News

POST TYPE

EDITORIAL

အဓိပ္ပာယ်ပြည့်ဝသော မေဒေးနေ့ ဖြစ်စေချင် (Daily, Vol-5/No-17)
01-May-2017

 မေဒေးနေ့ သို့မဟုတ် အလုပ်သမားနေ့ဟုဆိုပါက လမ်းစဉ်ပါတီခေတ်မှသည် ယနေ့အချိန်အထိ ခေတ်အဆက်ဆက် အလုပ်သမားနှင့် လယ်သမားများကို အထိမ်းအမှတ်နေ့ ရောက်ချိန်တွင်မှ အခမ်းအနား ကျင်းပပေးခြင်းဖြင့် အသိအမှတ်ပြုပေးသည့် သဘောမျိုးထက် သိသာစွာ ပြောင်းလဲခြင်း မရှိသေးပေ။

ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီ လုပ်ငန်းများတွင် ကျွမ်းကျင်၊ တတ်မြောက်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်အလိုက်၊ အတတ်ပညာ၊ အသိပညာအလိုက် အလုပ်လုပ်ကိုင်နေကြသူ အများစုကို လေ့လာကြည့်ပါက ကျွမ်းကျင်အဆင့် ဝန်ထမ်းများပင်လျှင် နိုင်ငံတကာနှင့်ယှဉ်ပါက အလုပ်သင် အဆင့်သာသာတွင်သာ ရှိနေသေးသည်။

သိန်းနှင့်ချီသော ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်နေကြသူ အများစုသည်လည်း ကျွမ်းကျင်အဆင့်တွင် လုပ်ကိုင်နေသူမှာ မပြောပလောက်သည့် ရာခိုင်နှုန်းမျှသာရှိပြီး 3D ခေါ် Distance ဝေးလံခေါင်ဖျား၊ Danger အန္တရာယ် မကင်း၊ Dirty ညစ်ပတ်သော အောက်ခြေ အလုပ်များတွင်သာ အများစု လုပ်ကိုင်နေကြရသည်။

ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်သော မြန်မာနိုင်ငံသား အများစုမှာ သက်ဆိုင်ရာ နိုင်ငံအစိုးရတို့၏ မူဝါဒ၊ ဥပဒေ၊ စည်းကမ်းများအရ လုပ်ငန်း၊ တာဝန် အဆင့်ဆင့်အလိုက် သတ်မှတ်ထားသော လုပ်ငန်းခွင် အခြေခံသင်တန်းများ ကြိုတင် တက်ရောက်၊ တတ်မြောက်ပြီးမှသာ အလုပ်ခွင်သို့ ဝင်ရောက်နိုင်ကြသည်။ သင်တန်း တက်မထားပါက သို့မဟုတ် အသိအမှတ်ပြု လက်မှတ် မရှိပါက သက်ဆိုင်ရာ နိုင်ငံတွင် နေထိုင် အလုပ်လုပ်ခွင့် မရှိပေ။

ထို့ကြောင့် ပြည်ပနိုင်ငံ ဥပမာ စင်ကာပူ၊ ဂျပန်၊ ဩစတြေးလျကဲ့သို့ အထူး ကျွမ်းကျင်မှု ရှိသူများကိုသာ နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့်ပြုသည့် နိုင်ငံများနှင့် ထိုင်း၊ မလေးရှား ကဲ့သို့ အလုပ်ကြမ်းနှင့် အလုပ်ကြမ်းသာသာ စက်ရုံ၊ လုပ်ငန်းများတွင် နေထိုင် လုပ်ကိုင်နေကြသူများတွင် ထိုက်သင့်သည့် ကျွမ်းကျင်မှုနှင့် အရည်အချင်းများ မဖြစ်မနေ တတ်မြောက်ထားကြသည်။

ပြည်တွင်းရှိ နယ်ပယ် အသီးသီးမှ အမျိုးမျိုးသော လုပ်ငန်းများတွင်မူ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ များစွာ နိမ့်ပါးအားနည်းပြီး အစိုးရက သတ်မှတ်ပေးထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ အားနည်း၊ လျော့ရဲခြင်းကြောင့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြဿနာများဖြင့် အမြဲလိုလို နပန်းလုံး နေရပေသည်။

အလုပ်ရှင်နှင့် အလုပ်သမားများအကြား ထင်သာမြင်သာ အရှိဆုံး ပြဿနာမှာ လုပ်ခလစာ တိုးမြှင့်တောင်းဆိုခြင်း ပြဿနာ ဖြစ်သည်။ အလုပ်ရှင်များဘက်တွင် တစ်ချိန်က အာဏာရှင်များနှင့် အလွန်းသင့်လျှင် သင့်သလို အစိုးရ၏ မျက်နှာသာပေးခြင်းကို ခံခဲ့ရပြီး အလုပ်သမားများအပေါ် ဖိနှိပ် ခေါင်းပုံဖြတ်ခွင့် ရရှိထားသကဲ့သို့ ဖြစ်နေခြင်းကြောင့် ယနေ့ ပွင့်လင်းလာသော ကာလသို့ရောက်ချိန်အထိ ထိုအကျင့် မဖျောက်နိုင်သေးသူများ ရှိနေသည်။

အလုပ်သမားများဘက်တွင်မူ တိုးမြှင့်တောင်းဆိုသော လုပ်အားခနှင့် လျော်ညီသည့် လုပ်ငန်း ကျွမ်းကျင်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်မှု၊ စည်းကမ်းလိုက်နာမှုတို့ အားနည်းခြင်းကြောင့် အလုပ်ရှင်များဘက်က တောင်းဆိုချက်ကို လိုက်လျောပေးရန် မလွယ်ကူခြင်းဖြစ်သည်။

ပြည်တွင်း လုပ်သားများ ကျွမ်းကျင်မှု အားနည်းနေကြောင်း မြင်သာ ထင်သာ အရှိဆုံး ဥပမာမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျွမ်းကျင်လုပ်သားများ ထောင်သောင်းချီ ခေါ်ယူ အသုံးပြုနေရခြင်း ဖြစ်သည်။

အဆိုပါ ပြဿနာကို ဖြေရှင်းပေးနိုင်ရန် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်စလုံးကို စနစ်တကျ သုတေသနပြု စစ်တမ်းကောက် လေ့လာကာ ထောင့်စေ့စေ့ ရေးဆွဲထားသည့် ဥပဒေဖြင့် ထိန်းကျောင်းခြင်း၊ နိုင်ငံတကာ သို့မဟုတ် အာဆီယံ စံချိန်စံညွှန်းဖြင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးခြင်း၊ ကျွမ်းကျင်မှု အဆင့်အလိုက် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊ တစ်နှစ်တစ်ခါ အရည်အချင်း သတ်မှတ်ချက် စစ်ဆေးခြင်း၊ အသစ်ပြောင်းနေသော နည်းပညာများကို မူတည်ကာ ပုံမှန် မွမ်းမံသင်တန်းများ ပေးခြင်း စသည့်နည်းလမ်းများ အသုံးပြုနိုင်ပေသည်။

ထိုသို့ နည်းလမ်းများဖြင့် အဆင့်အလိုက်၊ ကာလ သတ်မှတ်ချက်အလိုက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းတိုင်ပင်ကာ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲခြင်းအားဖြင့် မေဒေးနေ့ကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား လုပ်သားများအတွက် အဓိပ္ပာယ် ပြည့်ဝသည့် နေ့တစ်နေ့အဖြစ် ကျင်းပနိုင်မည်ဖြစ်ကြောင်း အကြံပြု ထောက်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁-၅-၂၀၁၇)

  • VIA