News

POST TYPE

EDITORIAL

ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် Sense of Belonging (Daily, Vol-5/No-70)
02-Jul-2017
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က ရုရှားနိုင်ငံမှ ပြိုင်ဘက်ကို အနိုင်ယူ ထိုးသတ်ကာ ချန်ပီယံဆု လက်ခံရယူပြီးသည်နှင့် တစ်ပြိုင်နက်တည်း အောင်လအန်ဆန်းက ဝမ်းသာမျက်ရည်များ ဝဲကျကာ ကျေးဇူးတင် စကားပြောဆိုရာ၌ “I cannot do this without you Myanmar”ဟု ထည့်သွင်း ကြွေးကြော်သွားခဲ့သည်ကို အဆိုပါပြိုင်ပွဲအား ကြည့်ရှုခဲ့သူ အားလုံး မှတ်မိပါလိမ့်မည်။ မြန်မာနိုင်ငံနှင့် မြန်မာပရိသတ်တို့၏ ခိုင်မာသော အားပေးမှု မပါဝင်ဘဲ ယခုလို ကမ္ဘာ့ချန်ပီယံဆု မရရှိနိုင်ဟူသည့်အချက်ကို အလေးပေး ပြောဆိုသွားသူ၊ ကချင်တိုင်းရင်းသား (ကို) အောင်လအန်ဆန်း၏ မှတ်ချက်ကို ကြည့်မည်ဆိုပါက နိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ Sense of Belonging ခေါ် မိမိနိုင်ငံ၊ လူမျိုးနှင့် လူ့အဖွဲ့အစည်းအပေါ် ထားရှိသည့် စိတ်သဘောထား အတိုင်းအဆကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမည်ဖြစ်ပေသည်။ အဆိုပါပွဲစဉ်ကို ပြိုင်ပွဲကျင်းပသည့် သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံထဲ၌ သာမက ရုပ်မြင်သံကြား အသီးသီးမှတစ်ဆင့် စိတ်လှုပ်ရှားစွာ တစ်ခဲနက် အားပေးခဲ့ကြသည့် မြန်မာပရိသတ်ကို ကြည့်မည်ဆိုလျှင်လည်း ကချင်တိုင်းရင်းသား (ကို)အောင်လအန်ဆန်း၊ တစ်နည်းအားဖြင့် မိမိနိုင်ငံနှင့် နိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်တစ်ဦးအပေါ် ထားရှိသည့် ၎င်းတို့၏ Sense of Belonging ကိုလည်း တန်ပြန်တွေ့မြင်ရမည်သာပင်ဖြစ်ပါသည်။ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးများ ဖြစ်ကြသော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သော ညီအစ်ကို မောင်နှမများ ဖြစ်ကြသည့် မြန်မာနိုင်ငံသား ပရိသတ်များအကြား နိုင်ငံနှင့် ယင်းနိုင်ငံ၌နေထိုင်ရာ လူမျိုးများအပေါ် ထားရှိသည့် Sense of Belonging အတိုင်းအဆကို ယခုလို တွေ့မြင်ရသည်မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိရန် အထူး လုံးပန်းနေရသည့် မြန်မာနိုင်ငံအတွက် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည့်ကိစ္စဟု ဆိုရပေမည်။

