News

POST TYPE

EDITORIAL

ဒီမိုကရေစီ အခြေခံကို ကာကွယ်ခြင်း (Weekly, Vol-13/No-22)
01-Jul-2017
ဒီမိုကရေစီနိုင်ငံဟု ဆိုလိုက်သည်နှင့် အားကောင်းသော သတင်းမီဒီယာတို့ကို ပြေးမြင်ရလောက်အောင် သတင်းမီဒီယာတို့သည် ဒီမိုကရေစီ၏ အဆင့်အတန်း၊ ဒီမိုကရေစီ တည်ဆောက်ရေးတို့နှင့် ဖွားဖက်တော်ပင် ဖြစ်သည်။

ဒီမိုကရေစီ ဆိုသည်မှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်းတို့ကို အများဆန္ဒဖြင့်  ဖော်ဆောင်ခြင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်တစ်ဖွဲ့က အာဏာကို အလွဲသုံးနေလျှင် ယင်းဖြစ်ရပ်များကို အများပြည်သူသို့ အသိပေးနိုင်၊ လူ့အသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများ ဗဟုသုတများကို ဖြန့်ဝေနိုင်မှသာ အများပြည်သူက လည်းကောင်း၊ အများပြည်သူကို ကိုယ်စားပြုသော အုပ်ချုပ်သူများက လည်းကောင်း မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ပြီး ဒီမိုကရေစီကို အသက်ဝင်စေမည် ဖြစ်သည်။ သတင်းမီဒီယာများသည် ဒီမိုကရေစီ လည်ပတ်ရေး အထက်ပါတာဝန်ကို ထမ်းဆောင်နေသည် ဖြစ်ရာ အားကောင်းသော သတင်းမီဒီယာ ရှိမှသာ ဒီမိုကရေစီစနစ် အောင်မြင်မည်ကို အလွယ်မြင်နိုင်သည်။

အားကောင်းသော သတင်းမီဒီယာ ဆိုသည်မှာ အတတ်ပညာအားဖြင့် ကျွမ်းကျင်ပိုင်နိုင်သလို အကျင့်စာရိတ္တအားဖြင့်လည်း မြင့်မားသည့် သတင်းသမားများဖြင့် ဖွဲ့စည်းထားသော တာဝန်ယူမှု  တာဝန်ခံမှု အပြည့်ရှိသည့် သတင်းမီဒီယာပင် ဖြစ်သည်။ လူမှန်လျှင် အစွဲမကင်းသော်လည်း ပြည်သူများထံသို့ တင်ဆက်သည့်အခါတွင် ပုဂ္ဂလိကအစွဲများ၊ အဖွဲ့အစည်းဆိုင်ရာအစွဲများ ကင်းနိုင်သလောက် ကင်းအောင် သတင်းသမားကျင့်ဝတ်ဖြင့် လည်းကောင်း၊ အတတ်ပညာအားဖြင့် လည်းကောင်း ထိန်းကျောင်းနိုင်ကြသည်မှာ အားကောင်းသော သတင်းမီဒီယာပင် ဖြစ်သည်။ 

တစ်ဖက်က ကြည့်ပြန်လျှင် သတင်းမီဒီယာများသည် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အကြောင်းကို ဖော်ပြကြရသည့်အတွက် အရှိကို အရှိအတိုင်း ဖော်ပြလျှင်ပင် အကြောင်းအရာအလိုက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ထိခိုက်သည်များ ရှိနိုင်သည့်အတွက် ရန်သူပေါများသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ရန်သူပေါများသည့်အတွက် သတင်းမီဒီယာများ သတင်းအချက်အလက်များကို ထိထိရောက်ရောက် မဖြန့်ဝေနိုင်လျှင် ပြည်သူလူထုနှင့် ဒီမိုကရေစီသာ ထိခိုက်မည့်အတွက် ဒီမိုကရေစီကို ချစ်မြတ်နိုးသေ ာအစိုးရများသည် သတင်းမီဒီယာများ အားကောင်းလာအောင် အကာအကွယ်ပေးသည့် ရေခံမြေခံကောင်းများကို တည်ဆောက်ပေးကြသည်။ 

သတင်းမီဒီယာများကို အကာအကွယ်ပေးသည့် ရေခံမြေခံ ဆိုရာတွင်လည်း အခွင့်ထူးခံသဘော မဟုတ်ဘဲ သတင်းမီဒီယာများကို တရားနည်းလမ်းတကျ ထိန်းညှိရင်းပြည်သူပြည်သားများ၏ သိပိုင်ခွင့်အား အကာအကွယ်ပေးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံသည် ဒဏ်ရာအနာတရများနှင့် အမုန်းသံသရာကို ကျော်လွန်လျှောက်လှမ်းရန် ကြိုးစားနေချိန်ဖြစ်ရာ အခြားသော Institutions များနည်းတူ သတင်းမီဒီယာများဘက်တွင်လည်း  ဖြည့်ဆည်းရန်များ ရှိနိုင်ရာ အားကောင်းသော သတင်းမီဒီယာများ ဖြစ်လာရန် သတင်းမီဒီယာများ ကိုယ်တိုင်က ကျင့်ဝတ်အားဖြင့် လည်းကောင်း၊ အတတ်ပညာအားဖြင့် လည်းကောင်း စဉ်ဆက်မပြတ်  ဖြည့်ဆည်းအားထုတ်ရမည် ဖြစ်သည်။ ထိုနည်းတူစွာ အားကောင်းသည့် သတင်းမီဒီယာများသည်  ဒီမိုကရေစီ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် အတွက် သတင်းမီဒီယာများကို တရားနည်းလမ်းကျကျ  ကာကွယ်ခြင်းဖြင့် ပိုမိုအားကောင်းမောင်းသန် ဖြစ်လာစေရန် မြေတောင်မြှောက်ပေးခြင်းဖြင့်သာ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း သတိပေးလိုခြင်း ဖြစ်သည်။ 

အယ်ဒီတာ (၂၈.၆.၂၀၁၇)