News

POST TYPE

EDITORIAL

“ဝိ”ဖြစ်လာအောင် “ဝ”များ အရင် ဆောင်ထားပါ (Daily, Vol-5/No-68)
29-Jun-2017
ယခုရက်ပိုင်းအတွင်း စင်ကာပူအခြေစိုက် Institute of International Affairs က သုတေသန စစ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများ နှေးကွေးနေခြင်းနှင့်ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်မှုများ ရှိနေသော်လည်း မြန်မာ့စီးပွားရေး အလားအလာနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် အမြင်များ ဆက်ရှိနေဆဲပင်ဖြစ်သည်ဟု ဖော်ပြလာပါသည်။ ဒီမိုကရေစီ အစိုးရ အာဏာရရှိလာပြီးနောက် တစ်နှစ်ကျော်ကြာကာလ၌ တိုင်းပြည်စီးပွားရေး အေးတိအေးစက်ဖြစ်ရုံသာမက အရင်းအနှီးရှိသူများပင် မလုပ်ရဲမကိုင်ရဲဖြစ်ကာ စောင့်ကြည့်နေချိန်တွင် မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အားတက်သရော ရှိနေခြင်းမှာ တစ်မျိုးတစ်ဖုံ ဝမ်းသာရမည့်ကိစ္စဟု ဆိုရမည်ထင်သည်။ သို့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍအတွက် ကြီးမားသော အဟန့်အတားများသဖွယ် ဖြစ်နေသည့် လျှပ်စစ်စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားဥပဒေရေးရာ ကိစ္စများမှာ ရတက်မအေးနိုင်စရာ အဆင့်တွင်ပင် ရှိနေပါသေးသည်။ အဆိုပါ ပြဿနာများအနက် လျှပ်စစ်စွမ်းအင်ကိစ္စမှာ ၂၀၁၁ ခုနှစ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ စတင် ဖိတ်ခေါ်ခဲ့ကာ ကမ္ဘာကျော်စီးပွားရေး လုပ်ငန်းကြီးများနှင့် ကုမ္ပဏီအချို့ ဝင်ရောက်လာသည့် အချိန်ကတည်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအကြား သောကများစရာ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ အမှန်တကယ် စိတ်ဝင်စား၍ မြန်မာပြည်သို့ ရောက်လာခဲ့ကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အဓိက ထောက်ပြခဲ့ကြသည်မှာလည်း ရှိသင့်ရှိထိုက်သည့် အခြေခံ အဆောက်အဦများ၊ အထူးသဖြင့် မှီခိုအားထားလောက်သော လျှပ်စစ်စွမ်းအင် မရရှိမှုပင်ဖြစ်ခဲ့ပါသည်။

