News

POST TYPE

EDITORIAL

ဇူလိုင်နေ့စွဲများက ဖန်တီးပေးနိုင်သည့် အမုန်းမီး ပြေငြိမ်းရေး (Daily, Vol-5/No-74)
06-Jul-2017
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် မိုးသားတိမ်တိုက်ကြီးများ မည်းမှောင်ကျကာ အငြိုးဖြင့် ရွာသည့်အလား မိုးများ အဆက်မပြတ် သည်းထန်တတ်သော ယခုဇူလိုင်လသည် ကြေကွဲဝမ်းနည်းဖွယ် ကောင်းသည့် အမှတ်တရများရှိသည့် လတစ်လဟုဆိုလျှင် စာဖတ်သူများလက်ခံမည်ဟု ထင်ပါသည်။ ဆဲဗင်းဇူလိုင်ဟုခေါ်ခဲ့သည့် ဇူလိုင် ၇ ရက် နှင့် ၁၉ ဇူလိုင်ဟုခေါ်သည့် အာဇာနည်နေ့တို့ကြောင့် ဇူလိုင်လဟူသည် မြန်မာ့နိုင်ငံရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက် လှုပ်ရှားခဲ့ဖူးသူများနှင့်၊ မြန်မာ့သမိုင်းကြောင်းကို အစဉ်အမြဲ စိတ်ဝင်စားသူများ သာမက နိုင်ငံသားများအတွက် ကြေကွဲဖွယ် ကောင်းသည့်လဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ နေ့ရက်အရ ရန်ကုန်တက္ကသိုလ်မှ ဆန္ဒပြကျောင်းသားများအား ပစ်ခတ်ဖြိုခွင်းခံလိုက်ရသည့် ဇူလိုင် ၇ ရက်က အရင်လာပြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာ့ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်ရသည့် ၁၉ ဇူလိုင်မှာ နောက်မှ ရောက်သော်လည်း နှစ်အရဆိုပါက ဆဲဗင်းဇူလိုင်သည် ဗိုလ်ချုပ်တို့ လုပ်ကြံခံလိုက်ရသည့် ၁၉၄၇ ခုနှစ်ပြီးနောက် ၁၅ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် ပေါ်ပေါက်လာခြင်းသာ ဖြစ်ပေသည်။ ဆဲဗင်းဇူလိုင်မှာမူ မြန်မာ့သမိုင်းတွင် တင်းကျပ်သည့် စစ်အာဏာရှင်စနစ်ကို စတင်ပြသနိုင်ခဲ့သည့် အထိမ်းအမှတ်နေ့ ဖြစ်ပြီး ၁၉ ဇူလိုင်မှာမူ တိုင်းပြည်၏ စစ်မှန်သည့် ခေါင်းဆောင်ကောင်းကြီးများကို လက်လွှတ် ဆုံးရှုံးလိုက်ရသည့်နေ့ဟု ဆိုနိုင်ပေသည်။ ဆဲဗင်းဇူလိုင်တွင် တက္ကသိုလ် ကျောင်းသားများ မြောက်မြားစွာ ပစ်ခတ်နှိမ်နင်းခံရခြင်းနှင့်အတူ ကျောင်းသားသမဂ္ဂ အဆောက်အအုံ မိုင်းခွဲဖြိုချခံလိုက်ရသည်။ ကျောင်းသားများအသက် ဆုံးရှုံးသလို သမိုင်းဝင် သမဂ္ဂ အဆောက်အအုံကြီးကိုလည်း ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ၁၉ ဇူလိုင်မှာမူ မြန်မာနိုင်ငံကို အမှန်တကယ် ကြီးပွားတိုးတက်အောင် ရိုးသားသည့်စိတ်ဖြင့် တည်ဆောက်ပေးကြမည့် နိုင်ငံပြု ခေါင်းဆောင်ကြီးများ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ရင်နာစရာ ကောင်းလှသည့် ဆုံးရှုံးမှုကြီးများ ဖြစ်ပေါ်ခဲ့သည့် ဇူလိုင်လပင် ဖြစ်ပေသည်။ 

