News

POST TYPE

EDITORIAL

ပုဒ်မ ၆၆(ဃ)နှင့် ပြည်သူ့ဆန္ဒ လေးစားခြင်း၊ မလေးစားခြင်း(Daily, Vol-4/No-256)
09-Mar-2017

အာဏာရှင်စရိုက် မကင်းသော အစိုးရများအကြိုက် ထည့်သွင်း ပြဋ္ဌာန်းထားသည်ဟု ဆိုနိုင်သော ဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ ၆၆(ဃ)နှင့် ပတ်သက်၍ ကျိုးကြောင်းကျကျ၊ ယထာဘူတကျကျ ဝေဖန်ထောက်ပြ၊ အကြံပြုမှုများ ရှိနေသော်လည်း ယနေ့အချိန်အထိ အဆိုပါ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က အသံတိတ်နေခြင်းမှာ မေးခွန်းထုတ်စရာ ရှိပေသည်။

ပုဒ်မ ၆၆(ဃ)ကို ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာလက ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အပေါ် ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်သူ အချို့အား ယင်းပုဒ်မဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းကြောင့် ရည်ရွယ်ချက်ရှိရှိ ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပြီး ဖြစ်သည်။

သို့သော် အာဏာရှင်တစ်ပိုင်း အစိုးရဟု ဒီမိုကရေစီ တိုက်ပွဲဝင်သူများက ကင်ပွန်းတပ်ခဲ့ကြသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ယင်းပုဒ်မဖြင့် အမှုဖွင့်၊ တရားစွဲဆို၊ ဖမ်းဆီး၊ ထောင်ချသည့် အရေအတွက်ထက် ယနေ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်သော အစိုးရ တစ်နှစ်သက်တမ်း ကာလက ပိုများနေခြင်းမှာမူ များစွာ စိတ်မကောင်းဖွယ် ဖြစ်သည်။

အထူးသဖြင့် ယခင် အတိုက်အခံဘဝက တမင်အပြစ်ရှာပုဒ်မ သို့မဟုတ် အမြင်ကတ်ပုဒ်မဟုပင် ကျော်ကြားခဲ့သည့် ပုဒ်မမျိုးဖြင့် အရေးယူခံခဲ့ရသူများ ကိုယ်တိုင် အစိုးရ ဖြစ်လာချိန်တွင် ယင်းပုဒ်မဖြင့်ပင် အမှုဖွင့်၊ ဖမ်းဆီး၊ ထောင်ချနေခြင်း၊ ယခင်အစိုးရထက်ပင် လက်သံပြောင်နေခြင်းမှာ နားမလည်နိုင်စရာ ဖြစ်စေခဲ့သည်။

ထို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ပုဒ်မ ၆၆(ဃ)ကို ပြုပြင်ရန် သို့မဟုတ် ပယ်ဖျက်ရန် နယ်ပယ်စုံ၊ လောကစုံ၊ အလွှာစုံမှ တိုက်တွန်း၊ အကြံပြု၊ တောင်းဆို၊ တွန်းအားပေး၊ တင်ပြ၊ ပြောဆိုနေကြလင့်ကစား ယနေ့အချိန်အထိ အစိုးရနှင့် ဥပဒေပြု လွှတ်တော်နှစ်ရပ်စလုံးက တုဏှိဘာဝေ ပြုနေခြင်းမှာ စဉ်းစားရ ခက်လှသည်။

ပုဒ်မ ၆၆(ဃ)သည် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး နည်းပညာသုံး မီဒီယာ သို့မဟုတ် အွန်လိုင်း လူမှုရေးကွန်ရက်ကို အသုံးပြုကာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အမုန်းစကားများ တားဆီး ကာကွယ်ရာတွင် ထိရောက်သော ပုဒ်မတစ်ခုအဖြစ် လက်ခံနိုင်သော်ငြား ပြည်သူလူထု၏ အခြေခံ အခွင့်အရေးများကို ထိပါးနှောင့်ယှက် လာနိုင်သော အန္တရာယ် ရှိလာပေသည်။

ယင်းပုဒ်မပါ စကားလုံးများ၊ တားမြစ်ချက်များသည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အခွင့်အရေးကို အကာအကွယ် ပေးထားသယောင် ထင်မှတ်ရသော်လည်း တစ်ချိန်တည်းမှာပင် အစစ်အဆေး အမေးအမြန်းမရှိ ချက်ချင်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခြင်း၊ အာမခံ မပေးခြင်းတို့က လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဖော်ခွင့်ကို ဟန့်တား၊ ခြိမ်းခြောက်ရာ ရောက်နေပေသည်။

ထို့အပြင် နစ်နာသူ သို့မဟုတ် ယင်းပုဒ်မဖြင့် အမှုဖွင့်တိုင်ကြားသူနှင့် အတိုင်ကြားခံရသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအပေါ် မူတည်၍လည်း အမှုဖွင့်ရန် လက်ခံခြင်း၊ လက်မခံခြင်း၊ ဖမ်းခြင်း၊ မဖမ်းခြင်း၊ အာမခံပေးခြင်း၊ မပေးခြင်းတို့ လိုသလို ဆောင်ရွက်နိုင်သောကြောင့် ယင်းဥပဒေ ရေးဆွဲပြဋ္ဌာန်းသူ အာဏာပိုင် အစိုးရကို ဦးစားပေးထားသော ပုဒ်မ ဖြစ်နေခြင်းမှာ ဖျက်သိမ်း၊ ပြင်ဆင်ရန် နှောင့်နှေးနေခြင်းပေလောဟု မေးစရာ ရှိလာသည်။

အတိုက်အခံဘဝတွင် ကိုယ်တိုင် ခံထားခဲ့ရသော ဥပဒေ၊ ပုဒ်မမျိုးကို မိမိ ကိုယ်တိုင် အစိုးရဖြစ်လာချိန် အထူးသဖြင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ပြည်သူ့အစိုးရအဖြစ် မိမိကိုယ်ကို ခံယူထားသော အစိုးရ တစ်ရပ်အနေနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်နိုင်သေးလျှင်ပင် အနိမ့်ဆုံးအားဖြင့် ပြည်သူအများစုက မလိုလားသော ဤ ပုဒ်မဆိုးမျိုးကို အချိန်မဆိုင်းဘဲ အမြန်ဆုံး ပြင်ဆင် သို့မဟုတ် ဖြုတ်ပယ်ခြင်းအားဖြင့် ပြည်သူ့ဆန္ဒကို လေးစားကြောင်း ပြသပါမည့်အကြောင်း တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၉-၃-၂၀၁၇)

  • VIA