News

POST TYPE

EDITORIAL

ပြည်သူ၏ လုံခြုံရေးနှင့် ပြည်သူ့ရဲ (Daily, Vol-5/No-72)
04-Jul-2017
ဒီမိုကရေစီအစိုးရ တက်လာပြီး တစ်နှစ်ကျော်ကြာ ကာလတွင် အုပ်ချုပ်ရေး ယန္တရားနှင့်ပတ်သက်၍ ပြည်သူများအကြား ဝေဖန်ပြောဆိုစရာ ကိစ္စအမျိုးမျိုး ပေါ်ထွက်လာသည့်အနက် အများစု လက်ခံသဘောတူကြသည့်ကိစ္စမှာ ပြည်သူများ၏ လုံခြုံရေးနှင့် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးပင်ဖြစ်ပေသည်။ ယင်းကိစ္စကိုပြောတိုင်း အစိုးရအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် မရှိသည့် ပြည်သူ့ရဲ (မြန်မာနိုင်ငံရဲတပ်ဖွဲ့)၏ အခန်းကဏ္ဍက ထိပ်ဆုံးက ပါဝင်လျက်ရှိသည်မှာ မည်သို့မျှငြင်း၍ရမည် မဟုတ်ပေ။ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော ကြောက်ခမန်းလိလိ လူသတ်မှုကြီးများနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမှုကြီးများတွင် ယနေ့အချိန်ထိတိုင် တရားခံ မပေါ်နိုင်ဘဲ ဖြစ်နေခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်များပေါ်တွင် ပြည်သူ အများစုက ဟာသနှောကာ ဝေဖန်သုံးသပ်ကြပြီး ကာတွန်းဆရာများကလည်း သရုပ်ဖော် ကာတွန်း အမျိုးမျိုးဖြင့် သရော်လျက်ရှိသည်မှာ အမှုမဲ့ အမှတ်မဲ့သဘောဖြင့် ဆိုပါက အသေးအဖွဲ ကိစ္စမျိုးဖြစ်နေသော်ငြား အမှန်စင်စစ် ပြည်သူအများစု၏ စိတ်နှလုံးအိမ်ထဲတွင် လုံခြုံမှု ကင်းမဲ့သည့် ခံစားချက်မျိုးကိုသာ ဖြစ်ပေါ်စေသည်ကို သတိပြုရပါမည်။ သို့အတွက်ကြောင့် သည်ဘက်ခေတ်ကာလကြီးတွင် မိမိ တစ်ကိုယ်ရေ လုံခြုံရေး သာမက မိမိခိုလှုံနေထိုင်ရာ နေအိမ်များနှင့် မိသားစုများ လုံခြုံရေးကို အထူး သတိထားကြရန် မိတ်ဆွေနှင့် ဆွေမျိုးသားချင်းများ အချင်းချင်း တွေ့ဆုံတိုင်း ပုဆိန်လက်နက်ကိုင်ကာ အုပ်စုဖွဲ့ရမ်းကားခဲ့သူအချို့ အာမခံ ရရှိသည့် အမှုကိစ္စမှအစ လက်သည်မပေါ်သည့် အမှုကိစ္စကြီးများအဆုံး မြန်မာပြည်တွင်း ဖြစ်ပေါ်နေသော လုံခြုံရေး အခြေအနေများအကြောင်း ပြောကာ သတိပေးလေ့ ရှိကြသည်ကို တွေ့မြင်လာရခြင်း ဖြစ်ပေသည်။ 