(ကို)အောင်လအန်ဆန်း၏ နေရာတွင် ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် အခြား တိုင်းရင်းသား လူမျိုးတစ်ဦးဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဆိုလျှင်လည်း အလားတူပင် မြန်မာပရိသတ်က တစ်ခဲနက် အားပေးပြီး ပြိုင်ပွဲ အနိုင်ရသူက ထိုနည်းအတိုင်း ကျေးဇူးတင်စကား ပြောကာ မြန်မာတို့၏ Sense of Belonging ထုထည် မည်မျှကြီးမားသည်ကို ပြသကြမည်သာပင် ဖြစ်ပါသည်။ ဗမာဖြစ်နေ၍၊ ကချင်ဖြစ်နေ၍ ဟူသည့် လူမျိုးရေး ခွဲခြားလိုသည့် နိမ့်ကျသော စိတ်ဓာတ်များ ကင်းစင်အောင် ဖန်တီးပေးနိုင်သည့် အရာများထဲတွင် ယခုလို အားကစားပွဲများ ထိပ်ဆုံးက ပါဝင်နေသည်ကိုလည်း တစ်ဖက်တွင် သတိပြုမိနိုင်ပေသည်။ မြန်မာနိုင်ငံထဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်သူ ရှိစေချင်သည့် အိပ်မက်ကို အကောင်အထည် ဖော်ရာ၌ မိမိတစ်ဦးတည်း၏ လုပ်အားမျှ သာမက မြန်မာပရိသတ်များကြောင့်လည်း ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် ချန်ပီယံတစ်ဦး ဖြစ်လာခဲ့သည်ဟု (ကို)အောင်လအန်ဆန်းက ထပ်မံ ပြောဆိုပြီး နိုင်ငံတွင်း စုစည်းညီညွတ်စွာ လက်တွဲ လုပ်ဆောင်ကြမည်ဆိုပါက မည်သည့်ကိစ္စမဆို အောင်မြင်နိုင်ကြောင်း သတိပေးသွားခဲ့ပါသည်။ ကချင် တိုင်းရင်းသား (ကို) အောင်လအန်ဆန်းကဲ့သို့ အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမ အသီးသီးထဲတွင်လည်း မြန်မာပြည်၌ ကမ္ဘာ့ချန်ပီယံ၊ ကမ္ဘာသိ အသိပညာရှင်၊ အတတ်ပညာရှင်မျိုး ပေါ်ထွန်းစေရေးအတွက် အိပ်မက်ကြီးကြီးမက်ကာ တစိုက်မတ်မတ် ကြိုးပမ်းနေသူများလည်း မလွဲမသွေ ရှိနေမည်သာပင် ဖြစ်ပါသည်။

(ကို)အောင်လအန်ဆန်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အားကစားပွဲများကြောင့် နိုင်ငံသားများ(တိုင်းရင်းသား အားလုံး)၏ Sense of Belonging နှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပေးနိုင်သည်မှာ မှန်သော်လည်း ယင်းအားကစား အခန်းကဏ္ဍ တစ်ခုတည်းမျှဖြင့် ရေရှည်ခံသည့် စည်းလုံးညီညွတ်မှုမျိုးကို ဖန်တီးပေး၍ မရသည်ကိုလည်း အထူး သတိပြုရမည် ဖြစ်ပါသည်။ တပ်မတော်နှင့် အစိုးရအုပ်ချုပ်ရေး ယန္တရားဟူသည့် အင်စတီ ကျူးရှင်းကြီးများမှအစ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ စသည့် နယ်ပယ် အသီးသီးအဆုံး (ကို)အောင်လအန်ဆန်းကဲ့သို့ အိပ်မက်ကြီးကြီးမက်ကာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်လိုသော အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများ နေရာ ရရှိလာရန်နှင့် ၎င်းတို့၏ ကြိုးပမ်းချက်များကို အသိအမှတ်ပြုပေးရန် မလွဲမသွေ လိုအပ်ပေသည်။ အထူး မေတ္တာရပ်ခံလိုသည်မှာ ယနေ့စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင် အားလုံး ပူးပေါင်း အကောင်အထည် ဖော်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဟူသည် မြန်မာနိုင်ငံတွင်း နေထိုင်သော နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု ကိစ္စပေါ်တွင် အဓိက အခြေခံသည်ဖြစ်ရာ ၎င်းတို့၏ Sense of Belonging ပျောက်ဆုံးစေမည့် အစီအစဉ်နှင့် လုပ်ဆောင်ချက်မျိုး မဖြစ်မနေ ရှောင်ရှားကြပါမည့်အကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၂-၇-၂၀၁၇)


  • VIA