News

POST TYPE

EDITORIAL

ရှိန်လောက်သောသူ (Daily, Vol-5/No-63)
25-Jun-2017
ကမ္ဘာပြုမှု ဖြစ်စဉ်ကြောင့် ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာပြီး ကိုယ်ယှဉ်ပြိုင် ရင်ဆိုင်ကြုံတွေ့ရမယ့်သူတွေက ကိုယ့်အနီးအနားမှာ သာမက ကမ္ဘာအနှံ့က ဘယ်သူမဆို ဖြစ်လာနိုင်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် လူအများက ခံ့ညား လေးစားရတဲ့သူ တစ်နည်းပြောရရင် ရှိန်လောက်တဲ့သူ အဖြစ်တည်ဆောက်ထားနိုင်ရင် ကိုယ်အလိုရှိတာတွေ မလွဲမသေ ဖြစ်လာနိုင်မှာပါ။ ပြိုင်ဘက်တွေက ရှိန်လောက်တဲ့သူဆိုတာ သူမတူတဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ ခိုင်မာ ထက်သန်တဲ့ စွဲစွဲမြဲမြဲ အားစိုက် ထုတ်နိုင်မှုတွေကြောင့် သူနဲ့ရင်ဆိုင်ရသူတွေက ပြိုင်ဘက်ဖြစ်တာတောင် အဲဒီသူရဲ့ အရှိန်အဝါကို ခံ့ညားလေးစားတာ၊ သူတို့ယှဉ်ပြိုင် အနိုင်ရဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲမယ့်သူ ဆိုတာနဲ့ သူ့ကိုကျော်ဖြတ်နိုင်ဖို့ အတော်ကြီး ခက်ခက်ခဲခဲ လုပ်ရမယ်ဆိုတာ အလိုလို သိနေစေနိုင်တဲ့သူမျိုး ဖြစ်တယ်။ ရှိန်လောက်တဲ့သူ တစ်ယောက် (တစ်နည်း) အရည်အချင်း မြင့်မားတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ရလောက်တဲ့သူ တစ်ယောက်ဟာ သူ့ရဲ့အဲလို အရည်အသွေးတွေကြောင့် လူတွေရဲ့ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။ ဘယ်သူမှ မကြံဆမိသေးတဲ့ အိုင်ဒီယာအသစ်၊ တစ်ခါမှ မလုပ်ဖူးသေးတဲ့ လုပ်ပုံကိုင်ပုံ အသစ်တွေ၊ လမ်းကြောင်းအသစ်တွေကို သူချပြလိုက်တယ် ဆိုရင်တောင် လူတွေက သူ့ကို ထောက်ခံပူးပေါင်း လုပ်ဆောင်ကြမှာ ဖြစ်တယ်။ အဲဒါကြောင့် အဲလိုလူမျိုးအဖြစ် တည်ဆောက်ထားရင် ကိုယ်လိုချင်တာတွေ ဖြစ်မြောက်အောင်မြင်မယ်လို့ ဆိုလိုတာဖြစ်တယ်။ အဲဒီလို အရည်အသွေးတွေ ရှိနေတဲ့သူဖြစ်ဖို့ဆိုတာ လုပ်ရင်းကိုင်ရင်း မတော်တဆ ဖြစ်လာတာမျိုး မဟုတ်ဘဲ သေချာ တည်ဆောက်ထားမှရမှာပါ။ ဒီလိုဖြစ်ဖို့ အရိုးရှင်းဆုံး နည်းလမ်းကတော့ လက်ရုံးရည်၊ နှလုံးရည် ပြည့်ပြီး နှလုံးသား ကြီးမြတ်ခြင်းတွေက အခြေခံပါတယ်။ ဥပမာ - ကျောင်းသားတစ်ယောက် ဖြစ်မယ်ဆိုရင် စာပြိုင်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာ သူသိသမျှကို ခြွင်းချန်မထားဘဲ ပြောပြရှင်းပြပေးနိုင်တာ၊ ရှင်းပြပေးရဲတာ၊ လုပ်ငန်းခွင်နဲ့ စီးပွားရေး လုပ်ငန်းတွေမှာဆိုရင်လည်း လုပ်ငန်းတာဝန်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကျင့်ဝတ်လိုက်နာမှု၊ အကြံဉာဏ်သစ်တွေကိုသာ အားပြုပြီး မရိုးမသား လှည့်ကွက်တွေ မသုံးဘဲ အကောင်းဆုံးရလဒ်တွေကို