ယခင် နှစ်ပေါင်း ၂၀ ဝန်းကျင်က ယခုလို ဆဲဗင်းဇူလိုင်အကြောင်း၊ အာဇာနည်နေ့အကြောင်း ပုံနှိပ်မီဒီယာ အသီးသီး၏ စာမျက်နှာပေါ်တွင် လွမ်းခန်းဖွင့်ကာ ဆောင်းပါး အသီးသီးဖြင့် စီကာပတ်ကုံးရေးပြရန် နေနေသာသာ၊ ယင်းသမိုင်းဝင် ရက်စွဲများအကြောင်းကို လက်ဖက်ရည်ဆိုင်များတွင်ပင် အသံကျယ်ကျယ် မထွက်ရဲခဲ့သည့် အနေအထားမျိုး ဖြစ်ခဲ့သည်ကို ဇူလိုင်ထက် မည်းမှောင်ကျသည့် စနစ်ကြီးကို ဖြတ်သန်းဖူးသူ အားလုံးအသိပင်ဖြစ်ပါလိမ့်မည်။ ယခုဆိုလျှင် ဖြိုချခံလိုက်ရသည့်နေရာတွင် သမဂ္ဂအဆောက်အအုံသစ် ပြန်လည် တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သလို ဆဲဗင်းဇူလိုင် အထိမ်းအမှတ် အခမ်းအနားကို လက်ရှိကျောင်းသားသမဂ္ဂများ ဦးဆောင်ပြီး ကျင်းပခွင့်ရပြီဖြစ်သည်။ ထို့အတူ ယခင်က အာဇာနည်နေ့တွင် မိမိနေအိမ်၌ အလံတစ်ဝက် လွှင့်ထူပြရန်ပင် ထိတ်လန့်နေခဲ့ရသည့် အနေအထားမျိုး ဖြစ်ခဲ့သော်လည်း ယခုအခါ ဗိုလ်ချုပ်လုပ်ကြံခံရသည့် အတွင်းဝန်များရုံးထဲသို့ြုဝင်ရောက်ကြည့်ရှုခွင့်ရရုံမျှမက အာဇာနည်နေ့နှင့်ပတ်သက်သော အခမ်းအနားကြီးများကို နိုင်ငံအနှံ့ကျင်းပ ပြုလုပ်နိုင်ပြီဖြစ်ရာ ရာသီဥတုအရ တိမ်တိုက်ကြီးများ မည်းမှောင်နေတတ်သည့် ဇူလိုင်လဖြစ်သည့်တိုင် မှောင်အတိဖုံးသည့် စနစ်ကြီးကိုတော့ ကျော်လွန်နိုင်ခဲ့ပြီဟုပင် ဆိုရပေမည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရှိရာ နေရာတွင် စစ်ဘက်မှ တာဝန်ရှိသူများ လာရောက် လွမ်းသူ့ပန်းခွေချ အသိအမှတ်ပြုကာ အာဇာနည်ကုန်းတွင် သာမက သူရဲကောင်းစစ်သည်ဗိမာန်တွင် ကျောင်းသားသမဂ္ဂများက ပန်းခွေများချကာ ကျဆုံးသွားလေသူများကို ဂါရဝပြုသည့် အနေအထားမျိုးဖြစ်ခဲ့လျှင်မူ မြန်မာ့နိုင်ငံရေး ကောင်းကင်သည် ထာဝရထွန်းလင်းနိုင်မည့် အခြေအနေရောက်ပြီဟု ကြွေးကြော်နိုင်မည်သာပင်ဖြစ်ပေသည်။

ယခုဆိုလျှင် ဆဲဗင်းဇူလိုင်မှာ နှစ်ပေါင်း ၅၅ နှစ်ရှိခဲ့ပြီး ၁၉ ဇူလိုင်မှာ နှစ် ၇၀ ပြည့်ပြီဖြစ်သည်။ သေသောသူ ကြာလျှင်မေ့ ဟူသည့်ဆိုရိုးရှိသော်လည်း သမိုင်းဟူသည်မှာ မေ့ဖျောက်ဖုံးကွယ်၍ မည်သို့မျှ မဖြစ်နိုင်သောကိစ္စဖြစ်ပြီး သမိုင်းကြောင်းထဲမှ အဆိုးများ ထပ်ကျော့မလာနိုင်အောင် သမိုင်းကို လေ့လာ သင်ယူပြီး ကာကွယ် ဟန့်တားနိုင်မှသာလျှင် သာယာသည့် အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ပေသည်။ တစ်နည်းဆိုရလျှင် တပ်မတော်၏ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ၁၉ ဇူလိုင်နှင့် တပ်မတော်၏ ပစ်ခတ်နှိမ်နင်းခြင်းကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သေဆုံးခဲ့သည့် ဆဲဗင်းဇူလိုင်ဟူသည့် သမိုင်းနေ့စွဲများသည် ကျောင်းသားများရော၊ တပ်မတော်သားများ(သားနှစ်သားစလုံး)နှင့်ပါ တိုက်ရိုက် သက်ဆိုင်ပေရာ ယင်းသမိုင်းကြောင်းထဲမှ သင်ခန်းစာများကို လေ့လာပြီး ကာလကြာရှည် အမုန်းတရားများ အဆုံးသတ်နိုင်အောင် ကြိုးပမ်းကြရန် အရေးကြီးပေသည်။ မြန်မာ့နိုင်ငံရေး နှစ်များစွာ ရှေ့မဆက်နိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသည့် အခြေအနေများကိုကြည့်လျှင် အဆိုပါ ကျောင်းတော်က ရန်စကိစ္စက များစွာကြီးစိုးထားခဲ့သည်မှာ အားလုံး အသိပင်ဖြစ်ရာ မိမိနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်သည်ကို မြင်လို၊ တွေ့လိုသည်ဆိုပါက စနစ်ဆိုးများကြောင့် အသက်ပေးခဲ့သူ (ကျဆုံးခဲ့သူ)များ၏ မျက်နှာကိုထောက်ကာ တစ်ဖက်နှင့်တစ်ဖက် စိတ်ရင်းမှန်စွာဖြင့် လက်ဆွဲ နှုတ်ဆက်ကြရမည့်အချိန် ကျရောက်ပြီဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ  (၆-၇-၂၀၁၇)


  • VIA