News

POST TYPE

EDITORIAL

သူတို့လေးတွေအတွက် နေရာဖန်တီးပေးကြပါ(Daily, Vol-5/No-69)
01-Jul-2017
အရင်ခေတ်က လက်ဖက်ရည်ဆိုင်မှာ အုပ်စုဖွဲ့ထိုင်ပြီး စီးကရက်လိပ်ဖွာလိုက်၊ သီချင်း နားထောင်လိုက် လုပ်နေတဲ့ လူငယ်တွေကို လူကြီးသူမတွေက နှာခေါင်းရှုံ့  ကဲ့ရဲ့လေ့ ရှိကြပါတယ်။ တေလေငှက်တွေပေါ့။ အခုခေတ်မှာတော့ လက်ဖက်ရည်ဆိုင်မှာ စာအုပ်တစ်အုပ် ဒါမှမဟုတ် ဖုန်းတစ်လုံး ပွတ်ပြီး  ငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်နေတဲ့ လူငယ်တွေကိုမြင်ရုံနဲ့တင် စိတ်ချမ်းသာရမလို ဖြစ်လာပါတယ်။ အများစုက ဘီယာနဲ့ အရက်ဆိုင်မှာ အချိန်ကုန်ချင်ကုန်၊ မဟုတ်ရင် ချောင်တစ်ချောင်ချောင်မှာ အခုခေတ်အခေါ် မာရှီတို့၊ ကြယ်သီးတို့စတဲ့ မူးယစ်ဆေးဝါးတစ်ခု လုပ်နေတတ်ကြလို့ပါ။

မာရှီလို့ခေါ်တဲ့ ဆေးခြောက် မရှူတတ်ရင်ဘဲဖြစ်ဖြစ်၊ ကြယ်သီးလို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြား မသုံးတတ်ရင်ဘဲဖြစ်ဖြစ် လူငယ်တွေအကြား ခေတ်နောက်ကျသူမျိုး ဖြစ်လာပြီး အရက်၊ ဘီယာနဲ့ ဝိုင်ဆိုတာတွေက အသေးအဖွဲ ဖျော်ဖြေရေး ကိစ္စမျိုး ဖြစ်လာတာဟာ တကယ်တော့ ပွင့်လင်းလာ ပြီဆိုတဲ့ခေတ်ကြီးရဲ့ ဘေးထွက်ဆိုးကျိုးကြီးတွေလို့ပဲ ဆိုရတော့မှာပါ။

လူငယ်အများစု အဲဒီလို မူးယစ်စေတတ်တဲ့ အရာတွေအပေါ် မှီခိုလာတာကို အတော်များများက အပြစ်ပြောကြပြီး တချို့ကတော့ ကိုယ်နဲ့မဆိုင်သလို နေကြပါတယ်။ တချို့ကတော့ လူငယ်တွေ တွေ့ရင် စိတ်ကြွမူးယစ်ဆေး သုံးထားတဲ့ကောင်လား ဆိုပြီးတော့တောင် ခပ်ဝေးဝေးက ရှောင်ကြတော့တာပါပဲ။ တကယ်တော့ အဲဒီလို အပြစ်ပြောရုံ၊ ရှောင်ကွင်းနေရုံ၊ မသိဘာသာနေရုံနဲ့ လူငယ်တွေ လမ်းလွဲရောက်နေတဲ့ကိစ္စက မပြီးပြတ်ပါဘူး။ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ၊ သတ္တိတွေ ပေးနိုင်မယ့် နေရာတွေ များပြားလာအောင် ဖန်တီးပေးမှဖြစ်မှာပါ။

မြို့နယ်အလိုက် အားကစားကွင်း၊ ရေကူးကန်၊ စာကြည့်တိုက်စတဲ့ လူငယ်တွေရဲ့ ရပိုင်ခွင့်လို့ ဆိုနိုင်တဲ့နေရာတွေ တစ်စထက်တစ်စ ကွယ်ပျောက်လာတာလည်း သူတို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ကျဆင်းစေမယ့် အဓိက အကြောင်းအရင်းတွေပါပဲ။

မြို့ပြမှာ မြေတန်ဖိုးတွေ မြင့်လာတာနဲ့အတူ ရပ်ကွက်တွေမှာ အရင်ကတည်းက သတ်မှတ်ထားတဲ့ ကလေး ကစားကွင်းနေရာတွေမှာ အဆောက်အအုံတွေ ဖြစ်လာသလို ရပ်ကွက်မြေပိုတွေမှာလည်း ဆိုင်ခန်းတွေ ဖြစ်လာပါတယ်။ အရင်က ရပ်ကွက်တွေထဲက မြေပိုတွေမှာ အားကစားခန်းမ၊ စာဖတ်ခန်း စတာတွေ ထားခဲ့ကြတယ်။ အခုတော့ မရှိတော့သလောက်ပါပဲ။

