News

POST TYPE

EDITORIAL

စနစ်တကျ ဖြေရှင်းမှဖြစ်မည့် ကျူးပြဿနာ (Daily, Vol-5/No-67)
29-Jun-2017
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများထဲတွင် ကျူးကျော်ကိစ္စလည်း ရှေ့ဆုံးမှ ပါဝင်နေပြီး ယင်းပြဿနာကို ဖြေရှင်းရာ၌ ပြီးစလွယ်သဘော၊ တစ်မျိုးပြောရလျှင် ရေတိုကုထုံးဖြင့် မည်သို့မျှ ဖြေရှင်း၍ရမည် မဟုတ်ပေ။ မကြာသေးခင်က လှည်းကူးမြို့နယ်တွင် ကျူးကျော် နေအိမ်များကို အင်အားသုံး၍ ဖယ်ရှားခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ဝရုန်းသုန်းကား အခြေအနေကိုကြည့်လျှင် အပ်နှင့်ထွင်းကာ ကုစားရမည့်အချိန်ကို ကျော်လွန်ခဲ့ခြင်းကြောင့် ပုဆိန်ဖြင့် ထွင်းယူရသည့် အနေအထားမျိုးထဲသို့ ရောက်ရှိသွားသည်မှာ ရှင်းလွန်းလှပါသည်။ ထို့ပြင် တစ်ဖက်တွင် ကျေးရွာနာမည်များ တပ်၊ ရုံးခန်းများ ဖွင့်လှစ်ကာ အတည်ပေါက်ဖြင့် မြေကွက်များကို အကွက်ရိုက် ရောင်းချခဲ့သော ကျေးရွာအာဏာပိုင် ဥက္ကဋ္ဌဆိုသူများ၏ အရေးကိစ္စကိုကြည့်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးတွင်း တရားဥပဒေစိုးမိုးမှု လွန်စွာ အားနည်းလျက်ရှိသည့်အချက်ကို ဖော်ပြရာ ရောက်ပေသည်။ ထို့အတူ မြန်မာနိုင်ငံနေရာအနှံ့တွင် အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်း နည်းပါးခြင်းကြောင့် ရန်ကုန်ရှိရာသို့ လာရောက် အခြေချသူဦးရေ၊ တစ်နည်းအားဖြင့် ပြည်တွင်း၌ပင် ရွှေ့ပြောင်း အခြေချမှု (Internal Migration) နှုန်း တိုးမြင့်လာမှုအပေါ် တိုင်းဒေသကြီး အစိုးရ အပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအနေနှင့် စနစ်တကျ စီမံခန့်ခွဲပေးနိုင်မည့် အစီအစဉ်တစ်ရပ် ရေးဆွဲရန် လိုအပ်ချက်ကိုလည်း မီးမောင်း ထိုးပြလိုက်ရာ ရောက်ပေသည်။ 

