News

POST TYPE

EDITORIAL

အားလုံးအတွက် အရေးကြီးသည့် Presentation ကိစ္စ (Daily, Vol-5/No-66)
27-Jun-2017
ပုဂံဒေသကို နောက်ခံကျောရိုးအဖြစ် ထားရှိကာ ရိုက်ကူးထားပြီး နာမည်ကျော် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သော ဒိုင်ယာလော့ခ် အသုံးအနှုန်းများ၊ ရိုက်ကူး တင်ဆက်မှုများနှင့် ဇာတ်လမ်းသဘောတရားများသည် အဆိုပါဒေသ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသောကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ရာ နောက်ဆုံးတွင် ရုပ်ရှင်အစည်းအရုံး ကိုယ်တိုင် ပုဂံဒေသခံများနှင့် ထုတ်လုပ်သူ၊ ဒါရိုက်တာတို့အကြား ကြားဝင်စေ့စပ် ညှိနှိုင်းပေးရသည်အထိ ဖြစ်လာခဲ့သည်ကို စာဖတ်သူများ သိရှိထားပြီး ဖြစ်ပါလိမ့်မည်။ ဒေသခံများဘက်က ဇာတ်ကားကြောင့် ၎င်းတို့ ပုဂံဒေသနှင့်ပတ်သက်၍ ထိခိုက်ကျဆင်း သွားရသော ဂုဏ်သိက္ခာပိုင်းအတွက် အချက်များ ထုတ်ကာ တောင်းဆိုထားပြီး ရုပ်ရှင် အစည်းအရုံးက ဘက်နှစ်ဖက်ကြားမှနေကာ ညှိနှိုင်းပေးနေခြင်း ဖြစ်သည်။ မြန်မာတို့သမိုင်းကြောင်းအတွက် လွန်စွာ အရေးပါသော ပုဂံဒေသ၏ဂုဏ်သိက္ခာ ကာကွယ်ရေးနှင့် ရုပ်ရှင်အနုပညာများ လွတ်လပ်စွာ ဖန်တီးနိုင်ရေးဟူသော ဘက်နှစ်ဖက်အကြားက ထိပ်တိုက်ပဋိပက္ခတစ်ရပ်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ 

ယခုပြောချင်သည်မှာ အဆိုပါဇာတ်ကားနှင့် ပတ်သက်သော အမှန်၊ အမှား ကိစ္စမဟုတ်ပေ။ Art of Presentation ဟူသော တင်ဆက်ပုံ အနုပညာနှင့် National Identity ဟုခေါ်သော အမျိုးသားရေး အမှတ်လက္ခဏာများ ကိစ္စပင်ဖြစ်ပါသည်။ သိကြသည့်အတိုင်း ယနေ့ခေတ်အခါသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ဟူသည့် ဒီမိုကရေစီနှင့် ပတ်သက်သော စံနှုန်းများ ရှေ့တန်း ရောက်လာသလို တစ်ဖက်တွင် ဂလိုဘယ်လိုက်ဇေးရှင်း ဟူသည့် သဘောတရားက ယဉ်ကျေးမှုများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိအောင် တွန်းအားပေးလျက်ရှိသည့် ခေတ်ကာလပင်ဖြစ်သည်။ သို့အတွက်ကြောင့် တိုးမိ၊ တိုက်မိလာသော ယဉ်ကျေးမှုများနှင့် ဓလေ့စရိုက်များအကြား ရှိရင်းစွဲ National Identity များ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေးမှာလည်း ယခင်ခေတ်ကာလကထက် ပို၍အရေးပါလာသည်ကို မနုဿဗေဒပညာရှင်များက အထူး သတိပေးလျက်ရှိပေသည်။ ယဉ်ကျေးမှုများ ဒွေးရောယှက်တင်ဖြစ်လာခြင်းက ပြဿနာတစ်ရပ် မဟုတ်တော့ဘဲ National Identity များ မကွယ်ပျောက်သွားအောင် မည်သို့မည်ပုံ လုပ်ဆောင်ကြမည်နည်း ဟူသောကိစ္စက ပြဿနာတစ်ရပ် ဖြစ်လာသည့် သဘောကိုဆိုလိုပေသည်။ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးစုမြောက်မြားစွာနှင့် ယဉ်ကျေးမှု ပဒေသာစုံ ရှိနေသည့် မြန်မာနိုင်ငံအတွက်မူ အဆိုပါကိစ္စမှာ ပို၍ပင် အရေးကြီးသည်ဟု ဆိုရပါမည်။ 

