News

POST TYPE

EDITORIAL

တံခါးများအားလုံး အရေးကြီးပါသည်(Daily, Vol-5/No-73)
06-Jul-2017
၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် ဒေသခံ ရခိုင်လူမျိုးများနှင့် ယင်းပြည်နယ်ထဲသို့ ဝင်ရောက် အခြေချနေထိုင်သူ ဘင်္ဂါလီ လူမျိုးများအကြား ပဋိပက္ခ စတင် ဖြစ်ပွားချိန်မှစ၍ ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံ၏ အနောက်တံခါးပေါက်အဖြစ် စစ်မှန်သည့် မျိုးချစ်ပုဂ္ဂိုလ်များအကြား သာမက နိုင်ငံရေးသမားများနှင့် မီဒီယာများကပါ သိသိသာသာ သုံးနှုန်းလာသည်ကို တွေ့လာရပါသည်။ အနောက် တံခါးလုံခြုံရေး၊ အဆိုပါ တံခါးကြီးမပြိုလဲရေး ဟူသည့်ကိစ္စကိုလည်း အထူးတလည် ဆွေးနွေးပြောဆို လာကြပါသည်။ အချို့ကဆိုလျှင် ရခိုင်ပြည်နယ် အရေးသည် အိမ်နီးချင်း ထိုင်းနိုင်ငံ တောင်ပိုင်းဒေသကဲ့သို့ ဖြစ်လာမည့် အနေအထားရှိသည်ဟုပင် နှိုင်းယှဉ် သုံးသပ်မှုများ ပြုလုပ်လာခဲ့ကြပါသည်။ မတူညီသော လူ့အသိုင်းအဝိုင်း တစ်ခုနှင့်တစ်ခုအကြား မပြေလည်မှုများနှင့် ထိပ်တိုက် ပဋိပက္ခ ဖြစ်မှုများမှသည် အကြမ်းဖက်မှုများ၊ အကြမ်းဖက် အဖွဲ့အစည်းများဖွဲ့ကာ တိုက်ခိုက်လာနိုင်သည့်အရေးကို မြင်သောကြောင့် ထိုင်းတောင်ပိုင်းနှင့် နှိုင်းယှဉ် သုံးသပ်ခဲ့ကြခြင်းဖြစ်ဟန် ရှိပေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ရခိုင်နှင့်ပတ်သက်၍ အလွန်အမင်း ဆိုးရွားလှသည့် ပြဿနာများ မကြားရသော်လည်း ရခိုင်ကိစ္စအပေါ် အားလုံး၏ စိုးရိမ်စိတ်မှာတော့ လျော့ကျသွားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ မီးတောက်နိုင်သည့် လောင်စာ အပြည့်အဝ ရှိနေသောကြောင့် မီးပွားမကျနိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းနေရသည့် အနေအထားမျိုးထဲတွင် ရှိနေသလို အကိုင်အတွယ် မတတ်ပါက မတွေးရဲလောက်သည့် နောက်ဆက်တွဲ ဧရာမ ပြဿနာကြီးများပင် လိုက်ပါလာနိုင်သောကြောင့် ဖြစ်ပေသည်။

