည့်ကျမေးလေ့ ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အတွက်ပုစ္ဆာ အနေနဲ့ ပေးထားချက်အမှတ် က ၂၀ မှတ်တန်ဖြစ်ပြီး ရနိုင်ချေရှိတဲ့ အမှတ်ကလည်း ၂၀ မှတ်ဖိုး သေချာနေတာကို တွေ့ရမှာပါ။ သို့သော် အတွက်ပုစ္ဆာ အနေနဲ့ အမှတ်ရဖို့ လွယ်ကူတယ်လို့ ဆိုနိုင်ပေမယ့် သင်္ချာပုစ္ဆာလို အဆင့်လိုက် အမှတ်ပေးတာမဟုတ်  ပေးချက်သဘောတရားကို သေချာနားလည်သဘောပေါက်ပြီး သုံးသပ်တွက်ချက်ပြရတယ် ဆိုတာကိုတော့ သတိပြုဖို့ လိုပါလိမ့်မယ်။

အထက်မှာ တွက်ပြခဲ့သလို အခန်းသုံးခန်း (၁-၃-၅ စသည်) ရွေးကြည့်လေ့ရှိတဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ အပိုင်း (ခ) မေးခွန်းမှာလည်း စုစုပေါင်း ရနိုင်ချေရှိတဲ့ ခန့်မှန်းအမှတ်က ၄၀ နဲ့ ၆၀ မှတ် နီးပါးရှိတယ် ဆိုတာ တွေ့ရမှာဖြစ်ပြီး အပိုင်း (က) ရမှတ်နဲ့ပေါင်းလိုက်ရင် ဂုဏ်ထူးမှတ်အထိ ရနိုင်ခြေရှိတယ် ဆိုတာ တွေ့ရမှာပါ။

ခြုံငုံပြီး အကြံပေးရရင် မေးခွန်းနံပါတ် (၃-က) မှတ်စုရှည်ကို  ယခင်လေးနှစ်ဆက်တိုက် အခန်း (၁) ကနေပဲ မေးခဲ့တာ တွေ့ရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တစ်နှစ်ပဲ အခန်း (၂) က မေးသွားတာ တွေ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ အခန်း (၁) ကနေ ပြန်မေးလာနိုင်မလားလို့ မျှော်လင့်ရပါတယ်။ အခန်းရွေးပြီး ကြည့်ကြမယ် ဆိုရင်တော့ အခုပြောပြသွားတဲ့ အမှတ်ခွဲဝေပုံကို သေချာနားလည်အောင် လေ့လာပြီး ရွေးချယ်ကျက်မှတ်ကြစေလိုပါတယ်။ 

အခုပြောပြခဲ့တာက ဘောဂဗေ ဒဘာသာရပ်ရဲ့ မေးခွန်းပုံစံ၊ အမှတ်ခွဲဝေပုံနဲ့ အောင်မှတ်ဂုဏ်ထူးမှတ်ယူပုံကို မေးခွန်းဟောင်းများအပေါ် အခြေခံပြီး သုံးသပ်တွက်ချက်ကြည့်ထားတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘောဂဗေဒ ဘာသာရပ်ဟာ စာမေးပွဲဖြေနိုင်ရုံသက်သက် လေ့လာရမှာ မဟုတ်ဘဲ အစမှာ ဖော်ပြခဲ့သလို နေ့စဉ်ဘဝထဲကစလို့ နိုင်ငံအဆင့် စီမံအုပ်ချုပ်နိုင်သော ပညာရပ်တစ်ခုအဖြစ် အသုံးချနိုင်တယ် ဆိုတာကိုပါ နားလည်သဘောပေါက်စေချင်ပါတယ်။ စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားအားလုံး ဂုဏ်ထူးပန်ဆင် အောင်ပွဲဝင်နိုင်ကြပါစေ။ 

ကထိက ဦးလှိုင်တင့်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်