News

POST TYPE

EDITORIAL

ဒီမိုကရေစီအစိုးရနှင့် မွဲပြာပုဆိုး ဇာတ်လမ်းများ (Daily, Vol-5/No-8)
21-Apr-2017
မြန်မာနှစ်သစ်ကူး ကာလသည် အစိုးရအဖွဲ့ လုပ်ငန်းတာဝန်များ စတင် ထမ်းဆောင်သောကာလ သို့မဟုတ် ကုန်ဆုံးသွားသည့်သက်တမ်း တစ်နှစ်အတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှကို ပြန်လည် ဆန်းစစ်သုံးသပ်ရမည့် ကာလဟု ဆိုနိုင်သည်။

လူပုဂ္ဂိုလ် တစ်ဦးချင်းမှသည် မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ရပ်၊ ကုမ္ပဏီလုပ်ငန်းတစ်ခု၊ အစိုးရတစ်ဖွဲ့အထိ တစ်နှစ်တာ ကာလအတွင်း အောင်မြင်မှု၊ မအောင်မြင်မှု၊ ကျရှုံးမှု၊ မူလ အခြေအနေအတိုင်း မပြောင်းမလဲ ရှိနေမှု စသည်တို့ကို အမှန်အတိုင်း၊ ပကတိ အခြေအနေအတိုင်း ရှုမြင် သုံးသပ်ကြည့်ရန် အထူး လိုအပ်လှသည်။

ထိုသို့ သုံးသပ်ကြည့်နိုင်မှသာ အောင်မြင်ခဲ့သော ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်ကာ မအောင်မြင်ခဲ့သော လုပ်ငန်းများ၊ ရှုံးနိမ့်ခဲ့သော အရေးအရာ များကို သင်ခန်းစာယူ ပြုပြင်နိုင်ပြီး မူလအတိုင်း ရှိနေသည်များကိုမူ လိုအပ်လျှင် လိုအပ်သလို ပြင်ဆင် ပြောင်းလဲခြင်း၊ ဆက်လက် ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ်နောက်ပိုင်း မိမိသဘောနှင့်မိမိ အစိုးရအဖြစ် နာမည်ခံ အုပ်ချုပ်ခဲ့သောကာလ၊ အရွေးကောက်ခံပုံစံ အရပ်သား တစ်ပိုင်း အစိုးရကာလများတွင် နိုင်ငံတော်၏ စေတနာ ခေါင်းစဉ်အောက်မှ တစ်နှစ်တာ ကာလအတွင်း တည်ဆောက်ပြုပြင် လုပ်ငန်းများကို အောင်မြင်မှု မှတ်တိုင်များအဖြစ် အစိုးရ အာဘော်မီဒီယာများတွင် ပြန်လည် ဖော်ပြခြင်းမျိုးသာ ရှိခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် ရလဒ်များဖြင့် အနိုင်ရခဲ့သည့် ကြံ့ခိုင်ရေးပါတီ အစိုးရသို့မဟုတ် အရပ်သားတစ်ပိုင်း အစိုးရ လက်ထက်တွင်လည်း ယခင်အာဏာရှင် အစိုးရများ၏ လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံပိုင် အစိုးရအာဘော် မီဒီယာများမှတစ်ဆင့် အောင်မြင်မှုများ၊ အောင်မြင်သည်ဟု ၎င်းတို့ ယူဆရသည်များကိုသာ အစိုးရ၏ တစ်နှစ်တာ စွမ်းဆောင်ချက်များအဖြစ် တခမ်းတနား ဖော်ပြခဲ့သည်။

သို့သော် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော အခွင့်အာဏာများအရ ဥပဒေပြု လွှတ်တော်၏ ဝေဖန်ထောက်ပြမှုများ၊ ဘတ်ဂျက် ကန့်သတ်မှုများနှင့် အတိုက်အခံပါတီနှင့် သတင်းမီဒီယာ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အကြံပြုဝေဖန်မှုများ၊ တွန်းအားပေးမှုများက အစိုးရအဖွဲ့ကို ဝေဖန်ဆန်းစစ်သည့်သဘော၊ ထိန်းညှိပေးသည့်သဘော ဆောင်သွားခဲ့သည်။

ယနေ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အရပ်သားစစ်စစ် အများဆုံး ပါဝင်သော အစိုးရအဖွဲ့ တစ်နှစ်သက်တမ်း ပြည့်မြောက်ချိန်တွင်လည်း အာဏာရှင်နိုင်ငံများ၊ ဗဟိုဦးစီးစနစ် ကျင့်သုံးသော နိုင်ငံများတွင်သာ ကျန်ရှိတော့သည့် အစိုးရအာဘော် သတင်းမီဒီယာများကို နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြုပြီး ဆက်လက် ရှင်သန်စေကာ ယခင့်ယခင် အစိုးရများ၏ နည်းနာအတိုင်း တစ်နှစ်အတွင်း အစိုးရစွမ်းဆောင်ချက်များကိုသာ ထုတ်လွှင့် ဖော်ပြနေဆဲ ဖြစ်နေခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။

အစိုးရအာဘော် မီဒီယာများ ယခင်ပုံစံနှင့် မယိုးမယိမ်း ဆက်လက် ထားရှိနေခြင်းသည် ယခင် အတိုက်အခံဘဝက ၎င်းတို့နှင့် အသံတူညီစွာဖြင့် အရပ်သားတစ်ပိုင်း အစိုးရအပေါ် အကြံပြု၊ ဝေဖန်ထောက်ပြခြင်းဖြင့် စတုတ္ထမဏ္ဍိုင် တာဝန်ထမ်းဆောင်နေသော ပုဂ္ဂလိက သတင်းမီဒီယာများအပေါ် အလေးထားမှု အားနည်းခြင်း၊ အထင်အမြင်သေးခြင်း၊ ပစ်ပယ်ခြင်းသဘော သက်ရောက်နေပေသည်။ 

ကုန်ဆုံးသွားသည့် တစ်နှစ်တာ ကာလအတွင်း ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ၊ မရှိ မိမိတို့ကိုယ်ကို ရိုးဖြောင့်စွာ ဝေဖန် ဆန်းစစ်နိုင်သည့် အဆင့်မျိုးအထိ မလုပ်နိုင်ခြင်းကို ကိုယ်တိုင် မဲပေး ရွေးချယ်ထားသော ပြည်သူများက အကြောင်းကြောင်းကြောင့် နားလည်ပေးရန် မျှော်လင့်နိုင်ပေသည်။

သို့သော် ကိုယ်ပိုင် ချွေးနှဲစာဖြင့် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနေသော ပုဂ္ဂလိက သတင်းမီဒီယာများကို အလေးမထားခြင်း၊ ပြည်သူ့ဘဏ္ဍာငွေ အသုံးပြု၍ “နိုင်ငံတော်၏ စေတနာ”ပုံစံ မွဲပြာပုဆိုး ဇာတ်လမ်းများ ဖော်ပြထုတ်လွှင့်နေခြင်းတို့မှာမူ နားလည်ရ ခက်လှပြီး ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပြည်သူလူထုကို ယခင် အစိုးရများကဲ့သို့ သဘောထားရာ ရောက်သွားနိုင်ကြောင်း သတိပေး ထောက်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၀-၄-၂၀၁၇)


  • VIA