News

POST TYPE

EDITORIAL

ရှက်တတ်ပါစေ(Daily, Vol-5/No-15)
30-Apr-2017

ပဋိပက္ခဖြစ်တယ်ဆိုတာ အနည်းဆုံး ဘက်နှစ်ဖက်အကြား မပြေမလည် ဖြစ်ရာက အရှိန်မြင့်လာတဲ့ အကျိုးဆက်ပေါ့။ နှစ်ဖက်စလုံးက တစ်ဖက်ကို အမှားလို့ ပြောပြီး ကိုယ့်ဘက်ကိုတော့ မှန်တယ်လို့ ထင်ကြတာချည်းပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်ပြီဆိုရင် နှစ်ဖက်စလုံး နစ်နာကြတယ်။ တစ်ဖက်တည်းက နာ၊ တစ်ဖက်တည်းက သာ ဆိုတာမျိုး မရှိဘူး။ အနိမ့်ဆုံး လူနှစ်ယောက် ရန်ဖြစ်တယ် ဆိုရင်တောင် သူတစ်ပြန် ကိုယ်တစ်ပြန် တုံ့ပြန်ကြတဲ့အတွက် နှစ်ဖက်စလုံး နာကြတာပဲ။

လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ သာမန် ပဋိပက္ခအဆင့်ကနေ လူမျိုးစု တစ်စုနဲ့တစ်စုအကြား၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား သူသေ၊ ကိုယ်သေ ဖြစ်ကြတဲ့ တိုက်ပွဲ၊ စစ်ပွဲတွေမှာလည်း ဒီအတိုင်းပဲ။ ကမ္ဘာစစ်ကြီး နှစ်ခုကနေ အရှေ့အလယ်ပိုင်း၊ အာရပ်ကမ္ဘာ၊ မြန်မာပြည်က ပြည်တွင်းစစ်အထိ ဖြစ်နေတဲ့ ပဋိပက္ခ အားလုံးမှာ ပါတဲ့သူ အားလုံး တစ်နေရာရာမှာတော့ ရှုံးကြ၊ နာကြတာပဲ။

ဘာသာရေးပဲဖြစ်ဖြစ်၊ လူမျိုးရေးပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်ပြီဆိုရင်လည်း ဒီလိုပဲ။ တစ်ဖက်တည်းက မှန်၊ တစ်ဖက်တည်းက မှား၊ တစ်ဖက်က နာ၊ တစ်ဖက်က သာဆိုတာမျိုး မရှိဘူး။ ဘယ်ဘက်မှာမဆို မြင်ရတဲ့ ထိခိုက်မှုအပြင် မမြင်ရတဲ့ နစ်နာမှုတွေလည်း ရှိတယ်။

ပဋိပက္ခ မဖြစ်အောင် ထိန်းတဲ့နေရာမှာ စည်းကမ်း၊ ဥပဒေတွေအပြင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် ရှိနေတဲ့ အဆုံးအမတရားတွေ၊ ကိုယ်ကျင့်သီလနဲ့ လူမှုရေး စံနှုန်းတွေကလည်း အရေးကြီးတဲ့နေရာမှာ ပါတယ်။

မနေ့ညနေပိုင်းက သာကေတမှာ ဖြစ်သွားတဲ့ ပဋိပက္ခဆိုရင် ဘာသာရေးနဲ့ ပတ်သက်နေတယ်။ မြန်မာပြည်ရဲ့ မဝေးလှတဲ့ အတိတ် ငါးနှစ်လောက်ကို ပြန်ကြည့်ရင်တောင် ဒီဘာသာရေးနဲ့ ဆက်စပ်တဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့အလယ်မှာ ဘယ်လောက် မျက်နှာပျက်၊ သိက္ခာကျ၊ အထင်အမြင်သေးခံခဲ့ရတယ်ဆိုတာ အားလုံးအသိပဲ။

ဆင်တူနေတဲ့ ပဋိပက္ခဖြစ်စဉ် အားလုံးကို ပြန်ကြည့်လိုက်ရင် ရှေ့ဆုံးက ပါဝင်ပတ်သက်နေတဲ့သူတွေက ဘယ်အစုအဖွဲ့ကလဲဆိုတာ ပြည်သူအားလုံးက သိနေပေမယ့် ပြဿနာဖြစ်တိုင်း လုံခြုံရေး တာဝန်ရှိသူတွေထက် အဲဒီအုပ်စုကပဲ ရှေ့ဆုံးက ရောက်နေတတ်တယ်။ 