ကုန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ကျော်ခန့်က မြန်မာ့စီးပွားရေးသည် ဂျက်လေယာဉ်တစ်စီးကဲ့သို့ လေယာဉ်ပြေးလမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပျံတက်ရန်သာ ရှိတော့သည်ဟူ၍ အစိုးရ ထိပ်တန်းအရာရှိကြီး တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ရာ စီးပွားရေး ပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား ပွက်လောညံသွားခဲ့သည်။ ၎င်းပြောသည့်အတိုင်း အမှန်တကယ် ပျံတက်နိုင်ပါမည်လော၊ မည်သည့်အချိန်တွင် ပျံတက်မည်လော စသည့်မေးခွန်းများကိုမူ မည်သည့် စီးပွားရေး ပညာရှင်ကမျှ တိတိပပ ခန့်မှန်းနိုင်ခြင်း မရှိသေးသလို မှတ်ချက်ပေးရန်လည်း မဝံ့မရဲဖြစ်လျက် ရှိသည်ကိုသတိပြုမိပါသည်။ အကြောင်းမှာ မရှိမဖြစ် လိုအပ်နေသည့် အခြေခံ အဆောက်အဦများ အဆင်သင့် မဖြစ်သေးဘဲ တစ်ရှိန်ထိုးတက်မည်ဟူသောကိစ္စမှာ “ဝ” မရှိဘဲ “ဝိ”လုပ်မိသည့်သဘောမျိုး ဖြစ်နေသောကြောင့်ပင်။ ရန်ကုန်မြို့တော်ဝန်က မြေအောက်မြို့တော် တစ်ခုဖန်တီးမည်ဟု ဆိုခဲ့သည့်ကိစ္စတွင်လည်း အမှန်တကယ်တော့ လျှပ်စစ်မီးရမှသာ လုပ်မည့်သဘောကို ဆိုလိုသွားခြင်းဖြစ်သည်ကို စာဖတ်သူများ မှတ်မိပါလိမ့်ဦးမည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သာမက မြန်မာ့စီးပွားရေးအတွက် အခရာ ကျသည့်နေရာ တစ်ခုဖြစ်သော ရန်ကုန်ကဲ့သို့ မြို့ကြီးတစ်မြို့၌ပင် လျှပ်စစ်စွမ်းအင်ကို လုံလောက်စွာ မရရှိခြင်း၊ အခြား အခြေခံအဆောက်အဦများ နိမ့်ကျလျက်ပင်ရှိနေခြင်းတို့က မြန်မာကို မည်မျှပင် မျက်စိကျသည်ဖြစ်စေ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ လက်တွေ့ကျကျ လာရောက် ရင်းနှီးမြှုပ်နှံမှု မပြုရဲအောင် ဖန်တီးပေးနေသကဲ့သို့ဖြစ်နေပါသည်။ မြန်မာ့စီးပွားရေး တိုးတက်အောင် အကူအညီပေးလျက်ရှိသည့် နိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ရန် အမှန်တကယ် စိတ်ဝင်စားသည့် ဂျပန်နိုင်ငံရှိ ဂျပန်ကုန်သည်ကြီးများ အသင်း၌ အဖွဲ့ဝင်လုပ်ငန်းကြီး ၁၂၀ ရှိရာ အဘယ့်ကြောင့် မြန်မာ၌ လက်တွေ့ကျကျ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းစုစုပေါင်း ၁၀ ခုကျော်သည်အထိ မရှိသေးသနည်းဟု မေးလျှင် ယင်းအခြေခံ အဆောက်အဦ ပြဿနာကိုသာ လက်ညှိုး ထိုးရမည်ဖြစ်ပေသည်။ အတိုချုံးပြောရလျှင် မြန်မာ့စီးပွားရေး အမှန်တကယ် မိုးပေါ် ပျံတက်လိုသည်၊ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက် လိုသည်ဆိုပါက မြန်မာပြည်သို့ လာရောက် လေ့လာဖူးသော နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များအကြား ပြောစရာဖြစ်ခဲ့သည့်ကိစ္စမျိုး ထပ်မဖြစ်အောင် အခြေခံ အဆောက်အဦကောင်းများအား အလုပ်ဖြင့် သက်သေထူပြရန်သာ ကျန်သည်ဟု တိုက်တွန်းလိုက်ရပါသည်။ သူတို့ပြောသည့်စကားအရ သူတို့သည် “NATO” မျှသာ ဖြစ်သည်၊ NATO ဟူသည်မှာ “No Action, Talk Only” ဟူ၍ပင်။ ထို့ပြင် သူတို့သည် “Look, Listen, Learn and Leave” ဟူသည် အင်္ဂလိပ်အက္ခရာ “L” လေးလုံးအတိုင်း လုပ်နေကြရသည်ဟုလည်း ဆိုသည်။ “လာ၍ကြည့်၊ ကြည့်ပြီးလေ့လာ၊ ပြီးတော့ ပြန်သွား”ဟုပင် ဆိုရပေမည်။ 

အယ်ဒီတာ (၂၉-၆-၂၀၁၇)


  • VIA