News

POST TYPE

EDITORIAL

ခပ်ကင်းကင်းနေ၍ မဖြစ်နိုင်သူများ (Daily, Vol-5/No-64)
25-Jun-2017
The Voice Daily သတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေနှင့် သရော်စာ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ကို တပ်မတော်ဘက်က တရားစွဲဆိုမှု ပေါ်ပေါက်ခဲ့ပြီးနောက် The Voice နှင့် Living Color မီဒီယာကို ခင်မင်ရင်းနှီးသော မိတ်ဆွေများနှင့် စာဖတ်ပရိသတ် အချို့က သတင်းစာတိုက်ရှိရာသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ တယ်လီဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ်၍သော်လည်းကောင်း သတင်း မေးမြန်းကြသလို အားပေးစကားများလည်း ပြောဆိုခဲ့ကြပါသည်။ ထိုသို့ အားပေးစကားပြောသူများထဲတွင် အချို့က ရှေ့လျှောက် တပ်မတော်နှင့်ပတ်သက်၍ ဝေဖန်ရေးသားခြင်းမျိုး မပြုလုပ်ရန် သတိပေးကြပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတစ်ရပ် မည်သို့ပင် ပေါ်ပေါက်နေစေကာမူ တပ်မတော်သည်သာ အာဏာအရှိဆုံး အင်စတီကျူးရှင်းကြီး ဖြစ်နေခြင်းကြောင့် ယင်းကို မတို့မထိဘဲနေခြင်းသည်သာ အန္တရာယ် အကင်းဆုံးဖြစ်လိမ့်မည်ဟု ၎င်းတို့က ထောက်ပြ သတိပေးကြခြင်းဖြစ်သည်။ The Voice အပေါ် စေတနာဖြင့် ထိုသို့ သတိပေး စကားနှင့် အားပေးစကား အသီးသီး ပြောဆိုကြသူများ အားလုံးကို အထူးပင် ကျေးဇူးဥပကာရတင်ရှိကြောင်းနှင့် မိတ်ဆွေအချို့၏ စိုးရိမ်စိတ်ကို ကောင်းစွာ စာနာ နားလည်သဘောပေါက်ကြောင်း ဦးစွာ ပြောလိုပါသည်။

နှစ်ပေါင်းများစွာ ကြာအောင် စစ်ဘက်အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သော အချိန်ကာလတုန်းက တပ်မတော်နှင့် အမှုရင်ဆိုင်ရသည်ဟူသော ကိစ္စ မဆိုထားနှင့်၊ စစ်ဘက်အရာရှိကြီးတစ်ဦး၏ သား၊ သမီးဖြစ်သူများနှင့်ပင် ခွန်းကြီးခွန်းငယ် စကားမပြောလိုကြသည်ကို စာဖတ်သူ မြန်မာနိုင်ငံသားများ အားလုံးကောင်းစွာ နားလည် သဘောပေါက်ခဲ့ကြလိမ့်မည်ဟု ထင်ပါသည်။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးတွင် ပါဝင်ခဲ့သော လက်နက်ကိုင် အုပ်စုများမှလွဲ၍ တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်လိုသူဟူသည်မှာ မရှိသလောက်ပင် ဖြစ်ခဲ့သည် မဟုတ်ပါလော။ အဆိုပါ ကာလများအတွင်း အလုံးစုံသော အာဏာကို ထိန်းချုပ်ထားနိုင်ခဲ့သည့် တပ်မတော်သည် နိုင်ငံရေး သိပ္ပံဝေါဟာရအရဆိုပါက Indestructible Leviathan in the History of Myanmar ဟုသုံးနှုန်းနိုင်ပါလိမ့်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် ရှေးတုန်းကလည်း ပါခဲ့သည်၊ ယခုလည်း ပါနေသည်၊ နောင်လည်း ဆက်ပါနေဦးမည့် ဧရာမအင်စတီကျူးရှင်းကြီး တစ်ခုဟုဆို၍ရမည် ထင်ပါသည်။ မြန်မာ့နိုင်ငံရေးတွင် ကကြိုးအမျိုးစုံဖြင့် ကပြခဲ့သည့် အဆိုပါ အင်စတီကျူးရှင်းကြီး၏ အကောင်းဆုံး ကကွက်ကို ပြောပါဟုဆိုလျှင် အငြင်းပွားဖွယ် ၂၀ဝ၈ အခြေခံဥပဒေ ကိစ္စမည်သို့ပင် ရှိနေစေခဲ့သော်ငြား ဒီမိုကရေစီ အင်အားစုများ လွှတ်တော်နှင့် အစိုးရအဖွဲ့တွင်းသို့ ရောက်ရှိလာအောင်နိုင် လမ်းဖွင့်ပေးခဲ့သည့်ကိစ္စဟုပင် ဆိုရပါမည်။ နောင်လာမည့် မျိုးဆက်သစ်များ သမိုင်းရေးကြရာ၌ ဤလမ်း၊ ဤ အုတ်မြစ်ကို ချပေးခဲ့သူများ စာရင်း ရေးမည်ဆိုပါက ယင်း၏ အမည်နာမကို ထည့်သွင်းကြမည်ဖြစ်သလို အကောင်း၊ အဆိုးတို့ကိုလည်း ဝေဖန်ဆန်းစစ်ကြမည်သာပင် ဖြစ်ပါသည်။ 