ရအောင် ဆောင်ယူကြတာမျိုးတွေပါ။ တစ်နည်းပြောရရင် ရှိန်လောက်၊ ဖြုံလောက်တဲ့သူတွေဆိုတာ သူတို့ အလိုရှိတဲ့ ရလဒ်မျိုးကို တည်တည်ကြည်ကြည် နည်းလမ်းနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် အရယူနိုင်စွမ်းရှိတဲ့သူမျိုးတွေ ဖြစ်တယ်။ ပြောရင် ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ သူမျိုးတွေဖြစ်တယ်။ အဲဒီစွမ်းရည်ဟာ အထူးသဖြင့် ခေါင်းဆောင်တွေမှာ ရှိအပ်တဲ့ စွမ်းရည်တစ်မျိုးလည်း ဖြစ်တယ်။ အဲလို စွမ်းရည်မျိုးရှိတဲ့သူကို သူတို့ပြိုင်ဘက်တွေက ကြောက်ရွံ့ပြီး ရှိန်လောက်တဲ့ပြိုင်ဘက် (Formidable Opponent) အဖြစ်မြင်ကြလို့ သူတို့ဟာ ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့ ဘယ်သူကမဆို ယှဉ်ပြိုင်ချင်တဲ့ ရိုးသားတဲ့ပြိုင်ဘက်၊ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်တယ်။ တစ်နည်းပြောရရင် လေးစားဖို့ကောင်းတဲ့ ပြိုင်ဘက်ကောင်းတွေသာ ဖြစ်တယ်။ အဲလိုစွမ်းရည်မျိုးရှိအောင် မတည်ဆောက်နိုင်ဘဲ ပြိုင်ဘက်ကို တခြားနည်းနဲ့ ပြိုင်မယ်ဆိုတဲ့သူတွေဟာ အားနည်းတဲ့သူတွေသာ ဖြစ်တယ်။ မမှန်ကန်တဲ့ နည်းလမ်းတွေသုံးပြီး ယှဉ်ပြိုင်မယ်ဆိုရင် အနိုင်ကို ခဏတစ်ဖြုတ်တော့ရမှာ ဖြစ်ပေမယ့် သူတို့ဟာ ဂန္ထဝင်မမြောက်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူတွေ အဖြစ်သာရှိမှာ ဖြစ်တယ်။ အဲလိုရှိန်လောက်တဲ့သူတွေ ဖြစ်တာဟာ လူအများရဲ့ယုံကြည် ထောက်ခံမှုကို အရယူနိုင်စွမ်းရှိလို့ ခေါင်းဆောင်ကောင်းတွေဆိုတာ ကိုယ့်ကိုယ်ကိုယ်တွင်မက ကိုယ့်နောက်လိုက်တွေ၊ ကိုယ့်အဖွဲ့အစည်းက လူတွေကိုလည်း အဲလိုစွမ်းရည်တွေရှိအောင် လမ်းပြညွှန်ပြပေး သတိပေးနေကြရမှာ ဖြစ်တယ်။ ရှိန်လောက်တဲ့ခေါင်းဆောင်နဲ့ ရှိန်လောက်တဲ့ နောက်လိုက်တွေကို ပေါင်းစုဖွဲ့လိုက်နိုင်မယ်ဆိုရင် လူအများရဲ့ ယုံကြည်ခံ့ညားလေးစားမှုကို ရရှိမယ့် ရှိန်လောက်တဲ့ အင်အားစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေကို တည်ဆောက်နိုင်မှာဖြစ်တယ်။ အဲဒါကြောင့် အချုပ်ပြောမယ်ဆိုရင် ရှိန်လောက်တဲ့သူတွေကသာ ကိုယ်အလိုရှိတိုင်း ပြီးမြောက်အောင် ဆောင်ကြဉ်းပေးနိုင်မယ့် လူအများကို လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ဩဇာတိက္က မရှိတဲ့သူတွေ ဖြစ်လာမယ်ဆိုတာကို ပြောလိုရင်းဖြစ်တယ်။ နောက်မျိုးဆက်က ဝမ်းမြောက်ဝမ်းသာ လက်ဆင့်ကမ်း ခံယူလိုတဲ့၊ ပြိုင်ဘက်တွေက ခံ့ညားကြမယ့် ရှိန်လောက်တဲ့သူတွေ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာပါစေကြောင်းလည်း တစ်ပါတည်း ဆန္ဒပြုလိုက်ပါတယ်။
အယ်ဒီတာ (၂၄-၆-၂၀၁၇)


  • VIA