သက်ငယ်မုဒိမ်းမှု၊ လုယက်မှု၊ အနုကြမ်းစီးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်နွှယ်သော လူသတ်မှု စသည့်မှုခင်းသတင်း အသီးသီးက မြောက်ကိုရီးယား နျူကလီးယားကိစ္စ၊ ကမ္ဘာ့စီးပွားရေးအတက်၊ အကျကိစ္စတို့ထက် ယနေ့ခေတ် မြန်မာပြည်သူတို့ကို အမြဲမပြတ် ခြောက်လှန့်လျက်ရှိသည်ဟု ဆိုလျှင်မှားမည် မဟုတ်ပေ။ ပြည်သူ့လုံခြုံရေးနှင့် လုံခြုံမှုရှိအောင် တာဝန်ယူ လုပ်ဆောင်ပေးသူများ ကိစ္စနှင့်ပတ်သက်၍ တိကျသော သုတေသန စစ်တမ်းများ မတွေ့ရသေးသော်လည်း ပြည်သူများ၏ စိတ်ခံစားချက်တွင် ယနေ့ခေတ်သည် ယခင်ခေတ် ကာလများထက် လုံခြုံမှု ကင်းမဲ့သလို ခံစားရသော ခေတ်ကာလအဖြစ် သတ်မှတ်ထားကြလိမ့်မည်ဟုပင် ယူဆရပေသည်။ မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရလက်ထက် ရဲလုပ်ငန်းစနစ် စတင် ပေါ်ပေါက်ခဲ့ရာမှစ၍ ဗမာရဲ၊ ပြည်သူ့ရဲ၊ ယခုအခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အဖြစ် ခေတ်အဆက်ဆက် အမည်နာမများ ပြောင်းလဲခဲ့သည့် ရဲတပ်ဖွဲ့သည် နှစ်ကာလကြာရှည်စွာ ပြည်သူနှင့် လက်ပွန်းတတီး အရှိဆုံး လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်ဖြစ်သလို တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ လုံခြုံရေးအတွက် အဓိက ဆောင်ကြဉ်းပေးသည့် အာဏာပိုင်အဖွဲ့လည်း ဖြစ်ပေသည်။ သို့အတွက်ကြောင့် “ပြည်သူ့ရဲ”ဟူသည့် ယခင်ခေတ်က အသုံးအနှုန်းသည်ပင် ရဲတပ်ဖွဲ့အတွက် အထူးသင့်လျော်မှု ရှိသည်ဟုပင် ဆိုချင်ပါသည်။

ပြည်သူထဲမှ ပေါက်ဖွားလာသည့် ပြည်သူ့ရဲတပ်ဖွဲ့ အနေနှင့် ဒုစရိုက်သမားများ၊ မသမာသူများ၊ လူဆိုးလူရမ်းကားများ နှိမ်နင်းရေးအတွက် ခေတ်မီသည့် လက်နက်ကိရိယာများ သာမက တိုက်ခိုက်မှု စွမ်းရည်များ ဖြည့်ဆည်းထားရန် မရှိမဖြစ် လိုအပ်သလို တစ်ဖက်တွင် ပြည်သူလူထု၏ အားကိုးအားထားပြုမှု၊ တစ်နည်းအားဖြင့် ပြည်သူ၏ ယုံကြည်မှု ရရှိထားရန် လိုအပ်သည်ဟူသော အချက်မှာ အထူးပင် ရှင်းပြနေစရာ မလိုပေ။ ထိုသို့ ပြည်သူ၏ ယုံကြည်ကိုးစားမှု ရရှိရေးဟူသည်မှာလည်း တိုက်ခိုက်ရေး စွမ်းရည်နှင့် ခေတ်မီသော လက်နက် ကိရိယာ ပြည့်စုံရုံမျှဖြင့်သော်လည်းကောင်း၊ အဂတိလိုက်စားမှု ကင်းစင်ရုံဖြင့်သော်လည်းကောင်း ရရှိနိုင်မည်မဟုတ်ဘဲ ပြည်သူ့အကျိုးကို အမှန်တကယ် လိုလားသည့် စိတ်ဆန္ဒလည်း ရှိမှပါ ရရှိနိုင်မည်ကို အထူး သတိပြုရပေမည်။ ထို့အတူ တစ်ဖက်တွင် ပြည်သူ့ရဲတပ်ဖွဲ့၏ လိုအပ်ချက်နှင့် အားနည်းချက်များကို အကောင်းဆုံးဖြစ်အောင် ပြုပြင်၊ ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်များကိုလည်း အစဉ်အမြဲ ရေးဆွဲနေရန် လိုအပ်ပေသည်။ ပြောချင်သည်မှာ အာဏာရှင်စနစ်၊ ဒီမိုကရေစီစနစ် စသည့် နိုင်ငံရေးစနစ်များ မည်သို့ ပြောင်းလဲသွားသည်ဖြစ်စေ ပြည်သူ့ရဲဟူသည် ပြည်သူနှင့်အတူ အမြဲရှိနေမည့်၊ ပြည်သူတွေ အားထားရမည့် အဖွဲ့အစည်းဖြစ်ပေရာ ပြည်သူ့မျက်နှာနှင့် ပြည်သူ့အကျိုးကို အမှန်တကယ် ကြည့်သူ ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်ကောင်းများ အဆက်မပြတ် မွေးထုတ်ပေးရန် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်း ကြိုးပမ်းကြရမည့်အကြောင်း ဆိုလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၄-၇-၂၀၁၇)


  • VIA