မည်သည့်နိုင်ငံတွင်မဆို အထက်တွင်ဖော်ပြခဲ့သည့် Leviathan ကဲ့သို့ ဧရာမအာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်သူအကြား ထိတွေ့ ဆက်ဆံမှုကိစ္စကို သတင်းမီဒီယာများက တာဝန်ယူမှု ပြည့်ဝစွာဖြင့် ရယူကြသည်မှာ အားလုံး အသိပင်ဖြစ်သည်။ အာဏာပိုင် အဖွဲ့အစည်းနှင့် ကင်းအောင်နေ၍ရသည့် သတင်းစာ ဟူသည်မရှိသလို သတင်းစာများနှင့် ကင်းအောင်နေသည့် အာဏာပိုင် အဖွဲ့အစည်းဟူသည်မှာလည်း မရှိပေ။ ထို့အတူ ပြည်သူနှင့် ကင်းအောင်နေသည့် သတင်းစာမရှိသလို အာဏာပိုင် အဖွဲ့အစည်းနှင့် ကင်းအောင်နေသည့် ပြည်သူဟူသည်လည်း မည်သို့မျှမရှိနိုင်ပေ။ အကြောင်းမှာ မိဘပြည်သူဟူသည် မီဒီယာနှင့် အာဏာပိုင် အဖွဲ့အစည်း မဟုတ်သော်လည်း အာဏာပိုင် အဖွဲ့အစည်းနှင့် မီဒီယာတို့ဟူသည် မိဘပြည်သူများထဲမှ ပေါက်ဖွားလာသူများ ဖြစ်နေသောကြောင့်ပင်။ မတူညီသော တိုင်းရင်းသား လူမျိုးမြောက်မြားစွာဟူသည့် မိဘ ပြည်သူများ နေထိုင်သည့် မြန်မာနိုင်ငံတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ မိဘပြည်သူ-သတင်းစာ-အာဏာပိုင် အဖွဲ့အစည်းဟူသည် ရှေးယခင်က ရှိခဲ့သလို ယခုလည်းရှိနေကာ နောင်လည်း ဆက်ရှိနေဦးမည်သာပင်ဖြစ်သည်။ ၎င်းတို့အကြား မည်သူမျှ မကြုံချင်သော ပြဿနာများ၊ တစ်နည်းအားဖြင့် ပွတ်တိုက်မိမှုများမှာမူ အသွင်ကူးပြောင်းဆဲ မြန်မာ့ဒီမိုကရေစီ ရင့်ကျက်တည်ငြိမ်မှုရှိလေ (တစ်မျိုးဆိုပါက ဒီမိုကရေစီ အလေ့အကျင့်များနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိလေ) လျော့ပါးသွားလေသာ ဖြစ်ပါလိမ့်မည်ဟု ဆိုလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၂၅-၆-၂၀၁၇)


  • VIA