တကယ်တော့ ပဋိပက္ခအားလုံးကို ချုပ်ကြည့်လိုက်ရင် ဥပဒေစိုးမိုးမှု မရှိတာ ပေါ်လွင် ထင်ရှားလွန်းတယ်။ ဥပဒေက ဘယ်သူတွေအပေါ်မှာ စိုးမိုးပြီး ဘယ်သူတွေအပေါ်မှာ မစိုးမိုးနိုင်တာလဲ ထင်ရှားလွန်းတယ်။ 

ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ မီတဲ့နေရာကနေပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ကိုင်တွယ်၊ ထိန်းသိမ်း၊ အရေးယူ ဆောင်ရွက်ဖို့ အုပ်ချုပ်ရေး၊ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေမှာ တာဝန်ရှိတယ်။

ဥပဒေနဲ့ အညီ အဆင့်လိုက် ဆောင်ရွက်ရမယ့်ကိစ္စမှာ ဒေါသထွက်နေတဲ့ လူတစ်စု၊ လူတစ်အုပ်ရဲ့သဘော လိုက်လျော၊ ဆောင်ရွက်ရပြီဆိုရင် သေချာတယ် ဒါ မင်းမဲ့စရိုက်၊ ဥပဒေမဲ့ ပရမ်းပတာ လုပ်ရပ်ပဲ။

ဒီလိုဖြစ်လာစေတဲ့ အဖြစ်အပျက်မှာ ဘယ်ဘက်က မှားတယ်၊ မှန်တယ် ဆိုတာထက် ဖြစ်တဲ့ ပဋိပက္ခကို တိုက်ရိုက် သို့မဟုတ် ဆက်စပ် တာဝန်ရှိတဲ့သူတွေကပဲ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ အခွင့်အာဏာရှိပြီး သူတို့ကလွဲရင် ဘယ်ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်ကမှ ဝင်စွက်ခွင့်မရှိဘူး။ 

ဒီလိုကိစ္စတွေ ဖြစ်လာရင် လက်နက်မပါတဲ့ ကျောင်းသားလေးတွေကို တားဆီး ဟန့်တားတဲ့နေရာမှာ သုံးခဲ့တဲ့ ရဲအင်အားမျိုးက စနစ်တကျ ဥပဒေနဲ့အညီ ဝင်ပြီး ကိုင်တွယ် ထိန်းသိမ်းဖို့လိုမယ်။

အဲလို မလုပ်နိုင်ဘဲ ရဟန်းဝတ်တချို့၊ ဒေါသဖြစ်နေတဲ့ လူတချို့ရဲ့ အလိုအတိုင်း လုပ်ခွင့်ပြုလိုက်ရင် နဂိုကတည်းက ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်ရင် တစ်ဆိတ်ကို တစ်အိတ်လုပ် ပုံကြီးချဲ့ပြီး စွပ်စွဲ၊ တံဆိပ်ကပ်ခံ ထားရတဲ့ကြားက နာမည်ပျက်စရာ၊ ရှက်စရာ ပိုဖြစ်သွားမယ်။ လုံခြုံရေး တာဝန်ရှိသူတွေ အပေါ်နဲ့ ဒီလိုဖြစ်တိုင်း ရှေ့ဆုံးက ရောက်ရောက်နေတတ်တဲ့ ရဟန်းဝတ် တချို့၊ ဒေါသထွက်နေတဲ့ လူတစ်အုပ် အပေါ်ကို မေးခွန်းထုတ်စရာ ဖြစ်သွားမယ်။

နှစ်ပေါင်းများစွာ ကိုယ့်မင်းကိုယ်ချင်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဘာသာစကားနဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြေခံတဲ့ သံသရာက လွတ်မြောက်ရာလမ်းကို ထင်းထင်းလင်းလင်း သိမြင်အာင် လုပ်ပေးတဲ့ အဆုံးအမ တရားနဲ့၊ ကိုယ်ပိုင် အင်ပါယာနိုင်ငံနဲ့ အဆင့်အတန်းမြင့်မြင့် နေလာခဲ့တဲ့ နိုင်ငံတစ်ခုမှာ ဘာသာရေးနွှယ် ပဋိပက္ခဖြစ်တာကိုက ရှက်စရာဖြစ်တဲ့အတွက် ရှက်တတ်ကြဖို့ သတိပေးပါရစေ။

အယ်ဒီတာ (၂၉-၄-၂၀၁၇)

  • VIA