News

POST TYPE

EDITORIAL

ရေပြဿနာ လက်တွေ့ကျကျ အဖြေရှာပါ(Daily, Vol-4/No-282)
06-Mar-2017

နွေရောက်ပြီဆိုသည်နှင့် တစ်နှစ်ထက်တစ်နှစ် ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာခြင်း၏ အကျိုးဆက်အဖြစ် အညာဒေသ ကျေးလက်များတွင် မဖြစ်မနေ ကြုံတွေ့ရမည့် အခက်အခဲမှာ သောက်ရေ၊ သုံးရေ ရှားပါးမှု ဖြစ်သည်။ 

သောက်ရေတစ်အိုး ရရှိရန် ခြောက်မိုင်၊ ခုနစ်မိုင်ခန့် ဝေးသော နေရာရှိ သဲချောင်းအတွင်း လက်ယက်တွင်းတူးကာ တစ်နေကုန် စောင့်ခပ်ရသည့် ဒေသများအကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှတစ်ဆင့် နှစ်စဉ်မြင်ကြား တွေ့သိနေရပေသည်။

ရေအရင်းအမြစ် ပေါများလှသော မြန်မာနိုင်ငံတွင် ယခင်က မိုးခေါင်ရေရှား၊ အညာဒေသ အချို့တွင်သာ ရေအခက်အခဲ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သော်လည်း ကုန်ခဲ့သည် အနှစ် နှစ်ဆယ်ခန့်မှစတင်ပြီး ရေအခက်အခဲဖြစ်သော ဒေသများ တဖြည်းဖြည်း ပိုများလာသည်။

မိုးရွာသွန်းမှု များပြားပြီး မြစ်ချောင်းအင်းအိုင် ပေါများကာ မည်သည့်အခါကမျှ ရေရှားပါးမှု မကြုံခဲ့ဖူးသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်ပင် ယခုနောက်ပိုင်း ရေပြဿနာ ကြုံလာရခြင်းမှာ များစွာ သတိပြုမိစရာ ဖြစ်လာသည်။

ရေရှားသော အညာဒေသများတွင် မြေပေါ်ရှိ သစ်ပင်၊ သစ်တောများ ပြုန်းတီးကုန်သောကြောင့် အပြန်အလှန် ဆက်စပ်နေသော အင်း၊ အိုင်၊ ချောင်း၊ မြောင်းများလည်း တိမ်ကောကာ မြေအောက်ရေပင် ဆုတ်ယုတ်သွားခြင်းကြောင့် တစ်နှစ်ထက် တစ်နှစ် ရေပြဿနာ ပိုကြီးလာပေသည်။

မြစ်ဝကျွန်းပေါ်ဒေသများတွင်မူ အညာဒေသကဲ့သို့ အခြေအနေ မရောက်သေးသော်ငြား ရေအခက်အခဲ စတွေ့လာရပြီ ဖြစ်သောကြောင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ပိုများလာနိုင်ခြင်းမှာလည်း နောက်ထပ် ပြဿနာတစ်ခုကို လက်ယပ် ခေါ်နေသကဲ့သို့ ရှိပေသည်။

မြေပေါ် သစ်ပင်၊ သစ်တော၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်းများနှင့် မြေအောက်ရေ ဆက်စပ်နေသောကြောင့် မြစ်ဝကျွန်းပေါ် ဒေသများတွင်ပင် သစ်တောပြုန်းတီးမှု များပြားလာသောကြောင့် မြေအောက်ရေ ထုတ်ယူသုံးစွဲရာတွင်လည်း အခက်အခဲများ ရှိလာနိုင်ပေသည်။

ပြုန်းတီးသွားသော သဘာဝ သစ်တောများ၊ ထိန်းသိမ်းတောများကို ပြန်လည်ပြုပြင် စိုက်ပျိုးရန် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရမည် ဖြစ်သောကြောင့် နွေရာသီတွင် ကြုံတွေ့ရမည့် ရေအခက်အခဲကို အခြားနည်းလမ်းတစ်ခုဖြင့် ဖြေရှင်းရန် ယခုကပင် စဉ်းစားပြင်ဆင်ထားရန် လိုပေသည်။

မိုးနည်းသော အညာဒေသတွင် မိုးရေကို စနစ်တကျ သိုလှောင်ကာ သောက်ရေအဖြစ် အသုံးပြုလာနိုင်ခြင်းကို နမူနာယူကာ အညာဒေသထက်စာလျှင် မိုးများနေဆဲ မြစ်ဝကျွန်းပေါ် ဒေသအနေနှင့် မိုးရေ သိုလှောင် အသုံးပြုခြင်းကို ယခုကပင် စတင်ရန် လိုအပ်နေပြီဖြစ်သည်။

ယခင်က ရေအရင်းအမြစ် ပေါများလွန်းလှသော မြစ်ဝကျွန်းပေါ် ဒေသတွင် မိုးရေကို စနစ်တကျ ခံယူ၊ သိုလှောင် အသုံးပြုခြင်းကို မည်သူမျှ စိတ်ဝင်စားမှု မရှိသော်လည်း ၂၀ဝ၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ကြီးမားသည့် ရေအခက်အခဲ ကြုံရသည့်အခါ မိုးရေသိုလှောင် အသုံးပြုခြင်းဖြင့် ရေ ပြဿနာ ဖြေရှင်းနိုင်ကြောင်း သိရှိလာခြင်းမှာ အဆိုးထဲမှ အကောင်းဖြစ်သည်။

ဒေသအစိုးရနှင့် ပြည်ထောင်စု အစိုးရတို့အနေနှင့်လည်း ရေအခက်အခဲ ကြုံလာရမည့် ပြည်သူများအတွက် ယခုကပင် ကြိုတင်၍ စီမံချက်များ ရေးဆွဲခြင်း ဘတ်ဂျက်လျာထား တောင်းခံခြင်း၊ မြေပေါ်၊ မြေအောက် ရေအရင်းအမြစ်များကို ရေရှည် တည်တံ့ရန် စနစ်တကျ ထိန်းသိမ်း၊ ပြုပြင်၊ သုံးစွဲနိုင်မည့် နည်းလမ်းများ ရှာဖွေထားခြင်း၊ လက်တွေ့ အကူအညီပေးနိုင်မည့် နည်းလမ်းများ၊ အထောက်အကူ ပစ္စည်းများ စုဆောင်း၊ ထူထောင်ထားခြင်းကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကို အကူအညီ အထောက်အပံ့ပေးရန် နိုင်ငံတကာမှ အလှူငွေများ တောင်းခံကာ ပရောဂျက်မျိုးစုံ ရေးဆွဲ ကူညီ၊ သုံးစွဲနေကြသော ပြည်တွင်း၊ ပြည်ပ NGO များအနေနှင့်လည်း ရေ အခက်အခဲ ကြုံတွေ့မည့် ပြည်သူများကို ကူညီနိုင်မည့် ပရောဂျက်များလည်း ထည့်သွင်းရေးဆွဲကာ လက်တွေ့ ပံ့ပိုးပေးခြင်းသည်လည်း အခြေခံ လူ့အခွင့်အရေးကို ကူညီဖြည့်ဆည်းပေးရာ ရောက်ကြောင်း အကြံပြု တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၅-၃-၂၀၁၇)

  • VIA