အများပြည်သူ နားနေရန်ဆိုတဲ့ ပန်းခြံတွေ ဆိုတာကလည်း စုံတွဲတွေအတွက် ခဏတာ ခိုနားရာ နေရာသက်သက်မျှပါပဲ။ လူငယ်တွေ စုပေါင်းပြီး အားကစား ဒါမှမဟုတ် ရပ်ရွာအကျိုး လုပ်နိုင်မယ့် နေရာမျိုးတွေ နည်းပါးလာပြီး နေမဝင်ခင်ကတည်းက ရီဝေဝေဖြစ်အောင် ဆွဲဆောင်နေတဲ့ ဘီယာဆိုင်တို့၊ အရက်ဆိုင်တို့ များလာတာဟာ ရပ်ရွာတစ်ခုတည်းအတွက် သာမက တစ်တိုင်းပြည်လုံးရဲ့ အနာဂတ်အတွက် မွန်းတည့်ချိန်မှာ နေဝင်ရမယ့်အဖြစ်မျိုးပါ။ 

ကျောင်းတွေ အများစုမှာလည်း ကစားကွင်း မပြောနဲ့၊ မြေပိုတောင်မရှိအောင် အဆောက်အအုံတွေ ပြည့်လို့ပါပဲ။ အဲဒီတော့ ကလေးတွေက တီဗီဂိမ်းဆိုင်သွား၊ လူငယ်တွေက လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် ဘီယာဆိုင်သွားဆိုတဲ့ အခြေအနေမျိုးကို ဖန်တီးလာတော့တာပေါ့။ ဘီယာဆိုင်ထိုင်ပြီး ဘောလုံးပွဲ ကြည့်တာဟာ အားကစားလုပ်တာ မဟုတ်ဘူး ဆိုတာကိုလည်း သိထားသင့်ပါတယ်။ 

ဒါတွေကို ဖျောက်ဖို့ဆိုရင် လူငယ်တွေအတွက် ကစားရုံတွေ၊ ကွင်းတွေ ပြန်ဖော်ထုတ်ပေးရမှာ ဖြစ်သလို အားကစားနဲ့ စာအုပ်စာပေတွေ လေ့လာလိုက်စားဖို့ စည်းရုံးဆော်ဩမှုတွေ လုပ်ပေးကြရမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ကျူရှင် မှန်မှန် ရဖို့လောက်ပဲ အာရုံစိုက်မနေဘဲ ကျောင်းသား လူငယ်လေးတွေရဲ့ ခြေလှမ်းတွေကိုပါ မိဘ အရင်းအချာသဖွယ် အနီးကပ် စောင့်ကြည့်ပြီး လမ်းမှန်ဘက် ရောက်အောင် သွန်သင်တတ်ဖို့ လိုပါတယ်။

ရပ်ကွက်တွေထဲမှာလည်း အသက်အရွယ်အလိုက် အားကစားအဖွဲ့လေးတွေ၊ ကျပန်းစကားပြောနဲ့ အက်ဆေး အရေးပြိုင်ပွဲလေးတွေ ရာသီအလိုက် ကျင်းပပေးနိုင်ဖို့ ရပ်/ကျေး အုပ်ချုပ်သူတွေမှာ တာဝန်ရှိပါတယ်။ အိမ်အရောင်း၊ အငှားကိစ္စမှာ ပွဲခရဖို့၊ နယ်မြေ ကျူးကျော်ဖွင့်ထားတဲ့ဆိုင်တွေနဲ့ ဝပ်ရှော့ခ်တွေဆီက လိုင်းကြေး ပုံမှန်ရဖို့လောက်ပဲ စဉ်းစားမနေသင့်ပါဘူး။ ရပ်မိ၊ ရပ်ဖ စာရင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် လူငယ်တွေအပေါ် မိဘစိတ်ထားပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ကြီးလာဖို့ လုပ်ဆောင်ပေးရမယ့်တာဝန် ရှိပါတယ်။

လူကြီးတိုင်း ဖန်တစ်ရာတေအောင် ပြောနေခဲ့ကြတဲ့ “လူငယ်ဆိုတာ တိုင်းပြည်ရဲ့အနာဂတ်”ဆိုတဲ့စကားအတိုင်း ယနေ့ လူငယ်လေးတွေ လိမ္မာရေးခြား ဆိုတာထက်၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး အကောင်း၊ အဆိုးနဲ့ အမှန်၊ အမှားကို ခွဲခြားနိုင်သူလေးတွေ ဖြစ်လာဖို့ လက်ရှိ လူကြီးတွေ အားလုံးမှာလည်း တာဝန် မကင်းဘူးလို့ပဲ ဆိုပါရစေ။ 

အယ်ဒီတာ (၁-၇-၂၀၁၇)


  • VIA