News

POST TYPE

EDITORIAL

တနင်္သာရီ အမတ် ပြဿနာအတွက် ကိုးချက် (Daily, Vol-5/No-10)
23-Apr-2017

NLD ပါတီ၏ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဒေသခံရွာသားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်သည့် ရုပ်သံဖိုင်နှင့် ယင်းအပေါ် ဝေဖန်မှတ်ချက်များကို ကြည့်လျှင် ဆင်ခြင် သတိပြုမိစရာ၊ သင်ခန်းစာ ယူစရာများစွာ ရရှိနိုင်ပေသည်။

ပထမဦးစွာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ ဝန်ကြီးတစ်ဦးဖြစ်စေ၊ အစိုးရ၊ တပ်မတော် အရာထမ်း၊ အရာရှိ၊ ဝန်ထမ်း၊ အကြပ်၊ တပ်သားဖြစ်စေ မလျော်မကန် ပြုမူသော ကိစ္စရပ်တစ်ခုခု ရှိလာပါက နောက်ဆုံးပေါ် အိုင်တီ နည်းပညာများနှင့် အင်တာနက် မီဒီယာကြောင့် ဆိတ်ကွယ်ရာမရှိ စက္ကန့်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်း ပျံ့ နှံ့သွားနိုင်ခြင်းကို သတိပြုရမည် ဖြစ်သည်။

ဒုတိယတစ်ချက်မှာ ထိုသို့ မလျော်မကန် ကျူးလွန်မိပါက ကျူးလွန်သူ သာမက ကျူးလွန်သူ ကိုယ်စားပြုသော အဖွဲ့အစည်း၊ နယ်ပယ်တစ်ရပ်လုံး အထိပါ ဂုဏ်သိက္ခာ ကျဆင်း၊ အဆင့်အတန်း နိမ့်ပါးသွားနိုင်သော အချက်ဖြစ်သည်။

တတိယတစ်ချက်မှာ ယင်းအခြေအနေကို သက်ဆိုင်ရာ ကာယကံရှင် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ နယ်ပယ် တစ်ရပ်လုံးက မှန်ကန်သော နည်းလမ်းဖြင့် အချိန်မဆိုင်း တုံ့ပြန်ဖြေရှင်းချက် ပေးရမည်ဖြစ်သည်။

စတုတ္ထအချက် အနေနှင့်မူ ဖြစ်ရပ်အပေါ် မူတည်ကာ ကာယကံရှင် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ပါတီ၊ လွှတ်တော်တို့အနေနှင့် အလားတူ ပြဿနာများ နောင်တွင် မပေါ်ပေါက်စေရန် မည်သို့တင်ကြိုကာကွယ်ထားမည်နည်း ဆိုခြင်းကို သုံးသပ် အဖြေရှာထားရမည်ဖြစ်သည်။

ပဉ္စမအချက်မှာ ယခင့်ယခင် အစိုးရအဆက်ဆက်တွင်လည်း အလားတူ ပြဿနာမျိုးနှင့် အလားသဏ္ဌာန်တူသည့် ဖြစ်ရပ်မျိုးများ ရှိခဲ့ဖူးသော်လည်း တုံ့ပြန်ဖြေရှင်းသည့်နည်းလမ်း လွဲချော်ခဲ့ခြင်းကြောင့် အမှားဝန်ခံခြင်းမျိုးထက် ကျူးလွန်သူ မမှားကြောင်း နည်းမျိုးစုံဖြင့် သက်သေပြ အကာအကွယ် ပေးသည့်သဘောမျိုး ဖြစ်မသွားစေရန် အထူးသတိကြီးကြီးထားရမည် ဖြစ်သည်။

ဆဋ္ဌမအချက် အနေနှင့် ပြဿနာဖြစ်သည့် အကြောင်းအရင်းကို အနုလုံ ပဋိလုံ ဆန်းစစ်ကြည့်ပါက ကိုယ်ထိလက်ရောက် ဒေသခံ ရွာသားဘက်တွင်လည်း အမှားများ ရှိနေလင့်ကစား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေသူက ကိုယ်ထိလက်ရောက် တုံ့ပြန်လိုက်ခြင်းကြောင့် သေးငယ်သော အမှားအပေါ်ကို ဧရာမ အမှားကြီးဖြင့် ဆင့်လိုက်သည့်သဘော သက်ရောက်သွားခဲ့သည်။

သတ္တမအချက်အနေနှင့် ပြည်သူလူထုသည် တပ်မတော်သားတစ်ပိုင်း အရပ်သားတစ်ပိုင်း ပါတီနှင့် ယင်းပါတီကြီးစိုးခဲ့သော လွှတ်တော်နှင့် အစိုးရ အဖွဲ့ထက်စာလျှင် ပြည်သူက ဆန္ဒအမှန်ဖြင့် ရွေးချယ်တင်မြှောက်ထားသော အရပ်သားစစ်စစ် အများဆုံး ပါဝင်သည့် လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ပို၍ ယဉ်ကျေး၊ ရိုးသား၊ အရည်အချင်းရှိရန် မျှော်လင့်ထားကြခြင်းကို သတိချပ်သင့်ပေသည်။

သို့သော် တစ်နှစ်ဆိုသော များစွာ တိုတောင်းသည့် ကာလအတွင်းမှာပင် အငြင်းပွားဖွယ် ကိုယ်ရေးရာဇဝင်၊ သံသယဖြစ်ဖွယ် ပညာအရည်အချင်း အထောက်အထား၊ သီလချိုးဖောက်မှု၊ အပျော်အပါး လိုက်စားမှု၊ ကိုယ်ထိ လက်ရောက်မှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းဖြစ်စဉ်များအပေါ် မဲဆန္ဒရှင် ပြည်သူလူထု ကျေနပ်လောက်သည့် တုံ့ပြန်ဖြေရှင်းမှု သို့မဟုတ် ဖြစ်စဉ်အပေါ် မူတည်ကာ လိုအပ်ပါက သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူလူထုကို လူသိရှင်ကြား မေတ္တာရပ်ခံ တောင်းပန်မှု သိသာထင်ရှားစွာ မတွေ့ခဲ့ခြင်းမှာ အဋ္ဌမအချက်ဖြစ်သည်။

နဝမအချက်အနေနှင့်မူ စည်းကမ်းဖောက်၊ အပြစ်ကျူးလွန်သူကို ပါတီစည်းကမ်းအရ အရေးယူ၊ အပြစ်ပေးခြင်းမှာ မည်သည့် အဖွဲ့အစည်းမဆို မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တစ်ရပ်ရပ်တွင် တာဝန်ယူထားသည့် အဆင့်မျိုး၊ ပြည်သူက မျှော်လင့်ချက် အပြည့်ဖြင့် တစ်ခဲတနက် ဆန္ဒမဲပေး ရွေးချယ်ထားသော ပါတီ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ဆိုပါက လက်ရှိ ပြဿနာကို မူတည်ကာ ပြည်သူလူထုအား အလေးထား၊ လေးစားကြောင်း လက်တွေ့ လုပ်ရပ်တစ်ခုခုဖြင့် ပြသရန် အထူးလိုအပ်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၃-၄-၂၀၁၇)



  • VIA