News

POST TYPE

EDITORIAL

မြတ်ဗုဒ္ဓ၏ သာသနာရောင်ဝါ နေသို့ ထွန်းတောက်ရေး (Daily, Vol-5/No-71)
03-Jul-2017
ယမန်နေ့က The Voice နှင့်အင်တာဗျူးတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက လက်ရှိကာလသည် သာသနာတော် သန့်ရှင်းရေး လုပ်ဆောင်ရန် သင့်တော်သည့် အချိန်ကာလ ဖြစ်သည်ဟု နိုင်ငံတော် သံဃနာယက အဖွဲ့ဝင် ဆရာတော်ကြီးများ သာမက ၎င်း၏ ဝန်ကြီးဌာန အနေနှင့်ပါ ရှုမြင်ထားကြပြီဖြစ်ကြောင်း မှတ်ချက်ပေး ပြောဆိုသွားသည်။ ဝန်ကြီးသူရဦးအောင်ကို ပြောဆိုသွားသည့် မှတ်ချက်များစွာအနက် အလေးအနက်ထား ထောက်ပြသွားသည့် အချက်များထဲတွင် ဂန္ထဓူရနှင့် ဝိပဿနာဓူရဟူသည့် ဓူရနှစ်ပါးအနက် တစ်ပါးမျှ ကျင့်သုံးခြင်းမရှိသော ရဟန်းပုဂ္ဂိုလ်များကိစ္စ၊ ဗုဒ္ဓဓမ္မစာပေများ ရေးသားထုတ်ဝေသည့်ကိစ္စနှင့် မြန်မာနိုင်ငံ အနောက်ဘက်ဒေသထဲသို့ စိမ့်ဝင်နေသူများကိစ္စတို့လည်း ပါဝင်ပေသည်။ သူ၏မှတ်ချက်များအနက် အနောက်တံခါးမှ စိမ့်ဝင်နေသူများ ကိစ္စကလွဲလျှင် ကျန်သည့်မှတ်ချက်များမှာ မြတ်ဗုဒ္ဓ၏ သာသနာတော် သန့်ရှင်းစင်ကြယ်ရေးနှင့်သာ သက်ဆိုင်ပေသည်။ ဝန်ကြီးဖြစ်သူသည် မြန်မာလူ့အဖွဲ့အစည်းတွင်း လွန်စွာ အကဲဆတ်သည့် အရေးကိစ္စကြီး တစ်ခုဖြစ်မှန်း သိသော်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမများအတိုင်း နည်းမှန်လမ်းမှန်ဖြင့် ကျင့်ကြံသူ၊ တစ်ဖန်ပြန်လည်ရေးသား၊ ဟောပြောပို့ချသူများ စနစ်တကျ ဆက်လက် ပေါ်ထွန်းရေး၊ တစ်နည်းအားဖြင့် မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို နည်းမှန်လမ်းမှန်ဖြင့် အကာအကွယ်ပြုနိုင်ရေးအတွက် အင်တာဗျူးတစ်ခုကို သတိရှိရှိဖြင့် ဖြေကြားသွားခြင်း ဖြစ်ပေသည်။

နှစ်ပေါင်း ၂၅၆၁ နှစ်ရှိသွားပြီဖြစ်သော မြတ်ဗုဒ္ဓ၏ သာသနာ သက်တမ်း တစ်လျှောက်ကိုကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတွင်သာမက အခြားထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများတွင်ပါ သင်္ဂါယနာတင်မှုများ၊ ဗုဒ္ဓဓမ္မ မစစ်မှန်သော အယူအဆများနှင့် ကျင့်စဉ်များ ကင်းစင်ပပျောက်ရေး စီမံချက်ကြီးများနှင့် လုပ်ဆောင်ချက်များစွာ ရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိနိုင်ပါသည်။ သာသနာတော် စနစ်တကျ အဓွန့်ရှည်စေရေးအတွက် ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားကြသူများထဲတွင် အိန္ဒိယနိုင်ငံမှ အသောကမင်းကြီးနှင့် ပထမ မြန်မာနိုင်ငံတော် တည်ထောင်ခဲ့သူ အနော်ရထာမင်းကြီးတို့မှာ ထင်ရှားသည့်ပုဂ္ဂိုလ်များ ဖြစ်သည်ကို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အများစု သိရှိထားပြီးဖြစ်ပါလိမ့်မည်။ တစ်ဖန်ဆိုရလျှင် မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး နှစ် ထောင်ချီကာ အဓွန့်ရှည်လာခြင်း ဟူသည် ဓူရနှစ်ပါးကို ကောင်းစွာလည်း ကျင့်၊ ဖြောင့်စွာ ကျင့်ကြံသူ ရဟန်းသံဃာတော်များနှင့် ၎င်းတို့၏ တရားမှန် စကားမှန်တို့ကို နာခံမှတ်သားကြကုန်သော ဥပါသကာ၊ ဥပါသိကာမ (ရတနာသုံးပါးကို ယုံကြည်ကြသော အမျိုးသားနှင့် အမျိုးသမီးတို့ကို ဆိုလိုပေသည်) တို့၏ ကြိုးပမ်းချက်တစ်ခုတည်း သက်သက်မဟုတ်ဘဲ အသောကလို၊ အနော်ရထာမင်းတို့လို ဩဇာအာဏာ၊ အမြော်အမြင်နှင့် လုပ်ကိုင်နိုင်စွမ်းရှိသူ ပုဂ္ဂိုလ်များ၏ ကြိုးပမ်းအားထုတ်မှုများလည်း မလွဲမသွေ ပါဝင်သောကြောင့်ဟုပင် ဆိုရပေမည်။ မြန်မာ့ ထေရဝါဒ ဗုဒ္ဓဘာသာ သမိုင်းကြောင်းကိုကြည့်မည် ဆိုလျှင်လည်း ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ပါလီမန် အစိုးရလက်ထက်တွင် ဆဋ္ဌသင်္ဂါယနာ တင်နိုင်ခဲ့သည်ကို တွေ့ရသလို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် သာသနာတော် သန့်ရှင်းရေး စီမံချက်ကြီး တစ်ရပ်အား လုပ်ဆောင်ခဲ့သည်ကို တွေ့ရပါမည်။ 