တစ်ချိန်က စာပေဖန်တီးမှုဖြစ်စေ၊ အနုပညာ ဖန်တီးမှုဖြစ်စေ ဆင်ဆာ တည်းဖြတ်မှုအောက်၌ရှိခဲ့ရာမှ ယခုအခါအတော့်ကို လွတ်လပ်ပွင့်လင်းလာပြီ ဖြစ်သည့် အခြေအနေသည် ဝမ်းပန်းတသာ ဖြစ်ရမည့်ကိစ္စ ဖြစ်သော်လည်း တစ်ဖက်တွင် ဖန်တီးသူများအနေနှင့် ကြီးမားသည့်တာဝန် ရှိလာပြီဖြစ်သလို ပွတ်တိုက်မှုကင်းကာ သပ်ရပ်လှပသည့် တင်ဆက်မှု ဖြစ်ပေါ်စေရေးအတွက် လွန်စွာ စာဖတ်နာထားရန်လည်း လိုအပ်လျက်ရှိသည်ကို အထူး သတိပြုရတော့မည်ဖြစ်သည်။ များပြားလှသည့် တိုင်းရင်းသား လူမျိုးများအကြား မြေနိမ့်ရာ လှံစိုက် သဘောမျိုး ဖြစ်စေမည့် တင်ဆက်ပုံမျိုးကို သတိချပ်ရမည်ဖြစ်သလို ဒေသတစ်ခုနှင့်တစ်ခုအကြား တူညီသည့် ဘာသာစကား ပြောဆိုနေသည့်တိုင် အဓိပ္ပာယ် ကောက်ယူမှု ကွဲပြားခြားနားပုံ၊ တစ်နည်းအားဖြင့် ဒေသအလိုက် အသုံးအနှုန်း၊ အခေါ်အဝေါ် ကွဲပြားပုံကအစ ကောင်းစွာ သိရှိထားရမည်ဖြစ်ပေသည်။ ဥပမာ-အညာဒေသ၊ အထူးသဖြင့် မန္တလေးဘက်တွင် တစ်ဦးနှင့် တစ်ဦး ပြောဆိုရာ၌ “ခင်ဗျားနှင့် ကျွန်တော်”ဟူသော နာမ်စားသုံးနှုန်းလေ့ ရှိသော်လည်း ရှမ်းပြည်ဘက်တွင်(အထူးသဖြင့် ရှမ်းတောင်ပိုင်း) ယင်းအသုံးအနှုန်းသည် လွန်စွာ ရိုင်းပျသည့်အသုံးမျိုး ဖြစ်နေခြင်းပင်။ ကွယ်လွန်သူ စိုင်းထီးဆိုင် သီဆိုခဲ့သည့် “မန္တလေးရောက် ရှမ်းတစ်ယောက်”သီချင်းကိုနားဆင်ဖူးသူတိုင်း နားလည် သဘောပေါက်လိမ့်မည်ဖြစ်ပေသည်။ စာရေးဆရာ လုပ်သည်ဖြစ်စေ၊ သတင်းစာဆရာ လုပ်သည်ဖြစ်စေ၊ သီချင်းရေးသည်ဖြစ်စေ၊  အခြားအနုပညာ တစ်ခုခုကို ဖန်တီးသည်ဖြစ်စေ မိမိ၏ အလုပ်၊ တစ်နည်းအားဖြင့် Product သည် မိမိ၏ စွမ်းဆောင်ရည်ကို ဖော်ကျူးသော Presentation တစ်ရပ်ဖြစ်ပေရာ မိမိအခွင့်အရေးလည်း မထိခိုက် တစ်ပါးသူ၏ အခွင့်အရေးလည်း မပွန်းပဲ့စေသော Presentation မျိုး ဖန်တီးနိုင်ရေးသည် မြန်မာ့လူ့ဘောင်အတွက် အသင့်လျော်ဆုံးဖြစ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၂၇-၆-၂၀၁၇)


  • VIA