News

POST TYPE

EDITORIAL

‘လူ’ နှင့် ‘မူ’ ကိစ္စ (Daily, Vol-4/No-283)
06-Mar-2017
လုပ်ငန်းတစ်ခု၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ အသင်းအပင်းတစ်ရပ် ထူထောင်လုပ်ကိုင်သည် ဆိုပါက အရေးအကြီးဆုံး အချက်မှာ ပါဝင်နေသော လူပုဂ္ဂိုလ်အသီးသီး၏ အရည်အချင်းနှင့် ပညာရေးရေချိန် အနိမ့်အမြင့်တို့အပေါ် မူတည်၍ သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်၊ လက်စွဲတို့ ဖြစ်သည်။

ယင်းကို တစ်နည်းအားဖြင့် ‘မူ’ ဟု ဆိုနိုင်ပြီး မည်သည့်အဖွဲ့အစည်းမဆို အများသဘောဆန္ဒ သို့မဟုတ် လုပ်ငန်းရှင်၊ ဒါရိုက်တာဘုတ်အဖွဲ့၊ အမှုဆောင်ကော်မတီတို့၏ အကြံပြုချက်များဖြင့် ရေးဆွဲပြဋ္ဌာန်းထာသည့် စည်းမျဉ်း၊ စည်းကမ်းများ၊ အရည်အချင်း သတ်မှတ်ချက်များ၊ မူဝါဒများဟု ဆိုနိုင်သည်။

များသောအားဖြင့် ဒီမိုကရေစီစနစ်အောက်ရှိ ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်မှု အစိုးရအဖွဲ့နှင့် တရားရေးမဏ္ဍိုင်တို့ မဆိုထားနှင့် ပုဂ္ဂလိကကုမ္ပဏီများ၊ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများပင်လျှင် ‘မူ’ ခေါ် ဥပဒေများဖြင့် ထူထောင်၊ ဖွဲ့စည်း၊ စီမံခန့်ခွဲ၊ အလုပ်လုပ်တတ်ကြသည်။

သို့သော် အတ္တနှင့် ဖွဲ့စည်းထားသော လူအများဖြစ်သောကြောင့် တစ်ဦး၊ တစ်ယောက်၏ အတ္တကို ဗဟိုပြု စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်လုပ်ကိုင်သည့်စနစ် သို့မဟုတ် အာဏာရှင်စနစ် ဆိုပါက စည်းမျဉ်း၊ စည်းကမ်းများ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများမှာ လူကို မူတည်ပြီး ပြောင်းလဲသွားတတ်သည်။

တစ်ဆက်တည်းမှာပင် ဗဟိုချုပ်ကိုင်မှုကဲသော နိုင်ငံရေးစနစ်များကြောင့် ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှု၊ အပေးအယူ ဆက်ဆံရေး ထူထောင်မှု၊ ဆရာမွေး၊ တပည့်မွေး အလေ့အထ အမြစ်တွယ်လာမှုတို့ကြောင့်လည်း ‘လူခင်လျှင် မူပြင်’ သဘောမျိုး လုပ်ဆောင်ချက်များ အတွေ့ရများလာသည်။

ထိုသို့ လူအပေါ် မူတည်သော အုပ်ချုပ်စီမံခန့်ခွဲမှုသက်တမ်း သို့မဟုတ် ကာလကြာလာသည်နှင့်အမျှ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင် အနုတ်လက္ခဏာဆောင်သော အကျိုးဆက်များ တွေ့မြင်လာရတတ်သည်။ 

မြန်မာလူအဖွဲ့အစည်းတွင် လုပ်ဆောင်ချက်ထက် လူပုဂ္ဂိုလ်ကို ကြည့်၍သာ ထောက်ခံ၊ ကန့်ကွက်လာကြသည့်အပြင် လုပ်ဆောင်ချက် မှန်သည်ဖြစ်စေ၊ မှားသည် ဖြစ်စေ လူပုဂ္ဂိုလ်အပေါ်တွင်သာ မူတည်သော ချီးပ၊ မြှောက်ပင့်၊ အပြစ်တင်၊ နှိမ်ချလာခြင်းကလည်း ‘မူ’ ထက် ‘လူ’ ကို ဦးစားပေးခြင်း၏ ထင်ရှားသော သာဓက ဖြစ်သည်။

အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံရေးပါတီတစ်ခု၊ အစိုးရအဖွဲ့တစ်ရပ်သည် လူပုဂ္ဂိုလ်တစ်ဦးကို ဗဟိုပြု၍ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတည်းက စဉ်းစား၊ ဆုံးဖြတ်၊ ခန့်ထား၊ တာဝန်ပေး၊ ထုတ်ပယ်၊ အပြစ်ပေး၊ စီမံခန့်ခွဲနေပါက လူအများစုဆုံ ဆွေးနွေးညှိနှိုင်း သဘောတူ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း စီမံခန့်ခွဲသည့် စနစ်မျိုးထက် ပို၍ အမှားများနိုင်ခြင်းမှာ မငြင်းနိုင်သော အမှန်တရားဖြစ်သည်။ 

ဥပမာအားဖြင့် နိုင်ငံရေးပါတီတစ်ခုအတွက် ဒေသတစ်ခု ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာတွင် ဒေသခံပါတီဝင်များ၊ ဒေသခံပြည်သူများက လေးစားယုံကြည်သော လူပုဂ္ဂိုလ်တစ်ဦးထက် တစ်ဦးတစ်ယောက်၏ အမိန့်အာဏာဖြင့် ဒေသခံများနှင့် အထိအတွေ့နည်းပါးသူ သို့မဟုတ် ဒေသခံ မဟုတ်သူ အခြားတစ်ဦးကို ရွေးချယ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာသည် ‘လူ’ နှင့် ‘မူ’ မကွဲပြားခြင်း၏ အကျိုးဆက်ဖြစ်သည်။

ထို့အတူ နိုင်ငံရေးပါတီတစ်ခုတွင် အများမကြိုက်နိုင်သော ကိစ္စရပ်များကို လူပုဂ္ဂိုလ်တစ်ဦးက အမုန်းခံ ပြောကြားနေရခြင်း၊ ထိုသို့ အမုန်းခံ ပြောကြားနေသော လူပုဂ္ဂိုလ်က အရာရာ စီမံခန့်ခွဲ ဆုံးဖြတ်နေခြင်းနှင့် ထိုသို့ ဆောင်ရွက်နေခြင်းကို မှန်ကန်ကြောင်း နည်းမျိုးစုံဖြင့် သက်သေပြ၊ ကာကွယ်ပေးနေခြင်းတို့မှာ အများညီ ဆုံးဖြတ်ထားသော မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်းများ (ဝါ) ‘မူ’ မပြတ်သား၊ ဝေဝါးနေခြင်းတို့ကြောင့် ‘လူ’ ကို မူတည်ဆုံးဖြတ်နေရသည့်အသွင် ဆောင်နေပေသည်။

ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များစွာ ရှိနေသော်လည်း ဤနေရာတွင် နိုင်ငံတစ်ခုကို စီမံခန့်ခွဲရာတွင် သို့မဟုတ် နိုင်ငံဖွံ့ဖြိုးရေး ဆောက်ရွက်ရာတွင် အာဏာရှင်စနစ်က တွင်ကျယ်စွာ အသုံးပြုခဲ့သည့် လူက ဆုံးဖြတ်သည့် စနစ်အစား အများညီ ဆုံးဖြတ်သတ်မှတ်၊ ပြဋ္ဌာန်းထားသည့် ‘မူ’ ဖြင့် ဆုံးဖြတ်သည့်စနစ်သို့ ကူးပြောင်းခြင်းမှာလည်း ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရား ဖြစ်ကြောင်း အဓိက ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (၆-၃-၂၀၁၇)