ရခိုင်ပြည်နယ် ကိစ္စအတွက် အဖြေရှာရာတွင် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်နှင့် လူ့အခွင့်အရေးသမားများအကြားတွင်လည်းကောင်း၊ အစိုးရများ အချင်းချင်း အကြားတွင်လည်းကောင်း ငြင်းခုံပြောဆိုမှုများနှင့် ဆွေးနွေးမှုများ မည်သို့ပင် ပြုလုပ်ခဲ့သော်ငြား တိကျသည့်အဖြေ မထွက်နိုင်ဘဲရှိနေခြင်းမှာ ပကတိမြေပြင်တွင် ကြုံတွေ့နေရသူများ၏ ခံစားချက်ကိုကောင်းစွာ နားလည်နိုင်မှု မရှိသေးခြင်း၊ တရားဥပဒေစိုးမိုးမှု အပြည့်အဝ မရှိခြင်းတို့က အဓိက အကြောင်းအရင်းများအဖြစ် ပါဝင်နေသည်ကို တွေ့ရပါသည်။ အိမ်တစ်အိမ်တည်း၌ဖြစ်နေသော ပြဿနာ၏ ဇာစ်မြစ်ကို ယင်းအိမ်ထဲသို့ မရောက်ရှိဖူးဘဲ သို့မဟုတ် တစ်ခေါက်တစ်ခါမျှ ရောက်ဖူးရုံမျှဖြင့် သုံးသပ်ပြောဆိုရန် ခက်ခဲသည့်သဘောမျိုးပင်ဖြစ်သည်။ ရခိုင်ကိစ္စ၊ ရခိုင်လူမျိုးတို့၏ ခံစားချက်ကို ရန်ကုန်နှင့် မန္တလေးတို့တွင် နေထိုင်သူများ မသိနိုင်သလို လန်ဒန်၊ နယူးယောက်၊ ကွာလာလမ်ပူနှင့် ဂျကာတာတို့တွင် ရုံးထိုင်ကာ အင်တာနက် ခေါက်ကြည့်ရုံမျှဖြင့်လည်း ရာခိုင်နှုန်းပြည့် သိရှိနားလည်ရန် ခက်ခဲမည်သာ ဖြစ်ပေသည်။ သို့အတွက်ကြောင့် ရခိုင်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလျှင် အမေရိကန် ရွေးကောက်ပွဲ မတိုင်မီကာလ သမ္မတလောင်း ဒေါ်နယ်ထရမ့်အပေါ် ထားရှိသည့် သဘောထားချင်း မတိုက်ဆိုင်သောကြောင့် မိတ်ဆွေ သူငယ်ချင်း၊ ညီအစ်ကို မောင်နှမ၊ သားအမိ၊ သားအဖများအကြား စိတ်ဝမ်းကွဲသည်အထိ ဖြစ်ခဲ့ကြသလိုမျိုး စိတ်ဝမ်းကွဲကြ၊ သဘောထားချင်း မတိုက်ဆိုင်ကြဖြစ်ခဲ့ကြသည်ကို စာဖတ်သူများ သတိပြုမိပါလိမ့်မည်။ သို့သော်လည်း အနောက် တံခါးလုံခြုံရေး၊ ရခိုင်တိုင်းရင်းသားများ၏ လူမှုဘဝ တိုးတက်မြင့်မားရေး ဟူသည့် ကိစ္စနှင့်ပတ်သက်လျှင်မူ ဆန္ဒသဘောထားများ ထပ်တူထပ်မျှ ရှိကြလိမ့်မည်ဟု ယုံကြည်မိပေသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကမူ ရခိုင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသသည် ထိုင်းတောင်ပိုင်းကဲ့သို့ ဖြစ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ထိုင်းတောင်ပိုင်းကဲ့သို့ ဆိုးရွားသည့် အခြေအနေမျိုးထဲတွင် မရှိကြောင်း မှတ်ချက်ပေး ပြောဆိုပြီး ရခိုင်တိုင်းရင်းသားတို့၏ သတ္တိနှင့် တောင့်ခံမှုကြောင့်သာ အနောက်တံခါးကြီး ကြံ့ကြံ့ခံနေခြင်းပင် ဖြစ်သည်ဟု The Voice နှင့်တွေ့ဆုံရာတွင် သုံးသပ်ခဲ့ပါသည်။ ရခိုင်ပြဿနာသည် ယခင် ခေတ်အဆက်ဆက် အုပ်ချုပ်ရေး ယန္တရား အသီးသီး၏ အကိုင်အတွယ် အလွန်အမင်း ညံ့ဖျင်းမှုနှင့် အဂတိ လိုက်စားမှုတို့ကြောင့် ယခုလိုရလဒ်ဆိုးကြီးနှင့် ကြုံတွေ့ရသည်မှာ ငြင်းဆို၍မရနိုင်ပေ။ ယနေ့အချိန်အထိ လျှပ်စစ်မီးမျှပင် မရရှိဘဲ နှစ်ကာလကြာရှည်စွာ ဖွံ့ဖြိုးမှုနိမ့်ပါးခဲ့ရသော အနောက်တံခါးပေါက် ရှိရာနေရာဒေသတွင် ရခိုင်လူမျိုးများ ကျန်ရှိနေသေးသည် ဟူသည့်ကိစ္စကပင် ပြည်ထောင်စုဖွား ကျန်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည့် သတင်းဟု မှတ်ယူရပေမည်။ အရေးအကြီးဆုံး အချက်မှာ ဖြစ်ပြီးသားကိစ္စမှာ ပြန်ပြင်၍ မရသော်လည်း သမိုင်းသစ်ကိုရေးရာ၌ သမိုင်းဟောင်းထဲက အမှားများမျိုး ထပ်မဖြစ်အောင် အားလုံးက ဝိုင်းဝန်းကူညီကြရမည့်အကြောင်းနှင့် ရခိုင်ကိစ္စကို အကြောင်းပြုပြီး အမျိုးသား လုံခြုံရေး တစ်ရပ်လုံးကို ထိပါးလာစေနိုင်သည့် အန္တရာယ်များအား အချိန်မီ ဟန့်တားနိုင်ရေး အတွက် အနောက်တံခါး တစ်ခုတည်းသာမက တံခါးပေါက်များ အားလုံးကို မျက်ခြည်မပြတ် သတိထား စောင့်ကြည့်ရမည့်အကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၅-၇-၂၀၁၇)


  • VIA