လူတို့၏ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု အမျိုးမျိုးနှင့် ယုံကြည်မှု အမျိုးမျိုးကြောင့် သာသနာတော် သန့်ရှင်းရေး လုပ်ဆောင်ရာ၌ အငြင်းပွားစရာများ၊ မကျေမနပ်မှုများနှင့် အထင်အမြင် လွဲမှားမှုများ ရှိတတ်သည်မှာ ဓမ္မာတာပင်ဖြစ်သော်လည်း သာသနာတော်နှင့် မလျော်ဆန့်ကျင် ငြောင့်တံကျင်သဖွယ် ဖြစ်စေသည့် ဟောပြောပို့ချမှုများနှင့် ရေးသားထုတ်ဝေမှုများ အားကောင်းလာမည်ဆိုပါက နောက်ဆုံးတွင် သာသနာတော်သာ ညှိုးနွမ်းရမည်ဖြစ်ရာ သာသနာပိုင်နှင့် အာဏာပိုင်ပုဂ္ဂိုလ် အသီးသီးတို့က လုပ်သင့်လုပ်ထိုက်သည့်အချိန်တွင် သန့်ရှင်းစင်ကြယ်ရေးကို လက်တွဲ လုပ်ဆောင်ခဲ့ကြသည်ချည်းသာပင်ဖြစ်ပေသည်။ တစ်နည်း ထပ်ပြောရမည်ဆိုပါက “လောဘ၊ ဒေါသ၊ မောဟ”ဟူသည့် မိမိ၏ “မသိမှုနှင့် တပ်မက်မှု”ကို လက်ရှိဘဝတစ်ခုအတွက် သာမက တစ်သံသရာလုံးအတွက် အကြီးမားဆုံး အန္တရာယ်အဖြစ် သတ်မှတ်ချေမှုန်းပစ်ရန် နည်းလမ်း မှန်များပေးကာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး “အပ္ပမာဒေန သမ္ပာဒေထ”ဟူ၍ မမေ့မလျော့ဘဲ သတိဖြင့်နေထိုင်ရန် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သူ မြတ်ဗုဒ္ဓ၏ သာသနာတော်ထဲ၌ လွဲမှားသည့် ဟောပြောပို့ချမှုနှင့် ရေးသားထုတ်ဝေမှုများကြောင့် သာသနာတော်အပေါ် အခြားအယူဝါဒ ယုံကြည်သူများက အထင်အမြင် သေးလာသည့် အခြေအနေတွင်လည်း သန့်ရှင်းစင်ကြယ်ရေး လုပ်ဆောင်လေ့ရှိကြသည်ကို ဆိုလိုပေသည်။ ကမ္ဘာ့နေရာ အသီးသီး၌ ရန်ငြိုးထားမှု၊ အမုန်းပွားမှုများကြောင့် စစ်မက် အမျိုးမျိုးနှင့် ပဋိပက္ခ အမျိုးမျိုးဖြစ်နေချိန်၊ တစ်နည်းအားဖြင့် အင်အားကြီး အယူဝါဒနှစ်ရပ်၏ ကာလကြာရှည် အမုန်းစစ် မီးများ တောက်လောင်နေချိန်တွင် ယင်းအယူဝါဒ နှစ်ရပ်အပေါ် ယုံကြည်သက်ဝင်မှု မရှိသော ဗုဒ္ဓဘာသာဝင်များ အနေနှင့် သာသနာတော် စနစ်တကျ အဓွန့်ရှည်ရေး သာမက၊ မိမိတို့၏ သာသနာတော်ကြီး အမုန်းမီးပွား နှစ်ရပ်အကြားသို့ ရောက်မသွားအောင် လိမ္မာပါးနပ်စွာဖြင့် ကာကွယ်စောင့်ရှောက် သွားကြရန်လည်း အထူးပင် မေတ္တာ ရပ်ခံလိုပါသည်။ အဓိက ဆိုချင်သည်မှာ မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီးသည် နိုင်ငံရေးအရ အမြတ်ထုတ်စရာ အရာမဟုတ်သလို စီးပွားရေးအရ ရောင်းကုန်တစ်ခု မဟုတ်သည်ကို မြတ်ဗုဒ္ဓ၏ တပည့်အဖြစ် ခံယူထားသူများအနေနှင့် ကောင်းစွာ သဘောပေါက် နားလည်ရမည်ဖြစ်ကြောင်းနှင့် မြတ်ဗုဒ္ဓ၏ ထူးခြားလေးနက်သော ဓမ္မများကို အမှန်အတိုင်း သွေဖည်မှု မရှိအောင် ဟောပြောပို့ချလျက်ရှိသည့် ရဟန်း သံဃာတော်များနှင့် အရိယာပုဂ္ဂိုလ်များ နောင်ခေတ်အဆက်ဆက် ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းကြပါမည့်အကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၃-၇-၂၀၁၇)


  • VIA