ကျူးပြဿနာဟုဆိုသော ကျူးကျော် နေထိုင်သူများ အရေးကိစ္စတွင် နေထိုင်စရာမရှိ၍ အမှန်တကယ် နေထိုင်သူ ကျူးနှင့် ပွဲကောင်းမည်ကိုသိထား၍ ဝင်ရောက် ဖျာခင်းသော ဝိသမကျူးဟူ၍ နှစ်မျိုးနှစ်စားရှိသည်ကို တွေ့ရပါသည်။ ကျူးအစစ်ဖြစ်သူများမှာ မိမိတတ်နိုင်သည့် ငွေပမာဏနှင့် လက်လှမ်းမီသည့် အနေအထားတွင်ရှိကာ အစစ်အမှန် နေထိုင်ခွင့်ရမည်ဟူသော အထင်ဖြင့် မသိ နားမလည်စွာ ဝယ်ယူခဲ့သူများဖြစ်ပြီး စီးပွားဖြစ်၊ ဝိသမကျူးများမှာမူ အတိုင်းအတာတစ်ခုအထိ အာဏာရှိသူ၊ လုပ်ပိုင်ခွင့် ရထားသူနှင့် ငွေကြေး အရင်းအနှီးဖြင့် အမြတ်ရှာလိုသူများသာ ဖြစ်ကြသည်။ ယခု လှည်းကူးကိစ္စ၌ ယုံကြည်ထိုက်သည့် ရပ်ကွက်လူကြီး ပုံစံမျိုး ဖမ်းရုံမျှမက သက်သေခံ စာအုပ်များဖြင့်ပါ လက်ညှိုးထိုး ရောင်းချသွားသူများ  ဇာတ်ခေါင်းကွဲတော့မည့်အချိန်တွင် အလျှိုလျှို ပျောက်သွားပုံကိုကြည့်လျှင် ၎င်းတို့သည် နဂိုကတည်းက ဆိုင်ရာအသိုင်းအဝိုင်းနှင့် ပိပိရိရိ လုပ်ကိုင်စားသောက်တတ်သူများ ဖြစ်သည်ကို သိနိုင်ပေသည်။ ဆိုင်ရာ အသိုင်းအဝိုင်းမပါဘဲ ယခုလို လက်ညှိုးထိုး၊ အကွက်ရိုက် ရောင်းချမည့်ကိစ္စကို သာမန် ပြည်သူများ အနေနှင့် မည်သို့မျှပင် စိတ်ကူးဝံ့မည်မဟုတ်ပေ။ အမှန်တွင် ကျူးကျော်ကိစ္စဟူသည် ယခင်ခေတ်ကာလများကတည်းက ရှိခဲ့သော ပြဿနာ တစ်ရပ်ဖြစ်သော်လည်း ယခုလှည်းကူးပြဿနာ၌ ရုပ်ပျက်ဆင်းပျက် သဘောမျိုး ဖြစ်သွားရခြင်းမှာ ယခင်ခေတ်ကာလက ဝိသမကျူးများ မရှိသလောက် နည်းပါးခဲ့ပြီး အမှန်တကယ် ကျူးများသာရှိခဲ့ခြင်း၊ အခြေတကျ ဖြစ်နေသည့် နေအိမ်များကို မိုးတွင်းကာလထဲတွင် အင်အားသုံး ဖျက်ဆီးကာ ဖယ်ရှားခြင်းတို့ကြောင့်ပင်ဖြစ်သည်ဟု ကောက်ချက်ချ၍ရနိုင်ပါသည်။ 

အစိုးရအနေနှင့် ယင်း၏ပိုင်မြေဖြစ်သည့်အတွက် ဥပဒေအရကို ဖယ်ရှားပိုင်ခွင့်ရှိသည်မှာ မှန်သော်လည်း တစ်ဖက်တွင် အစိုးရဟူသည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည်မှာလည်း မည်သို့မျှ ငြင်း၍မရပေ။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ဦးတည်ချက်ကြောင့် ယခုလို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရပါသည်ဟု မည်သို့ပင် ဖြေရှင်းချက်ပေးသည်ဖြစ်စေ အများအမြင်၊ မီဒီယာအသီးသီး၌ အင်အား အလုံးအရင်း သုံး၍ ဖယ်ရှားသည်ဟူသောကိစ္စမှာ နိုင်ငံရေးစကားဖြင့် ပြောရမည်ဆိုပါက အစိုးရအတွက် အမှတ်လျော့မည့်ကိစ္စဖြစ်သည်ကို အထူး သတိချပ်သင့်ပေသည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တစ်နှစ်တာ ဆောင်ရွက်မှု မှတ်တမ်းများအရ ကျူးကျော်ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဘဏ်တွင် ကျပ်ငွေ ၆၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်ဟု သိရှိရသလို ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ကျူးကျော်များကို စနစ်တကျ ပြန်လည်နေရာချမည့်ကိစ္စအပေါ် လွန်စွာ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုထားရာ ယခုလှည်းကူးကိစ္စတွင် ဒုက္ခပင်လယ်ဝေခဲ့ရသည့် ကျူးအစစ်များ၏ ပူဆွေးသောကကို စနစ်တကျ ဖြေသိမ့်ပေးကာ တစ်ဖက်တွင် လျော့သွားသည့် အမှတ်များကိုလည်း ပြန်တက်လာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟုသာ မျှော်လင့်မိကြောင်း ဖော်ပြလိုက်ပါသည်။ 

အယ်ဒီတာ (၂၈-၆-၂၀၁၇)


  • VIA