News

POST TYPE

EDITORIAL

သုခမြို့တော်အတွက် နောက်ဖေးလမ်းကြား စိတ်ဓာတ် (Daily, Vol-5/No-65)
27-Jun-2017
ဒီမိုကရေစီအစိုးရသစ် အာဏာရရှိလာပြီးနောက် ရန်ကုန်မြို့အတွက် သိသာထင်ရှားသော အပြောင်းအလဲကောင်း တစ်ခုကို ပြောပါဟုဆိုပါက နောက်ဖေးလမ်းကြား အမှိုက်မပစ်ရေး စီမံချက်ကိုပင် ပြရလိမ့်မည်ဟု ထင်ပါသည်။ အဆိုပါ စီမံချက်က ရန်ကုန်တစ်မြို့လုံး အတိုင်းအတာအထိ ထိရောက်သော ပြောင်းလဲမှုများကို လတ်တလော မဆောင်ကြဉ်းပေးနိုင်သည့်တိုင် စီမံချက် ကနဦးအစပိုင်းတွင်ပင် မြို့လယ်ကောင် ဧရိယာတွင်ရှိသော လမ်းအချို့တွင် မထင်မှတ်ထားလောက်အောင်ပင် ပြောင်းလဲသွားသည်ဟု ဆိုရပါမည်။ ယခင်အမှိုက်များ၊ မြေကြွက်များဖြင့် မြင်မကောင်းအောင် ညစ်ပေနေခဲ့သော အဆိုပါ နောက်ဖေးလမ်းများမှာ ယခုအခါ ကလေးကစားကွင်း၊ စာကြည့်တိုက်၊ ကာယလေ့ကျင့်ရာနေရာ စသည်တို့ဖြင့် သာသာယာယာ ဖြစ်လာပါတော့မည်။ မကြာသေးခင် ရက်ပိုင်းကဆိုလျှင် ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်နှင့် ပန်းချီဆရာများက ၃၁ လမ်းနှင့် ၃၂ လမ်းတို့တွင် ပန်းချီများ ရေးဆွဲပြီး နောက်ဖေးလမ်းကြား ဥယျာဉ် လှုပ်ရှားမှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်ကိုလည်း တွေ့ရပါသည်။ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်တိုးရစ်များ အထူး စိတ်ဝင်စားသည့်မြို့တစ်မြို့လည်းဖြစ်၊ အဖိုးတန်ရှေးဟောင်း အဆောက်အအုံများနှင့် အထင်ကရ နေရာများလည်း ရှိသည့် မြို့တော်ဟောင်း ရန်ကုန်မှာ နှစ်အတန်ကြာ ညစ်ပတ်ပေရေသည့် နောက်ဖေး လမ်းကြားများကြောင့် ရုပ်ဆိုး အကျည်းတန်ခဲ့ရာမှ ယခုလို သန့်ရှင်းသပ်ရပ်သည့် အနေအထားသို့ ပြန်လည် ရောက်ရှိမည့် ခြေလှမ်းများကို တွေ့ရသည်မှာ ရန်ကုန်နေပြည်သူများအတွက် ဝမ်းသာစရာကိစ္စပင် ဖြစ်ပေသည်။

နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့အတွက် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ခေတ်မီသော အဆောက်အအုံကြီးများ၊ မိုးပျံနှင့် မြေအောက်ရထားများ မရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည်ဟု ဆို၍ရသော်လည်း “သန့်ရှင်းသပ်ရပ်မှု”ချင်း ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံကြီးသားနှင့် မြို့ကြီးသား ပီသသူဦးရေ မည်မျှ ရှိသနည်းဟူသည်နှင့်သာ သက်ဆိုင်ပါလိမ့်မည်။ ရန်ကုန်မြို့ရှိ ရပ်ကွက်အသီးသီးရှိ နောက်ဖေးလမ်းများ သာမက လမ်းဘေးပလက်ဖောင်းများပေါ်၌ ယနေ့အချိန်အထိ မြင်၍ပင် မကောင်းလောက်အောင် ပိုးစိုးပက်စက် စွန့်ပစ်ထားကြသည့် အမှိုက်ကိစ္စမှာ စစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစသည့် သတ်မှတ်ချက်တို့နှင့် သက်ဆိုင်ခြင်းမရှိသလို နိုင်ငံရေး အပြောင်းအလဲနှင့်လည်း သက်ဆိုင်မှုမရှိဘဲ နိုင်ငံကြီးသား၊ မြို့ကြီးသား ပီသသည့်စိတ်ဓာတ်၊ မိမိနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို တန်ဖိုးထား ချစ်မြတ်နိုးသည့်စိတ်ဓာတ်ရှိသူ အနည်းအများပေါ်တွင်သာ မူတည်မည်ဟု ဆိုရပါမည်။ သို့သော် အများမိုးခါးရေ သောက်၍ လိုက်သောက်ရသည့် သဘောမျိုးဖြင့် အများပစ်၍ မိမိလည်း အမှိုက်လိုက်ပစ်သည် ဟူသော သဘောမျိုး ကြီးစိုးနေခဲ့မည်ဆိုပါက ယင်းသဘောတရားမျိုးကိစ္စ ပြတ်သွားအောင် ယခုလို နောက်ဖေးလမ်းကြား စီမံချက်ကဲ့သို့သော အခြား စီမံချက်ပေါင်း များစွာ လိုအပ်နေသေးသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့သူမြို့သားများ အားလုံး နားလည် သဘောပေါက်ကြရမည်ဖြစ်ပေသည်။ 

ယခင် နှစ်ပေါင်း ၂၀ ကျော်ကာလ၊ “ရပ်ကွက် သန့်ရှင်းရေး စနေနေ့တိုင်း လုပ်အားပေး”ဟူသည့် ဆိုင်းဘုတ်များ ရပ်ကွက်တိုင်းတွင် တွေ့မြင်ရကာ စနေနေ့တိုင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများ စုပေါင်း သန့်ရှင်းရေး လုပ်ခဲ့ကြစဉ်က ရန်ကုန်တွင် ယခုလောက် ဆိုးရွားသည့် ရေကြီးရေလျှံမှုများ ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့သည်ကို ရန်ကုန်နေပြည်သူများ သတိပြုမှတ်မိလိမ့်မည်ဟု ထင်ပါသည်။ မည်သည့် အကြောင်းအရင်းကြောင့် အဆိုပါ စနေနေ့တိုင်း လုပ်အားပေးသည့်ကိစ္စ ကွယ်ပျောက်ခဲ့ရသည်ကို မသိသော်လည်း ရပ်ကွက်သူရပ်ကွက်သားများ စုစုစည်းစည်းဖြင့် နောက်ဖေးလမ်းကြား သာမက အိမ်ရှေ့လမ်းမများပေါ်မကျန် သန့်ရှင်းရေး လုပ်ကြသည့် အလေ့အထမျိုး ပြန်လည် ပေါ်ပေါက်ချိန် ရောက်ပြီဟုလည်း ထင်မြင်မိပါသည်။ အကြောင်းမှာ ရန်ကုန်မြို့ လူဦးရေ၊ ထွက်ရှိသည့် အမှိုက်ပမာဏနှင့် ယင်းအမှိုက်များကို လိုက်လံသိမ်းဆည်းပေးသူဦးရေ အချိုးအစားမှာ မည်သို့မျှ မညီမျှသည်ကို မေးစရာပင် မလိုတော့သောကြောင့်ဖြစ်ပေသည်။ ပြောလိုသည်မှာ သန့်ရှင်းသာယာလှပသည့် မြို့တစ်မြို့၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်သောမြို့ (တစ်နည်းအားဖြင့် မြို့ကြီးသားများ နေထိုင်သည့်မြို့) ဟူသည် ကူးစက်ရောဂါများ ပေါက်ဖွားခွင့် မရလောက်အောင် သန့်ရှင်းသပ်ရပ်လှသည့် နောက်ဖေးလမ်းကြားများနှင့် အများသုံး အိမ်သာများဖြင့် ပြည့်နှက်နေသော မြို့ကိုသာ အခြေခံကျကျ ဆိုလိုခြင်းဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။ 

အယ်ဒီတာ (၂၆-၆-၂၀၁၇)


  • VIA